Home သတင်း မဲဆောက်-မြဝတီ နယ်စပ် သောင်ရင်းမြစ်ထဲ ကုန်တင်ယာဉ်ထိုးကျပြီး ပျောက်ဆုံးနေသူ (၁၂) ဦး ယနေ့အထိ ရှာမတွေ့

မဲဆောက်-မြဝတီ နယ်စပ် သောင်ရင်းမြစ်ထဲ ကုန်တင်ယာဉ်ထိုးကျပြီး ပျောက်ဆုံးနေသူ (၁၂) ဦး ယနေ့အထိ ရှာမတွေ့

15
Photo: Z Rescue

စက်တင်ဘာ (၂၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မှ သောင်ရင်းမြစ်ကို ဖြတ်၍ မြဝတီဘက်သို့ ကမ်းကူးရန်ကြိုးပမ်းခဲ့သည့် ကုန်တင်ယာဥ်တစ်စီး မြစ်အတွင်းထိုးကျနစ်မြုပ်ခဲ့သောဖြစ်စဥ်တွင် ယာဥ်ပေါ်ပါ လူ (၁၂) ဦး လိုက်ပါပျောက်ဆုံးသွားပြီး ၎င်းတို့ကို ယနေ့၊ စက်တင်ဘာ (၂၈) ရက်အထိ ရှာဖွေတွေ့ရှိခြင်း မရှိသေးကြောင်း ကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ(၂၂)ရက်နေ့ နံနက်(၁)နာရီဝန်းကျင်တွင် မဲဆောက်မြို့၊ ဝါးစကင်းရွာဘက်မှ မြဝတီသို့ကူးမည့် အဆိုပါကုန်တင်ယာဥ်မှာ ထိုင်းအာဏာပိုင်များ စစ်ဆေးရေးဂိတ်ကို ရှောင်ကွင်းမောင်းပြေးရာမှ အရှိန်လွန်ကာ သောင်ရင်းမြစ်ထဲ ထိုးကျနစ်မြှုပ်သွားခဲ့ခြင်းဖြစ်သည်။

ကုန်တင်ယာဥ် ပျောက်ဆုံးနစ်မြုပ်ခဲ့သည့်နေရာ၌ ထိုင်းကယ်ဆယ်ရေးအဖွဲ့များနှင့် မြဝတီ လူမှုကယ်ဆယ်ရေးအဖွဲ့တို့ ပူးပေါင်းကာ စက်တင်ဘာ(၂၆)ရက်နေ့အထိ ရှာဖွေဆယ်ယူရေးလုပ်ဆောင်ကြသော်လည်း မအောင်မြင်သေးဟု မြဝတီအခြေစိုက် ကယ်ဆယ်ရေးအဖွဲ့ဘက်က ပြောသည်။

“ကားကို ရေငုတ်ရှာလို့ရတယ် ဒါပေမဲ့ ရေစီးကြမ်းတာရယ်၊ ကားကရေနက်ပိုင်းမှာ မြုပ်နေတာကြောင့်ရယ် မတင်ပြီး ဆယ်ဖို့မလွယ်ဘူးဖြစ်နေတယ်။ ကားထဲမှာပါတဲ့လူက အမျိုးသမီး ၁၀ ယောက်၊ အမျိုးသား ၂ ယောက်လို့တော့ ပြောတယ်။ ကားဒရိုင်ဘာကိုတော့ ထိုင်းဘက်က ဖမ်းမိထားပြီးပြီ” ဟု ကယ်ဆယ်ရေးလိုက်ပါဆောင်ရွက်သည့် အဖွဲ့ဝင်တစ်ဦးက ပြောသည်။

Photo: Z Rescue

ထို့အပြင် လူနှင့်စားသောက်ကုန်များ သယ်ဆောင်လာသည့် အဆိုပါကုန်တင်ယာဥ်မှာ မြဝတီမြို့၊ အမှတ် (၅) ရပ်ကွက်၊ အပိုင်း ၁၄ ဂိတ်နှင့် ကရင်ငြိမ်းချမ်းရေးကောင်စီ-PC အဖွဲ့၏ဂိတ်တစ်ခုသို့ ဦးတည်မောင်းနှင်လာရာမှ ထိုင်းစစ်တပ် စစ်ဆေးမှုကို ရှောင်ကွင်းမောင်းပြေးခဲ့ခြင်းဖြစ်သည်ဟု လက်နက်ကိုင်အဖွဲ့နှင့်နီးစပ်သူက ဆိုသည်။

တစ်ပတ်နီးပါးကြာ ယာဥ်နှင့်လိုက်ပါပျောက်ဆုံးသွားသူများမှာလည်း နိုင်ငံခြားသားများဖြစ်ကြောင်း ခန့်မှန်းပြောဆိုမှုများ ရှိနေပြီး ကေအိုင်စီအနေဖြင့်မူ သီးခြားအတည်ပြုလျက်ရှိဖြစ်သည်။

လက်ရှိတွင် သောင်ရင်းမြစ်အတွင်း ထိုးကျနစ်မြုပ်နေသည့် အဆိုပါယာဥ်အား အရင်ဆယ်ယူနိုင်ရန် ကြိုးပမ်းနေသလို ထိုင်းဘက်က ရေငုတ်သမားများနှင့်အခြားကယ်ဆယ်ရေးအဖွဲ့များပူးပေါင်းကာ ဇက်ရေယာဉ်များဖြင့် ယာဥ်၏ရေစီးကြောင်းနှင့်လိုက်ပါရွေ့လျားမှုအပေါ် မူတည်၍ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။