‘အမြန်ဆုံး အိမ်ပြန်ချင်ပြီ’
(စက်တင်ဘာ ၂၈၊ ၂၀၂၆ )
“အခုဘာမှလုပ်စားကိုင်စားလို့လည်း မရတဲ့အတွက် ဘဝက အရမ်းကို ခက်ခဲပါတယ်။ “လို့ ဆိုလာသူက တစ်နှစ်ကျော်ကြာ သူများရပ်ရွာမှာ စစ်ရှောင်နေရတဲ့ ကလေး ၄ ဦး မိခင်နော်ထူး ဖြစ်ပါတယ်။
ကလေးကျောင်းစရိတ်က တစ်ဖက်၊ ကျန်းမာရေးမကောင်းတဲ့ မိဘတွေဆေးဖိုးဝါးခက တစ်ဖက်ဆိုတော့ ဒုက္ခအမျိုးမျိုးခံစားနေရတယ်လို့သူက ဆက်ပြောဆိုပါတယ်။
နော်ထူးဟာ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်၊ တနေးဆား(နဘူး)မြို့နယ်၊ နို့ကေ့(နောင်ကိုင်း)ရွာဇာတိဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တစ်နှစ်ကျော်က ကော့ကရိတ်-ကျုံဒိုးလမ်းပိုင်းမှာ အာဏာသိမ်း စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့် တနေးဆား(နဘူး)မြို့နယ်၊ နို့ကေ့ရွာသူ နော်ထူး အပါအဝင် ဒေသခံပြည်သူ ၁၈, ၇၉၅ ဦးဟာ နေရပ်စွန့်ခွာကာ ကော့ကရိတ်မြောက်ပိုင်းမှာ ယာယီတဲများဖြင့် ခိုလှုံနေကြရတာလည်းဖြစ်ပါတယ်။
အဲ့ဒီအရေအတွက်ဟာ တနေးဆား(နဘူး)မြို့နယ်မှာ နဘူး၊ နို့ကေ့၊ ဝဲလစ်၊ ကော့ကမာ၊ နန်းကော့တေး၊ မြပတိုင်၊ ရန်ကုန်၊ အင်းရှည်၊နောင်တပွဲ၊ ထီကလေး၊ နောင်ထပ္ပံ၊ ကျုံပိုင်းစတဲ့ ကျေးရွာအုပ်စုထဲက စစ်ရှောင်အရပ်သားတွေဖြစ်လို့ KNU တနေးဆားမြို့နယ် ပြုစုထားတဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။
လတ်တလော ကော့ကရိတ်မြို့မြောက်ပိုင်းက ထို့ကော်ကိုးကျေးရွာအုပ်စုမှာ နော်ထူးရဲ့မိသားစုတို့ ဝါးတဲ အိမ်လေးထိုးပြီး လာရောက်ခိုလှုံနေကြတာဖြစ်ပါတယ်။ နော်ထူးမှာ ခင်ပွန်းဖြစ်သူရယ်၊ သားသမီး ၄ ဦးနဲ့ နာမကျန်းဖြစ်နေတဲ့ မိဘ နှစ်ပါးတို့နဲ့အတူ နေထိုင်ကြတာပါ။
လွန်ခဲ့တဲ့ ၄ နှစ်ကျော်က နော်ထူးတို့ မိသားစုဟာ ရွာမှာ အိမ်စျေးဆိုင်လေး တည်ပြီး အခြား ရွာသားတွေလိုပဲ ဘဝကိုအေးချမ်းစွာ ဖြတ်သန်းခဲ့ကြတာလို့သိရပါတယ်။
နော်ထူးတို့ဟာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် IDP (Internally Displaced Persons) လိုခေါ်တဲ့ ကိုယ့်နိုင်ငံအတွင်းမှာပဲ စစ်ပွဲ၊ အကြမ်းဖက်မှု၊ သဘာဝဘေးစတဲ့အခြေအနေတွေကြောင့် မိမိနေ အိမ်ကနေ ထွက်ပြေးခဲ့ရပေမယ့် နိုင်ငံနယ်စပ်ကို မကျော်သေးသူတွေလည်းဖြစ်ကြပါတယ်။
” ရွာမှာဆိုရင် စျေးဆိုင်လေးနဲ့ ကျမတို့ အပူအပင်မရှိ အဆင်ပြေပြေနဲ့ နေရတယ်။ ဒီမှာလာနေရာ အဖက်ဖက် ကုန်ကျတယ်။ ဘာမှပါမလာတဲ့အတွက် တော်တော်လေး ဒုက္ခရောက်နေတယ်။ ” လို့ နော်ထူးက တုန်ရီတဲ့ အသံနဲ့ ပြောပြပါတယ်။
