Home သတင်း ကြားကာလဖွဲ့စည်းပုံတွင် အခြေခံအလုပ်သမားအကျိုးအတွက် ထည့်သွင်းစဥ်းစားရန်လိုကြောင်း အာဏာရှင်စနစ် အတိုက်အခံအင်အားစုပြော

ကြားကာလဖွဲ့စည်းပုံတွင် အခြေခံအလုပ်သမားအကျိုးအတွက် ထည့်သွင်းစဥ်းစားရန်လိုကြောင်း အာဏာရှင်စနစ် အတိုက်အခံအင်အားစုပြော

574
Photo crd: HETDC

မေ ၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ဖက်ဒရယ်ဒီမိုကရေစီရည်မှန်းချက်ရှိသည့် တော်လှန်ရေးနှင့် ဖက်ဒရယ်ယူနစ်အဖွဲ့များအနေဖြင့် ကြား ကာလဖွဲ့စည်းပုံရေးဆွဲရာတွင် အခြေခံလူထုဖြစ်သော အလုပ်သမားများ၏အကျိုးအမြတ်အတွက် ထည့်သွင်းရေး ဆွဲရန်လိုအပ်ကြောင်း Blood Money Campaign-BMC ပါဝင်သည့် အာဏာရှင်စနစ်အတိုက်အခံ အင်အားစုများက ယမန်နေ့(မေလ ၁) ကမ္ဘာ့အလုပ်သမားနေ့တွင် ထုတ်ပြန်ပြောဆိုသည်။

အလုပ်သမားများ၏ လုပ်ခလစာ၊ အခြေခံရပိုင်ခွင့်၊ အလုပ်ချိန်များအား ကြားကာလဖွဲ့စည်းပုံရေးဆွဲရာတွင် ထည့်သွင်းရေးဆွဲရန်လိုအပ်ပြီး အလုပ်သမားများ နိုင်ငံရေးကိုယ်စားပြုမှုရရှိရန်ကိုလည်း ပြည်နယ်အလိုက်ဖွဲ့ စည်းပုံများရေးဆွဲရာတွင် ထည့်သွင်းရမည်ဟု BMC ပြောခွင့်ရ မေက ကေအိုင်စီသို့ ပြောသည်။

“သင့်တင့်မျှတတဲ့အလုပ်ချိန်၊ လုပ်ခလစာနဲ့ အခြေခံရပိုင်ခွင့် အခြေခံပြည်သူ့ဝန်ဆောင်ရေး၊ လူမှုဖူလုံရေးစနစ် ဒါတွေကိုထည့်စဥ်းစားရမယ် ရေးဆွဲရမယ်။ ဖက်ဒရယ်ကိုရတဲ့အခါမှာပြည်နယ်အလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကိစ္စတွေလာမယ်။ ဒါတွေကို အလုပ်သမားတွေရဲ့အလုပ်အကိုင်အခွင့်အလမ်းနဲ့ အကျိုးခံစားခွင့်တွေအတွက် ဘယ်လိုခွဲဝေမလဲ ဆိုတာအရေးကြီးပါတယ်။ အလုပ်သမားတွေအနေနဲ့ နိုင်ငံရေး၊ လူမှုရေးမှာပါဝင်နိုင်ဖို့ နိုင်ငံရေးကိုယ်စားပြုမှုရရှိဖို့ကို ပြည်နယ်ဖွဲ့စည်းပုံတွေမှာလည်း ထည့်သွင်းရေးဆွဲရပါမယ်။” ဟု သူမက ပြောသည်။

ရှေ့လျှောက်လူ့အဖွဲ့အစည်းအတွင်း လူထု၏လူမှုဖူလုံရေး၊ စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ဖိနှိပ်မှု များရပ်တန့်ရေး၊ ပဋိပက္ခကင်းစင်ရေးနှင့် ဒီမိုကရေစီအားကောင်းရေး တို့တွင် အလုပ်သမားထု၏ အခန်းကဏ္ဍက အရေးတကြီးပါဝင်နေသည်ဟုလည်း စစ်အာဏာရှင်စနစ်အတိုက်အခံ အင်အားစုများ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တဖက်တွင်လည်း စစ်ကောင်စီက တော်လှန်ရေးလှုပ်ရှားမှု၏အခြေခံအင်အားထုဖြစ်သော အခြေခံလူတန်းစားထု၊ တောင်သူလယ်သမားထု၊ အလုပ်သမားထု၏ ရပ်တည်ချက်ပျက်စီးရေး၊ လူထုလှုပ်ရှားမှုမပေါ်ပေါက်ရေး ကြိုးပမ်း နေသဖြင့် တော်လှန်ရေးအင်အားစုများအနေဖြင့် ယင်းတို့ရပ်တည်ရေးခိုင်မာရန်၊ လူထုလှုပ်ရှားမှုကြီးများ ပေါ်ပေါက်ရန် အလေးအနက်ထားလုပ်ဆောင်သင့်သည်ဟု တိုက်တွန်းထားသည်။

အဆိုပါ ထုတ်ပြန်ချက်ကို သွေးစွန်းငွေလှုပ်ရှားမှု-BMC အပြင် စစ်အာဏာရှင် ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုကော်မတီ-AJMM၊ အထွေထွေသပိတ်ကော်မတီ-GSC၊ လူမျိုးပေါင်းစုံမျိုးဆက်များ သွေးစည်းညီညွတ်သောမဟာမိတ်အင်အားစု-GSCN၊ တိုးတက်သောမွတ်စလင်မ်လူငယ်အစည်းအရုံး-PMYA နှင့် ဒို့မြေကွန်ရက်-LOH တို့ ပူးပေါင်းထုတ်ပြန်ခြင်းဖြစ်သည်။