မိသားစုရွေးချယ်မှုနောက်ကွယ်က ဆယ်ကျော်သက် မိန်းကလေးတစ်ဦးရဲ့ ပညာရေးအိပ်မက်
(စက်တင်ဘာ ၇ ရက်၊ ၂၀၂၆ ခုနှစ်။)
နော်ချားချား
အချိန်က မနက်(၈) နာရီဝန်းကျင်၊ မိုးရာသီဖြစ်သည့်အလျောက် ကရင်ပြည်နယ်၊ ဒေါန တောင်တန်းဒေသမှာ လေထုစိုထိုင်းဆမြင့်တက်နေပြီး မြူခိုးမြူမှုန်တို့ ဝေနေ၏။ အဖြူရောင် မြူများကြောင့် တောင်ပေါ်နေရာတွင် အခြေတည်ထားသည့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၇)နယ်မြေထဲရှိ စာသင်ကျောင်း အဆောက်အအုံ မြင်ကွင်းမှာ ပီပီပြင်ပြင်မရှိ။
စိမ်းစိမ်းစိုစို သစ်ပင်ပျို၊ အို အစီအရီဖြင့် စာသင်ကျောင်းသို့သွားရာ လမ်းတစ်လျှောက်တွင်မူ ကျောင်း တက်ချိန်နီးကပ်လာသည်နှင့်အမျှ လွယ်အိတ်ကိုယ်စီလွယ်ထားသူ ကျောင်းသူ၊ ကျောင်းသားများ တစ်စတစ်စပေါ်ထွက်လာသည်။
ထိုလူအုပ်ထဲတွင် လက်တစ်ဖက်က စာအုပ်တစ်အုပ်ကိုပွေ့လျက် စာသင်ခန်းထဲနေရာဝင်ယူလိုက်သည့် အသက် ၁၄ နှစ်အရွယ်၊ သတ္တမတန်းကျောင်းသူ နော်ဆာရာလည်း အပါအဝင်။ မျက်လုံး တောက်တောက်၊ အပြုံးချိုချိုဖြင့် စကားနည်းပြီး ခပ်အေးအေးနေတတ်သူ နော်ဆာရာ၏ ကော်သူးလေ ပညာသင်ကျောင်းသူဘဝမှာ ယမန်နှစ်၊ ၂၀၂၅-၂၀၂၆ ခုနှစ် ပညာသင်နှစ်မှ စသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် မွေးဖွားကြီးပြင်းလာသူ နော်ဆာရာသည် တစ်ချိန်က စစ်အစိုးရ၊ ပညာရေး ဝန်ကြီးဌာနလက်အောက်က စာသင်ကျောင်း၌ ပညာသင်ယူလာသူ။ သူမ၏ ဖခင်အပါအဝင် မိသားစုက ရွေးချယ်သည့် ဆုံးဖြတ်ချက်တစ်ခုကြောင့် ပညာရေးလမ်းကြောင်း အပြောင်းအလဲဖြစ်ခဲ့သည်ဟု ပြောလျှင်လည်း မမှားပေ။
ယခင်က သူမအတွက် “ပညာရေး” ဆိုသည်မှာ ကျောင်းသွား၊ စာသင်၊ အတန်းတက်၊ အိမ်ပြန် ထိုမျှဖြင့် လည်ပတ်နေခြင်းသာရှိခဲ့သည်ဟု နော်ဆာရာက ဆိုသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းတွင်မူ သူမ၏ ပညာရေးမှာ မိသားစုတစ်စုလုံး၏ ဘဝရွေးချယ်မှုနှင့် ချိတ်ဆက်သွားခဲ့သည်။ ထိုအပြောင်းအလဲကို ဦးဆောင်ခဲ့သူမှာ နော်ဆာရာ၏ ဖခင် စောဂါလိလဲ ဖြစ်ပြီး အာဏာသိမ်းပြီးနောက် သူသည်အလယ်တန်းကျောင်းအုပ်ဆရာ ဘဝမှ CDM (အာဏာဖီဆန်ရေးလှုပ်ရှားမှု) လုပ်ခဲ့သည်။
