မတ် ၁၄ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်အနီး ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ပူလူတူစခန်းကို ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်မှ ယနေ့ မတ်လ ၁၄ ရက်နေ့တွင် အပြီးသတ် သိမ်းဆည်းရမိခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်၂ ဦးထက်မနည်း သေဆုံးပြီး ၁၁ ဦးမှာ လက်နက်နှင့်တကွ ထိုင်း ဘက်ခြမ်းသို့ ထွက်ပြေးလွတ်မြောက်သွားကြောင်း KNLA သတင်းအရင်းအမြစ်က အတည်ပြုပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလကတည်းကစ၍ တစ်လနီးပါးကြာ တိုက်ခိုက်သိမ်းပိုက်နိုင်ရန်ကြိုးပမ်းခဲ့ရသော KNLA တပ်ရင်း ၂၂ နယ်မြေရှိ စစ်ကောင်စီ၏ အဆိုပါတပ်စခန်းအား ယနေ့ နံနက် ၁၂ နာရီ ၁၇ မိနစ် အချိန်တွင် အပြီးသတ်သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
KNLA ပူးပေါင်းတပ်က စခန်းကိုအပြီးသတ်တက်တိုက်စဥ် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး ၄ ဦး အရှင်ဖမ်းဆီးရမိခဲ့သည်။ ကျန် ၁၁ ဦးမှာ လက်နက် နှစ်လက်သယ်ဆောင်၍ သောင်ရင်း မြစ်ကိုဖြတ်ကူးကာ ထိုင်းနိုင်ငံထဲသို့ ထွက်ပြေးလွတ်မြောက်သွားသည်ဟု တပ်ရင်း ၂၂ ၏ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောပလဲက အတည်ပြုပြောသည်။
“ညကတော့ အပြီးသတ် သိမ်းနိုင်ခဲ့ပြီ။ စစ်တပ်က ၂ ယောက်သေတယ်။ အဲဒီမှာ တာဝန်အရှိဆုံးက အဲဒီတပ်ခွဲမှူး ကျော်ဖြိုးထိုက်ပဲ။ ထိုင်းဘက်ခြမ်းကို ပြေးလို့ ကမ်းနံဘေးမှာ လိုက်ပစ်တာ ၄ ယောက် အရှင်ထပ်မိတယ်။ နောက် တပ်ခွဲမှူးအပါအဝင် ၁၁ ယောက်ကျတော့ လက်နက် ၂ လက်နဲ့ ထိုင်းဘက်ခြမ်းကို ထွက်ပြေးသွားတယ်။ ” ဟု တပ်ရင်း ၂၂ ၏ တပ်ရင်းမှူးက ကေအိုင်စီကို ယနေ့ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား စုစုပေါင်း ၂၃ ဦးရှိသော ပူလူတူစခန်းအား သိမ်းပိုက်နိုင်ရန် ကြိုးပမ်းခဲ့ရသည့်ကာလအတွင်း KNLA ဘက်က စနိုက်ပါသေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ၁၇ ဦးသာ အင်အားကျန်ရှိတော့ခြင်းလည်း ဖြစ်သည်။
တိုက်ပွဲဖြစ်ပွားနေသည့် ကာလအတွင်း စစ်ကောင်စီဘက်မှ လေကြောင်းပစ်ကူနှင့် လက်နက်ကြီးများ ကူညီပစ်ခတ်ပေးခဲ့သော်လည်း စခန်းသိမ်းချိန်၌ လေကြောင်းပစ်ကူမရှိသောကြောင့် မြန်ဆန်ဆန်အပြီး သတ်နိုင်ခဲ့၍ စခန်းရှိလက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု တပ်ရင်း ၂၂ တပ်ရင်းမှူးက ဖြည့်စွက်ပြောသည်။
အလားတူ ထိုင်းနိုင်ငံဘက်ခြမ်းမှတွေ့မြင်ရသည့် ပူလူတူစခန်းကုန်း မီးလောင်နေပုံများနှင့်တကွ စခန်းရှိ စစ်ကောင်စီတပ်သားများ သောင်ရင်းမြစ်ကိုဖြတ်ကူးထွက်ပြေးလာကြောင်းကိုလည်း ထိုင်းမီဒီယာအချို့က ဖော်ပြသည်။



















