Home သတင်း မန္တလေး၊ အိုးဘိုထောင်အတွင်း အကျဥ်းသားများ စစ်မှုထမ်းရန် စစ်အုပ်စု ဖိအားပေးစည်းရုံးနေ

မန္တလေး၊ အိုးဘိုထောင်အတွင်း အကျဥ်းသားများ စစ်မှုထမ်းရန် စစ်အုပ်စု ဖိအားပေးစည်းရုံးနေ

17
Photo crd: PPNM

စက်တင်ဘာ (၂၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်း အကျဥ်းကျခံနေရသူများကို စစ်မှုထမ်းရန် စစ်အုပ်စုနှင့် ထောင်အာဏာပိုင်များ ပူးပေါင်း၍ ဖိအားပေး စည်းရုံးနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ၏ ယနေ့ (စက်တင်ဘာလ ၂၇ ရက်) ထုတ်ပြန်ချက်အရ သိရသည်။

ထောင်အာဏာပိုင်များသည် ရဲမသင်္ကာမှုဖြင့် ထိန်းသိမ်းခံထားရသူ မန္တလေးမြို့မှ “ကျားပေါက်” ဆိုသူ ဦးဆောင်သည့်အုပ်စုအား အထူးနေရာပေးကာ အကျဉ်းသားများ “စစ်မှုထမ်းပါက ပြစ်ဒဏ်လျှော့ရက် ရရှိမည်” ဟု မက်လုံးပေးစည်းရုံးနေခြင်းဖြစ်သည်။ စစ်မှုထမ်းရန်ဆန္ဒမရှိသူများကိုမူ ထောင်မှလွတ်လာပါက ပြန်လည်ဖမ်းဆီးခံရမည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုမှုရှိသည်ဟု ဆိုသည်။

စစ်မှုထမ်းရန်ဆန္ဒရှိသူစာရင်းကောက်ယူခံရသူများတွင် စစ်စည်းကမ်း ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေပုဒ်မများဖြင့် ပြစ်ဒဏ်ကျခံနေရသူများလည်း ပါဝင်ပြီး ထိုအထဲမှ သဘောတူသူများကို ရှေ့တန်းစစ်မျက်နှာပြင်သို့ စေလွှတ်ရန် “ယာယီဆောင် (၂)” သို့ သီးခြားခွဲထုတ် ထားရှိကြောင်း PPNM က ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့အပြင် အကျဥ်းထောင်အာဏာပိုင်များက နိုင်ငံရေးအကျဉ်းသားတစ်ဦးအပါအဝင် အကျဉ်းသားအချို့အား ရုံးသို့ ခေါ်ယူစစ်ဆေးစဉ် လွတ်ရက်စေ့ပါကစစ်မှုထမ်းရမည်ဖြစ်သည်ဟုလည်း ဥပဒေမဲ့ ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။

စစ်အုပ်စု အဆိုပါလုပ်ရပ်သည် “မည်သည့် အကျဉ်းသားကိုမျှ ထောင်တွင်း စည်းကမ်းထိန်းသိမ်းခွင့် အာဏာ မလွှဲအပ်ရ” ဟူသည့် ကုလသမဂ္ဂ အကျဉ်းသားများ ဆက်ဆံရေးဆိုင်ရာ စံသတ်မှတ်ချက်ပါ တားမြစ်ချက်ကို ပွင့်လင်းစွာ ချိုးဖောက်နေခြင်း ဖြစ်သည်ဟု PPNM က ထောက်ပြသည်။

ထို့အတူ အကျဉ်းသားများအား အဓမ္မစစ်မှုထမ်းခိုင်းရန် ဖိအားပေးခြင်းနှင့် ခြိမ်းခြောက်ခြင်းသည် လူ့အခွင့်အရေး ကျူးလွန်မှုများ ဖြစ်သဖြင့် ထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများ၏ လုံခြုံရေးနှင့် အသက်အန္တရာယ်အတွက် အထူးစိုးရိမ်ရကြောင်းကိုလည်း PPNM က သတိပေးထားသည်။

တစ်နိုင်ငံလုံးရှိအကျဥ်းထောင်များ၌ အကျဥ်းကျခံနေရသူများ အထူးသဖြင့် နိုင်ငံရေးအကျဥ်းသားများ အခွင့်အရေးချိုးဖောက်ခံရမှုအပေါ် အလေးထားစောင့်ကြည့်နေသည့် PPNM အနေဖြင့်လည်း ဖော်ြပပါ အခြေအနေများကို ဆက်လက်မှတ်တမ်းတင်သွားမည်ဖြစ်သည်ဟု ဆိုသည်။