Home သတင်း စစ်ကောင်စီ အောင်ဇေယျစစ်ဆင်ရေးတပ်များ နည်းလမ်းပေါင်းစုံဖြင့် အာရှလမ်းကို သိမ်းပိုက်နိုင်ရန် တိုက်ခိုက်နေ

စစ်ကောင်စီ အောင်ဇေယျစစ်ဆင်ရေးတပ်များ နည်းလမ်းပေါင်းစုံဖြင့် အာရှလမ်းကို သိမ်းပိုက်နိုင်ရန် တိုက်ခိုက်နေ

888

မတ်လ ၁၄ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီအာရှလမ်းသစ်လမ်းပိုင်းကို စစ်ကောင်စီအောင်ဇေယျ စစ်ဆင်ရေး တပ်များသည် စစ်ရေးနည်းလမ်းပေါင်းစုံဖြင့် အာရှလမ်းကို သိမ်းပိုက်နိုင်ရန် တိုက်ခိုက်နေသည့်အတွက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်ပူးပေါင်းတပ်များနှင့် ယခု မတ်လအတွင်းတိုက်ပွဲရက်ဆက်ပြီးပြင်းထန်နေကြောင်း သိရသည်။

ထိုသို့ ကော့ကရိတ်မြို့ပတ်ခြာလည်ကျေးရွာများဘက်နှင့် အာရှလမ်းပိုင်းဘက်စစ်ကောင်စီက စစ်ရေး နည်းလမ်း ပေါင်းစုံအသုံးပြုတိုက်ခိုက်နေမှုနှင့်ပတ်သက်ပြီး ကော့ကရိတ်စစ်ရေး နယ်မြေ တာဝန်ရှိသူတစ်ဦးက ယခုလို ပြောသည်။

“နေ့ရောညပါ စစ်တပ်က ရွာဘက်တွေပေါ့၊ ပျားပင်၊ ခနိမ်းမူ၊ တတန်ကူး၊ ဆင်ကုန်း ၊ ကော့နွဲ တကြော လုံးလက်ကြီးပစ်တယ်၊ ဒရုန်းကင်းထောက်တယ်၊ ဒရုန်းဗုံးကြဲတယ်။ စကစ စစ်ကြောင်းကလည်း ခနိမ်းမူတို့ ပျားပင်တို့ကို ဖြတ်ဝင်ဖို့လုပ်တော့ ဒီဘက် KNU/KNLA ပူးပေါင်းအဖွဲ့ တွေနဲ့ ထိပ်တိုက် ပစ်နေကြတယ်။ သူတို့စကစက အခုစစ်တိုက်တာက နည်းပေါင်းစုံနဲ့ ပစ်ထည့်ပြီးတော့ မြေပြင်ကလည်း တက်လာလုံး တိုက်တိုက်နေတာပါ့ဗျာ”ဟု ပြောသည်။

အဆိုပါ စစ်ကောင်စီဘက်က စစ်ရေးနည်းလမ်း ပေါင်းစုံသုံးပြီး စစ်ဆင်တိုက်ခိုက်နေမှုမှာ ဖေဖော်ဝါရီ လဆန်းရက်မှစတင်စစ်ရေးအရှိန်မြှင့် တိုက်ခိုက်လာနေခြင်းဖြစ်သည်။ ယခု မတ်လ ၁၄ ရက်၊ တစ်လကျော်ကြာချိန်အထိ မြေပြင်မှတက်လာသည့် စစ်ကောင်စီ စစ်ကြောင်းများနေ့စဉ် အကျအဆုံးဆက်ရှိနေပြီး နယ်မြေ စိုးမိုးနိုင်မှုမရှိသေးကြောင်း သိရသည်။

လက်ရှိ စစ်ကောင်စီတိုက်ခိုက်မှု အရှိန်မြှင့်နေသည့်အတွက် KNLA စစ်ရေးနယ်မြေ ကော့နွဲ၊ တတန်ကူး ကျေးရွာနေရာများမှခွာစစ်ဆင်တိုက်ခိုက်နေပြီး ပျားပင်၊ ဆင်ကုန်း၊ ရန်ကုတ်၊ ခနိမ်းမူ ကျေးရွာများ ဘက်မှ ကော့ကရိတ် စစ်ကောင်စီတပ်စွဲထားသည့်နေရာများကို လက်နက်ကြီး၊ ဒရုန်းများ ဖြင့် တန်ပြန်ပစ်ခတ်တိုက်ခိုက်နေကြောင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ပြောသည်။

“စစ်တပ် လှိုင်ဝအမြောက်တပ်တို့ ၉၇ တို့၊ နဘူးလမ်းခွဲ ၂၃၁ တပ်တို့က လက်နက်ကြီး၊ ဒရုန်း ပစ်တယ် တက်တယ်။ သူတစ်နေရာဖိရင် ၊ ကိုယ်လည်း တစ်နေရာက ပြန်ဖိတိုက်တဲ့ ပုံစံတိုက်နေတယ်။ နေ့တိုင်း တိုက်နေတာ ခဲယမ်းလိုအပ်ချက်တော့ရှိတယ်”ဟု ကော့ကရိတ် KNLA မဟာမိတ်ပူးပေါင်းစစ်ကြောင်း သတင်းအရင်းအမြစ်က ပြောသည်။

လက်ရှိ ကော့ကရိတ်မြို့ စစ်ရေးစစ်ကူနှင့် ကျုံဒိုး၊ ကိုးတိုင်၊ ကော့ကရိတ် လမ်းပိုင်းကို စစ်ကောင်စီက နေ့စဉ်အင်အားဖြည့် စစ်ကြောင်းပတ် လုံခြုံရေးကင်းလှည့်နေသော်လည်း ဒေသတွင်းတော်လှန်ရေး ပူး ပေါင်းအဖွဲ့များမှ ပြောက်ကျားတိုက်ခိုက်မှု၊ ဒရုန်းတိုက်ခိုက်မှုဆက်ရှိနေသည့်အတွက် ၎င်းလမ်းပိုင်းကို စစ်ကောင်စီက စိုးမိုးထိန်းချုပ် နိုင်မှုမရှိသေးကြာင်း သိရှိရသည်။