အနက်ရောင် ခေါက်ထီးလေးကို ပိုက်ပြီး တည်ကြည်တဲ့ မျက်နှာထားနဲ့ သူ့အခြေအနေကို ပြောပြ တဲ့အချိန်မှာ တုန်ရီတဲ့ စကားသံနဲ့ မျက်ဝန်းထဲက မျက်ရည်စတွေဝဲနေတာကို ကြည့်ခြင်းအားဖြင့် နော်ထူးရဲ့ စစ်ဘေးရှောင်ဘဝက ဘယ်လောက်ခက်ခဲမလဲဆိုတာ မြင်တွေ့စေပါတယ်။
သူတို့တွေကို ထို့ကော်ကိုးကျေးရွာအုပ်စု၊ ထီးစီကော်နှင့် အနီးအနားဝန်းကျင်မှာရှိတဲ့ ကျေးရွာတွေရဲ့ လယ်ကွင်းဘေး၊လမ်းမဘေး၊ နယ်ခံရွာသားတွေရဲ့ ဥယျာဉ်ခြံနဲ့ နွားစားကျက်မြေပေါ်မှာ အင်ဖက်နဲ့ မိုးထားတဲ့ ယာယီတဲအိမ်တွေဆောက်လုပ်စေပြီး နယ်မြေခံ တာဝန်ရှိသူတွေက နေရာချထားပေးပါတယ်။
” မိခင်အစည်းအရုံး(ကေအဲန်ယူ)ရဲ့ ညွှန်ကြားချက်အရ CIDKP (ကရင်ပြည် တွင်းနေရပ်စွန့် ခွာသူများရေးရာကော်မတီ) လာရောက်ကူညီပေးတာတွေရှိတယ်။ အခြားအဖွဲ့အစည်းနဲ့ NGO အဖွဲ့အစည်းအချို့က လာရောက်ကူညီပေးတာတွေရှိပါတယ်။ ” လို့ ကေအဲန်ယူ တနေးဆားမြို့နယ် ဥက္ကဋ္ဌ ပဒိုစောသာစောပြောဆိုသွားတာပါ။
ဆက်လက်ပြီး ပဒိုစောသာစောက ” သူတို့တွေ အဓိက လိုအပ်နေတာက အခြေခံ အစားအသောက်ပဲဖြစ်ပါတယ်။ ဒီမှာနေထိုင်တဲ့သူတွေက အမျိုးသမီးနဲ့ ကလေးတွေများတဲ့အတွက် ထောက်ပံ့ကူညီမှုအပိုင်းမှာ သူတို့အတွက် သီးသန့် ကူညီထောက်ပံ့တာရှိတယ်” လို့ ပြောပါတယ်။
စစ်ရှောင်ပြည်သူတစ်ချို့မှာ ပါလာတဲ့ အတွင်းပစ္စည်းတွေကို ထုခွဲရောင်းချတာ၊ နေ့စား အလုပ်အငှားလိုက်တာနဲ့ကြုံရာကျပန်းအလုပ်နဲ့သာ မိသားစု စားဝတ်နေရေးကို ဖြေရှင်းနေကြရပါတယ်။ ဒါပေမဲ့ အများစုကတော့ အလှူရှင်တွေရဲ့ထောက်ပံ့မှုကိုသာ မှီခိုနေကြရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၇ရက်နေ့ကလည်း စစ်အုပ်စုနဲ့ ဆက်ဆံရေးကောင်းမွန်တဲ့ ကရင် လက်နက်ကိုင်အဖွဲ့တွေ၊ ကရင်နိုင်ငံရေးပါတီခေါင်းဆောင်တွေနဲ့

ဘာသာရေးခေါင်းဆောင်တွေပါဝင်တဲ့ ကရင်အမျိုးသားငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ-KNPC အဖွဲ့က တနေးဆား (နဘူး)စစ်ရှောင်ပြည်သူတွေကို အခြေခံစားသုံးကုန်ပစ္စည်း လာရောက်ထောက်ထောက်ပံ့ကူညီမှု လုပ်ဆောင်ခဲ့သေးပါတယ်။