နော်ဆာရာအပါအဝင် ကလေး(၃)ဦး၏ ဖခင်ဖြစ်သူအနေဖြင့် ထိုစဉ်က အလုပ်ထွက်ရန်မှာ သူ့အတွက် အခက်ခဲဆုံး ဆုံးဖြတ်ချက်မဟုတ်၊ “သူ့သားသမီးတွေ ဘယ်လိုပညာရေးမျိုးနဲ့ ကြီးပြင်းလာမလဲ” ဆိုသည့် မေးခွန်းကသာ အဓိက တွန်းအားဖြစ်ခဲ့သည်ဟု စောဂါလိလဲ က ဆိုသည်။
“အာဏာရှင်တွေ အုပ်ချုပ်တဲ့ ပညာရေးလက်အောက်မှာ ကျနော် မသင်ခိုင်းချင်ဘူး။ ဒီအနာဂတ် ကလေးတွေ စစ်ကျွန်ပညာရေး သင်ရမှာကို စိုးရိမ်လို့ပါ”
သို့သော်ငြားလည်း ထိုဆုံးဖြတ်ချက်၏ အကျိုးဆက်ကို စောဂါလိလဲ တစ်ဦးတည်း တာဝန်ခံရခြင်းမဟုတ်ပေ။ ပြည်တွင်း၌ ကျန်နေခဲ့သည့် သူ၏မိသားစု လုံခြုံရေးအတွက်လည်း မလွဲမသွေ အန္တရာယ်ကြီးမားလာသည်။
မိသားစု၏ ဖခင်ဖြစ်သူက လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ပြီး စစ်သင်တန်း တက်နေသည့်ကာလအတွင်း မိခင်ဖြစ်သူမှာ နော်ဆာရာတို့မောင်နှမတို့ကို စောင့်ရှောက်ရင်း တိတ် တဆိတ်နေထိုင်ခဲ့ရသည်။ ထိုသို့ဖြင့် စားဝတ်နေရေးပြဿနာတစ်ဖက်၊ နော်ဆာရာတို့ မောင်နှမ၏ ပညာရေးသည်လည်း ယာယီရပ်တန့်သွားခဲ့သည်ဟု မိခင် နော်ထူးထူးဖောက ဆိုသည်။
“ခင်ပွန်းက တော်လှန်ရေးထဲ ရောက်သွားတယ်ဆိုတော့ ကျမ စားသတိ၊ သွားသတိနဲ့ စိုးရိမ်မကင်းစိတ်နဲ့ အမြဲနေခဲ့ရတယ်။ အဆိုးဆုံးက ကလေးတွေရဲ့ ပညာရေးလည်း ရပ်တန့်သွားတယ်။ ပညာဆက် မသင်ရတော့တာရယ်၊ အစိုးရကျောင်းကိုလည်း ပေးမတက်ဖြစ်တော့ဘူး။ အကြောင်းအမျိုးမျိုးကြောင့် ဖခင်နဲ့ ခွဲခွာနေရတဲ့ ကလေးတွေရဲ့ အားကိုးတကြီး မျက်နှာလေးတွေကိုကြည့်ပြီး သူတို့စိတ်သက် သာရာရအောင် အတတ်နိုင်ဆုံးတော့ ထိန်းကျောင်းပေးရတာပေါ့နော်”
ထိုအချိန်က နော်ဆာရာ၏အသက် (၁၀)နှစ်ဝန်းကျင်သာ ရှိသေးသော်လည်း မိသားစုက ရင်ဆိုင် နေရသည့် အခက်အခဲများကို သိရှိနားလည်တတ်နေပြီ။ အခက်အခဲကြားတွင် ကျောင်းပြန် တက်ရမည့်ရက်၊ ဖခင်ပြန်လာမည့်ရက်၊ ယခင်လို ရွယ်တူသူငယ်ချင်းများနှင့် ပုံမှန်ဆော့ ကစားနိုင်မည့်ရက်ကို တောင့်တသလို တစ်နေရာကတစ်နေရာ မိသားစု ရွှေ့ပြောင်းနေထိုင်ရင်း အားတင်းနေခဲ့ရသည်ဟု သူမ၏မိခင်က ဆိုသည်။
