မေလ ၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၃)နယ်မြေ မုန်းမြို့နယ်ရှိ နောင်ကုန်း၊ ရင်းတိုက်ကုန်း၊ ရန်မျိုးအောင်၊ ရွာကြီးအင်းကျွန်းကုန်း၊ တောင်စု ကျေးရွာများမှ စစ်ကောင်စီခြေအထိုင်ချနေရာများကို ဧပြီလ ၂၈ ရက်နေ့တွင် သိမ်းပိုက်ရှင်းလင်းလိုက်ကြောင်း ကေအဲန်ယူဗဟိုက ယနေ့ ထုတ်ပြန်သည်။
စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ-၆၀ နှင့် ၇၃ တပ်ရင်းနှစ်ရင်းပူးပေါင်းကာ တပ်စွဲထားသည့် နေရာများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဒု-တပ်ရင်းမှူးတစ်ဦး၊ အရာခံဗိုလ်တစ်ဦး သေဆုံး၍ နောက်ထပ်သေဆုံးထိခိုက်သူများပြားခဲ့သည်ဟုလည်း ကေအဲန်ယူ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တိုက်ပွဲဖြစ်ပွားခဲ့သည့် ကျေးရွာများမှာ ကျောက်ကြီးမြို့နယ်မှ မုန်းမြို့နယ်မြေသို့ပေါက်ရောက်သည့် ကျောက်ကြီး-နတ်သံကွင်းကားလမ်းတစ်လျှောက် ကျေးရွာများဖြစ်သည်။ ထို့အပြင် စစ်ကောင်စီက တိုက်ပွဲနေရာသာမက အတန်ငယ်ဝေးသာ ကျေးရွာများကိုပါ လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်၍ ဒေသခံများစစ်ရှောင်နေကြရသည်ဟု ကေအိုင်စီ၏ တပ်မဟာ(၃)သတင်းအရင်းအမြစ်က ပြောသည်။
“အဲဒီကားလမ်းပေါ်က ရွာခံတွေကစစ်ရှောင်ကုန်ပြလေ။ ဖြစ်တဲ့ရက်မှာလည်း လေယာဥ်က ရွာကြီးအင်းကိုချတာ ဘယ်နှစ်ကြိမ်မှန်းတောင် မသိတော့ဘူး။ အဲဒါတင်မကဘူး သူနဲ့တစ်နာရီနီးပါးလောက်သွားရတဲ့ လော်မုသောရွာပါ ၃၀ ရက်နေ့က ဗုံးကြဲခံလိုက်ရသေးတယ်။ လေယာဥ်နှစ်စင်းနဲ့ ပေါင် ၅၀၀ ဗုံးတွေကြဲချတာ” ဟု ကျောက်ကြီးမြို့နယ်တွင် နေထိုင်သူ အမျိုးသမီးက ပြောသည်။
လေကြောင်းအပြင် လက်နက်ကြီးဖြင့် နီးစပ်ရာတပ်မှစစ်ကောင်စီက ပစ်ခတ်တိုက်ခိုက်နေသည့်အတွက် ယနေ့ထက်ထိ စစ်ရှောင်နေရသော်လည်း KNLA ပူးပေါင်းတပ်တိုက်ပွဲပြီးနောက် ကျောက်ကြီး-နတ်သံကွင်းကားလမ်းပေါ်ရှိ ရွာများသို့ စစ်တပ်ပြန်လည်ဝင်ရောက်တပ်စွဲနိုင်ခြင်း ရှိတော့မည်မဟုတ်ကြောင်း ကျောက်ကြီးမြို့နယ် ပြောခွင့်ရ ပဒိုစောဝါးမူ၏ပြောပြချက်အရ သိရသည်။
ပဒိုစောဝါးမူက “ကျောက်ကြီးနဲ့ နတ်သံကွင်း ရွာဘက်တခြမ်းမှာတော့ စစ်ကောင်စီ မရှိတော့ဘူး။ မြို့ပေါ်လောက်ပဲရှိမယ်။ လမ်းမကြီးနဲ့ရွာတွေဘက်ကိုလည်း ပြန်ဝင်လာဖို့ မရှိဘူး။ စဖြစ်ကတည်းက စစ်တပ်က ရွာတွေထဲကို လက်နက်ကြီးပစ်တာ လေယာဉ်နဲ့ ဗုံးကြဲတာတွေလုပ်တော့ ဒေသခံတွေ ခုချိန်ထိရှောင်နေရတယ်။ စားလို့မရတော့ သဲနဲ့ပက်တဲ့သဘောပေါ့။” ဟု ယနေ့ ကေအိုင်စီသို့ ပြောသည်။
ဧပြီလ ၂၈ ရက်နေ့က တိုက်ပွဲတွင် စစ်ကောင်စီထံမှ လက်နက်ခဲယမ်းအများအပြား KNLA ပူးပေါင်းတပ်ကသိမ်းဆည်းရမိခဲ့သည်။ ကေအဲန်ယူ၏ထုတ်ပြန်ချက်အတွင်း လေကြောင်းတိုက်ခိုက်မှုများကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုအား ဖော်ပြထားခြင်းမရှိသလို ကေအိုင်စီအနေဖြင့်လည်း ဆက်လက်စုံစမ်းလျက်ရှိသည်။
ထို့အတူ ညောင်လေးပင်ခရိုင်အတွင်း ရွှေကျင်မြို့နယ်ဘက်တွင်လည်း KNLA ပူးပေါင်းတပ်က စစ်ကောင်စီတပ်စွဲနေသည့်နေရာများ၊ နယ်မြေရဲစခန်းများ တိုက်ခိုက်သိမ်းပိုက်သည့် တိုက်ပွဲလုပ်ဆောင်လျက်ရှိသည်ဟု ပူးပေါင်းတပ်ထံမှ သိရသည်။
အဆိုပါ တိုက်ပွဲများတွင် စစ်တပ်က ရွှေကျင်နှင့်ဝေါမြို့နယ် အရပ်သားနေထိုင်ရာရွာများကိုပါ ပစ်ခတ်နေသည့်အတွက် စစ်ရှောင်နေရသူ အများအပြားရှိနေသည်။



















