Home သတင်း ကရင်နီတပ်မတော်၏ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင် လူကြီးရောဂါဖြင့် ကွယ်လွန်

ကရင်နီတပ်မတော်၏ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင် လူကြီးရောဂါဖြင့် ကွယ်လွန်

14
Photo: KNPP

စက်တင်ဘာ (၂၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်နီပြည်တပ်မတော်-KA ၏ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်သည် ယမန်နေ့ စက်တင်ဘာ(၂၇)ရက်နေ့၊ ညနေ ၆ နာရီ ၄၅ မိနစ်အချိန်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP ၏ ထုတ်ပြန်အသိပေးချက်အရ သိရသည်။

ကွယ်လွန်ချိန်တွင် အသက် (၇၆) နှစ်အရွယ်ရှိ ဗိုလ်မှူးကြီးဘုန်းနိုင်သည် KNPP ၏ အမြဲတမ်းပါတီဗဟိုကော်မတီဝင် အဖြစ်လည်း တာဝန်ယူထားသည်။

လူထုကိုချစ်မြတ်နိုးပြီး ရဲဘော်ရဲဘက်များတန်ဖိုးထားလေးစားတတ်သည့် ဗိုလ်မှူးကြီးဘုန်းနိုင် ကွယ်လွန်ခြင်းအပေါ် ဝမ်းနည်းအလေးပြုကြောင်း KNPP အဖွဲ့ဝင် နဲနယ်ပလို က သူ၏ကိုယ်ပိုင်လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြသည်။

“တပ်ဗိုလ် တပ်မှူးနဲ့ရဲဘော်တွေအကြားမှာ အသံကျယ်တတ်ပေမယ့်ရိုးရှင်းပြီး ဂုဏ်ပကာသနမဲ့စွာ နေထိုင်သူတစ်ယောက်ပါ။ သူတာဝန်ကျေခဲ့တာတွေ အများကြီးရှိနေသော်လည်း နေမကောင်းဖြစ်သွားတော့ တာဝန်မကျေသေးဘူးလို့ သူခံစားခဲ့ရပါတယ်။ အခုတော့ မမျှော်လင့်ဘဲနဲ့ ကျနော်တို့ကို စောစောစီးစီး ထားခဲ့လိုက်ပါပြီ” ဟု နဲနယ်ပလိုက ရေးသားထားသည်။

ဗိုလ်မှူးကြီးဘုန်းနိုင်သည် အသက်ရှိစဥ်က ကရင်နီတော်လှန်ရေးအတွင်း စစ်ဘက်ဆိုင်ရာတာဝန်များကို အဆင့်ဆင့်ထမ်းဆောင်ခဲ့သူဖြစ်သလို အာဏာသိမ်းကာလတစ်လျှောက် ပြည်နယ်အတွင်း လက်နက်ကိုင်စစ်ရေးလှုပ်ရှားမှုများ၊ စစ်ဘေးရှောင်အခြေအနေနှင့် စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို KA ၏ပြောရေးဆိုခွင့်ရှိသူအဖြစ် မီဒီယာပေါ် မကြာခဏ ထုတ်ဖော်ပြောဆိုလေ့ရှိသည်။

၎င်း၏ကြွင်းကျန်ရစ်သည့်ရုပ်ကလာပ်ကို လာမည့်စက်တင်ဘာ(၃၀)ရက်နေ့တွင် ကရင်နီပြည်နယ်စပ်တစ်နေရာ၌ မြေမြှုပ်သင်္ဂြိုလ်သွားမည်ဖြစ်ကြောင်းလည်း KNPP က အသိပေးထားသည်။