စစ်အုပ်စုအာဏာသိမ်းပြီးနောက် မြန်မာ့အခြေခံပညာရေးအပ်နှံမှုမှာ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် (၆.၁)သန်း သာရှိရာမှ ၂၀၂၆-၂၀၂၇ ခုနှစ်တွင် (၆.၇)သန်းသို့ အနည်းငယ်ပြန်တက်လာသည်။ သို့သော် ကျောင်းနေ အရွယ်ကလေးငယ် (၁၃) သန်းဝန်းကျင်ရှိသည့်အနက် (၆.၃) သန်းကျော်က ကျောင်းပြင် ပတွင်ရှိနေဆဲဖြစ်ကြောင်း မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု-ISP Myanmar ၏ အချက်အလက်များအရ သိရသည်။
ထို့အပြင် ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်အရ စစ်ရေးပဋိပက္ခ၊ နေရပ်ရွှေ့ပြောင်းမှု၊ စီးပွားရေး ကျပ်တည်းမှုနှင့် အချို့ဒေသများတွင် ကျောင်းတက်ခွင့် မလုံလောက်မှုတို့ကြောင့် အထူးသဖြင့် အလယ်တန်းနှင့် အထက်တန်းအဆင့်၊ အသက် ၁၅-၁၇ နှစ်အရွယ်လူငယ်များအတွက် ပညာရေး အခွင့်အလမ်းသည် အကြီးမားဆုံးအတားအဆီးဖြစ်နေသည်။
တစ်ဖက်က ကေအဲန်ယူလက်အောက်ရှိ ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာန-KECD ၏ ကော်သူးလေစာသင်ကျောင်းတွင်မူ ကျောင်းပညာရေးမှ လွတ်ထွက်လာခြင်း၊ ဒေသအတွင်း လုံခြုံ ရေးမတည်ငြိမ်ခြင်းနှင့် ကျောင်းဆက်၍မရနိုင်တော့သည့် အခြေအနေများကြောင့် အာဏာသ ိမ်းပြီးနောက် ကျောင်းသားဦးရေ ပိုမိုတိုးလာကြောင်း KECD ထံမှ စုံစမ်းသိရသည်။
နော်ဆာရာသည်လည်း ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဒေါနတောင်စဉ်တန်းများ ဝန်းရံကာဆီး ထားသည့် ကေအဲန်ယူ၊ တပ်မဟာ(၇)၊ ဖားအံခရိုင်ထဲက ရွာလေးတစ်ရွာ၌ ဖခင်နှင့်ပြန် ဆုံဆည်းခွင့်ရပြီးနောက် ထိုနေရာတွင်ဖွင့်လှစ်ထားသည့် ကော်သူးလေ အထက်တန်းကျောင်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်ခဲ့သည်။
ရောက်ကာစက ကရင်စာ၊ စကား အဓိကအသုံးပြုသင်ကြားသည့် သင်ရိုးစနစ်ဖြစ်၍ သူမအတွက် ဘာသာစကားနှင့် လူမှုဆက်ဆံရေး အခက်အခဲရှိခဲ့သော်လည်း နှစ်နှစ်ကျော်ကြာပြီး ယခင်ကထက် အဆင်ပြေလာကြောင်း နော်ဆာရာက ပြောသည်။
