စက်တင်ဘာ (၂၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ ဘန်ကောက်တွင် စက်တင်ဘာလ(၂၄) ရက်နေ့မှ စတင်ကြုံတွေ့နေရသည့် မိုးရွာသွန်းမှုများပြီး ရေကြီးရေလျှံမှုကြောင့် ရွှေ့ပြောင်းမြန်မာအလုပ်သမားအချို့ နေထိုင်သည့်နေရာများ ရေနစ်မြှုပ်ကာ နေစရာအခက်အခဲဖြစ်နေသည်ဟု အလုပ်သမားအရေးကူညီဆောင်ရွက်သူများက ပြောသည်။
အခန်းရေမြှုပ်သဖြင့် ဆက်နေ၍မရတော့သည့် မြန်မာရွှေ့ပြောင်းလုပ်သားအချို့မှာ အခြားအသိမိတ်ဆွေများနေရာသို့ သွားရောက်ပြောင်းရွှေ့နေကြခြင်းရှိသလို အချို့မှာလည်း တည်းခိုခန်းများတွင် ငှားရမ်းနေထိုင်ကြခြင်းရှိသည်။ သို့သော် ငွေကြေးမတတ်နိုင်သူများအတွက်မူ နေစရာအခက်အခဲဖြစ်နေကြောင်း သိရသည်။
ထိုင်းအာဏာပိုင်များက ရေဘေးသင့်ပြည်သူများအတွက် ရေဘေးရှောင်စခန်းများ ဖွင့်ထားခြင်းရှိသော်လည်း ရွှေ့ပြောင်းအလုပ်သမားများမှာ အကြောင်းအမျိုးမျိုးဖြင့် သွားနေရန်အခက်တွေ့နေရသည်ဟု အလုပ်သမားအရေးဆောင်ရွက်ပေးနေသူများက ပြောသည်။
“သိတဲ့အတိုင်း အခုက ထိုင်းကလည်း သူတို့နိုင်ငံသားတွေပါ အကုန်ဒုက္ခရောက်တော့ ရေဘေးစခန်းမှာ သူတို့နိုင်ငံသားတွေများတာပေါ့။ ကျနော်တို့ရွှေ့ပြောင်းတွေကတော့ သွားမနေရဲတာလည်းပါတယ်။ တချို့ကအထောက်အထားမစုံတော့ ကြောက်တာလည်းရှိတယ်” ဟု ကရင်လူမှုကူညီရေးအဖွဲ့တစ်ခုမှ စောမင်းမင်းက ပြောသည်။
လက်ရှိ ဘန်ကောက်က ရေဘေးသင့်နေရာရှိ ရွှေ့ပြောင်းအလုပ်သမားအများစုမှာ နှစ်ထပ်အခန်းတန်းလျားငှားနေကြသူများဖြစ်၍ မြေညီထပ်နှင့်အနိမ့်ပိုင်းနေရာတွင် နေထိုင်သူများအတွက် အခက်အခဲပိုဖြစ်နေကြောင်း ဘန်ကောက်ရောက်မြန်မာအသိုင်းအဝိုင်းမှ သိရသည်။
အထူးသဖြင့် ဘန်ကဘီ၊ ရတ်ကရာဘန်း၊ အွန်နွတ်ဒေသ အချို့နေရာများတွင် အဆိုးဝါးဆုံးရေဘေးတွေ့ကြုံနေရပြီး ရေအနက်သည် ခါးမှ လည်ပင်းအထိ အမြင့်ပေရှိသည်ဟု ဆိုသည်။
ဘန်ကဘီရှိ ရွှေ့ပြောင်းအမျိုးသမီးတစ်ဦးက “ကျမတို့က အပေါ်မှာနေတော့ အဆင်ပြေတယ်။ ရေမြောင်းနဲ့ နီးတဲ့သူတွေအတွက်တော့ အကုန်မြုပ်တယ်။ တချို့က အရမ်းအခက်အခဲတွေ့တယ် အခန်းရေမြုပ်တော့ တချို့ကဆို သူတို့ပစ္စည်းအကုန်ပျက်ကုန်တယ်” ဟု ကေအိုင်စီကို ပြောသည်။
ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ ယနေ့ စက်တင်ဘာလ (၂၈) ရက်နေ့တွင် အချို့နေရာတွင် ရေများပြန်ကျသွားသော်လည်း ဘန်ကပီတွင် စိုးရိမ်နေရဆဲဖြစ်ကာ မော်တော်ယာဥ်ငယ်များပင် သွားလာ၍မရသေးကြောင်း သိရသည်။
ထိုင်းအလုပ်သမားကာကွယ်စောင့်ရှောက်ရေးနှင့်လူမှုဖူလုံရေးဦးစီးဌာန(DLPW)ကလည်း ဘန်ကောက်ရေဘေးကြောင့် အလုပ်သမားများအတွက် စက်တင်ဘာလ (၂၈) ရက်နေ့မှ (၂၉) ရက်နေ့အထိကို အထူးအလုပ်ပိတ်ရက်ပေးရန် စီးပွားရေးလုပ်ငန်းရှင်များထံ တောင်းဆိုနေကြခြင်းရှိသည်။


