“ဟိုတုန်းကဆို ကရင်စကားပဲပြောတာ စာမတတ်ဘူးလေ။ ကျောင်းပြောင်းလာတော့ အဲဒါတွေ အခက်အခဲရှိတာပေါ့။ အစကဆို ဆရာမ ပြောလည်းနားမလည် ရေးပြလည်းနားမလည်ဘူး။ အခုကတော့ တော်တော်အဆင်ပြေသွားပြီ”
အသက်(၁၀)နှစ်အရွယ်မှ လက်ရှိအသက်(၁၄)နှစ်အထိ မိဘများနှင့်ဆိုးတူကောင်းတူ ပြေးလွှားနေ လာခဲ့ရသည့် နော်ဆာရာသည် အနေအေးသော်လည်း နေတတ်သည့်ထဲတွင် မပါပေ။ မိသားစုတွင် အကြီးဆုံးသမီး ဖြစ်သည့်အတွက် မိသားစုတာဝန်တချို့ကိုလည်း သူမက မျှဝေထမ်းဆောင်ရသည်။
ကျောင်းတက်ရက်ဖြစ်စေ၊ ကျောင်းပိတ်ရက်ဖြစ်စေ မွေးပြီး လပိုင်းသာရှိသေးသည့် ညီမအ ငယ်ဆုံးလေးကို မိခင်နှင့်အတူ ကူထိန်းပေးသလို အိမ်ဝေယျာဝစ္စလည်း သူမက ကူညီလုပ်ကိုင်ပေးသေးသည်။
ထို့အပြင် ဖခင်၏စစ်သားရပိုင်ခွင့်တစ်ခုတည်းနှင့် ရပ်တည်နေရသည့် မိသားစု၏အခက်အခဲများကို နော်ဆာရာက နားလည်သည်။ ဆယ်ကျော်သက်မိန်းကလေးပင် ဖြစ်လင့်ကစား မိဘများထံမှ မုန့်ဖိုးမ တောင်းသလို တတ်နိုင်သလောက် မိသားစု၏ဝန်မဖြစ်အောင်လည်း ကြိုးစားနေထိုင်ကြောင်း သူမ၏မိခင်က ပြောသည်။
လက်ရှိစာသင်ကျောင်းတွင်မူ နော်ဆာရာ လက်ခံထားသည့် ပညာရေး၏အဓိပ္ပာယ်မှာ စာသင် ကျောင်းတွင် ပညာသင်ခြင်းတစ်ခုတည်း မဟုတ်တော့ပေ။ အနာဂတ်တွင် “ဒီလိုလူမျိုးဖြစ်ရမည်” ဆိုသည့် အတွေးအခေါ်များ ရှိလာပြီး ပညာဆက်လက်သင်ယူရန်လည်း နော်ဆာရာက စိတ်အားထက်သန်မှုရှိနေသည်။
“ဆေးဘက်ဆိုင်ရာဝါသနာပါတယ်၊ ဆေးနဲ့ပတ်သက်တဲ့ ကျောင်းဆက်တက်ချင်တယ်” နော်ဆာရာက သူမ၏ အနာဂတ် ပညာရေးမျှော်မှန်းချက်ကို ပြောပြသည်။
အာဏာသိမ်းမှုကြောင့်ဖြစ်လာသည့် ပြည်တွင်းပဋိပက္ခ၊ စစ်ပွဲက နော်ဆာရာ၏ ငယ်ဘဝကို အပြည့်အဝ ခံစားခွင့်မပြုခဲ့သလို ပညာရေးကိုပါ တစ်ခန်းရပ်စေခဲ့သည်။ သို့သော်လည်း ထိုအပြောင်းအလဲများထဲမှာပင် ကော်သူးလေပညာသင် ကျောင်းသူ နော်ဆာရာ တစ်ယောက် သူမရှေ့ဆက်ရှင်သန်ရမည့် အနာဂတ်၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းအတွက် အိပ်မက်မက်တတ်ခဲ့ပြီလည်း ဖြစ်သည်။


