” သူများ အလုပ်ခေါ်ရင်တောင်မှ တစ်နေ့မှ ၁၅,၀၀၀ (ကျပ်)ပဲ။ သွားရင်တော့ နည်းနည်းပါး ပါးရ တော့ရတယ်။ စားလို့ဘယ်လောက်ပါ့မလဲ။ သူများ လာကူညီပေးရင် အတိုင်းမသိ ဝမ်းသာတာပေါ့။ ” နဘူးမြို့နယ်က တစ်ခြားစစ်ရှောင်တစ်ဦးဖြစ်တဲ့ ကလေး ၂ ဦး စစ်ရှောင်မိခင် အင်းရှည်ရွာသူ နောင်သိန်းလားဘောင်က သူမလက်ရှိ ဖြတ်သန်းနေရတဲ့ အခြေအနေကို ရှင်းပြလိုက်တာဖြစ်ပါတယ်။
ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့-UNICEF ရဲ့ အခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံမှာစစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ စစ်ပွဲတွေ၊ လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်တွေ၊ လက်နက်ကြီး ပစ်ခတ်မှုဖြစ်စဉ်တွေကြောင့် ထွက်ပြေး တိမ်းရှောင်နေကြရတဲ့ စစ်ရှောင်ဦးရေ ၃ဒသမ၈ သန်းရှိလာနေတယ်လို့ ဖော်ပြထားပါတယ်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးကလည်း သထုံ၊ တောင်ငူ၊ ညောင်လေးပင်၊ မြိတ်-ထားဝယ်၊ မူတြော်(ဖာပွန်)၊ ဒူးပလာယာနဲ့ ဖားအံစတဲ့ ခရိုင် ၇ ခုထဲမှာ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရတဲ့ အရပ်သားပြည်သူ တစ်သန်းကျော်ရှိတယ်လို့ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းက ထုတ်ပြန်ထားပါတယ်။
ကေအဲန်ယူ နယ်မြေထဲမှာရှိတဲ့ စစ်ရှောင်ပြည်သူအများစုက လေကြောင်းရန်၊ လက်နက်ကြီးရန်စတဲ့ အကြောက်တရားတွေကြားထဲမှာ ခက်ခက်ခဲခဲ ရှင်သန်ကြရပါတယ်။ အလုပ်အကိုင်အခွင့်အလမ်း၊ ဝင်ငွေအခွင့်အလမ်းမရှိတဲ့အတွက် အများစုက လူမှုအဖွဲ့အစည်းရဲ့ ကူညီထောက်ပံ့မှုကိုသာ အဓိက မှီခိုနေရပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အစိုးရကတော့ နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေးနဲ့ နိုင်ငံရေးတည်ငြိမ်ရေးကို အကောင်အထည်ဖော်မယ်ဆိုပြီး ဒီနှစ် ဧပြီလ ၂၀ ရက်ကနေ ဇူလိုင်လ ၃၁ ရက်အထိ ရက်ပေါင်း (၁၀၀) ကို စီမံချက်အဖြစ် လူသိရှင်ကြား ကြေညာခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီရက် (၁၀၀) ကာလအတွင်းမှာပဲ မင်းအောင်လှိုင်ရဲ့ စစ်အုပ်စုဟာ ကော်သူးလေ (ကေအဲန်ယူ) ဒေသအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုပေါင်းများစွာ ကျူးလွန်ခဲ့တယ်လို့ ဩဂုတ်လ ၁၉ ရက်နေ့မှာ ကေအဲန်ယူက အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအစီရင်ခံစာထဲမှာတော့ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှု ၂၂၈ မှု၊ လက်နက်ကြီးပစ်ခတ်မှု ၁၂၉ မှု၊ဒရုန်းနဲ့ တိုက်ခိုက်မှု ၁၀၃ မှု၊ မီးရှို့ဖျက်ဆီးမှု ၁၂ မှုနဲ့ အခြားကျူးလွန်မှု ၁၇ မှုအထိ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်အုပ်စုရဲ့ ကျူးလွန်မှုတွေကြောင့် အရပ်သား ၄၄ ဦး သေဆုံးခဲ့ရသလို ၁၂၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၃၄ ဦးလည်းဖမ်းဆီးခံခဲ့ရပါတယ်။ ဒါ့အပြင် လူနေအိမ် ၃၆၈ လုံး၊ ဘုန်းကြီးကျောင်း ၁၄ ကျောင်း၊ စာသင်ကျောင်း ၈ ကျောင်း၊ ဆေးရုံ၅ လုံး၊ ဆေးခန်း ၁ လုံးနဲ့ ခရစ်ယာန်ဘုရားကျောင်း ၂ ကျောင်းတို့လည်း ထိခိုက်ဖျက်ဆီးခံခဲ့ရတယ်လို့ ကေအဲန်ယူရဲ့အစီရင်ခံစာမှာ ပါရှိပါတယ်။
လတ်တလော ကော့ကရိတ်မြို့မြောက်ပိုင်း တနေးဆား(နဘူး)မြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့နဲ့ အာဏာသိမ်း စစ်တပ်တို့အကြား နေ့စဉ်လိုလို ထိတွေ့တိုက်ပွဲဖြစ်ပွားနေသလို လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းတိုက်ခိုက်မှု နဲ့ လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် နို့ကေ့နဲ့ အင်းရှည်တို့ကျေးရွာပါအဝင် ကျေးရွာ တော်တော်များများက ပြည်သူပိုင်နေအိမ်တွေဟာ ဆိုးဆိုးရွားရွားထိခိုက်ပျက်စီးနေပြီး လူသူမနေ တော့တဲ့ ကျေးရွာပျက်တစ်ခုလို ဖြစ်နေပါတယ်။
စစ်ပွဲရှောင်နေရတဲ့ နော်ထူးတို့လို အရပ်သားတွေဟာ တကယ်လို့သာထိုင်းနိုင်ငံဘက်ကို နယ်စပ်ဖြတ်ပြီး ရောက်သွားသူက ခဲ့ရင် Refugee အဖြစ်သတ်မှတ်ခံရဖို့ မျှော်လင့်နိုင်ပါတယ်။
အခု IDP ဘဝတွေဟာ တချို့ကတောထဲ လယ်တဲ ယာတဲဆွေမျိုးအိမ်၊ သူများရွာတွေမှီခိုနေကြရတာဖြစ်ပြီး အိမ်မပြန်နိုင်တာ အလုပ်အကိုင်မရှိ ရှိလည်းမတည်ငြိမ်တာ ကလေးတွေရဲ့ ပညာရေး ကျန်းမာရေး ဘေးကင်းလုံခြုံရေးတွေ မရှိတဲ့ အခြေဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် နော်ထူးတို့ မိသားစုအပါအဝင် မိမိနေအိမ် ပစ်ထားပြီး သူများ ရပ်ရွာမှာ ထွက်ပြေး တိမ်းရှောင်နေရတဲ့ဒေသခံတွေကတော့ အခုဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အမြန်ဆုံးရပ်စဲပြီး နေအိမ်ပြန်နေထိုင်နိုင်ရဖို့ သူတို့ရဲ့ အကြီးမားဆုံးမျှော်လင့်ချက်ဖြစ်တယ်။
” အိမ်၊ ခြံ၊ ကျွဲ၊ နွားတွေအကုန် အရှုံးခံပြီး ရောင်းထုတ်ပစ်လိုက်တယ်။ အခု သူများ မြေပေါ်မှာ ကျဉ်းကျဉ်းကျပ်ကျပ်နဲ့ နေနေရတယ်။ ဝင်ငွေလည်းမရှိဘူး။ သူများ လာလှူတာကို မျှော်နေရ သလိုဖြစ်နေတယ်။ စစ်ပွဲအမြန်ဆုံး ရပ်ပြီး အိမ်ကို ပြန်နေရဖို့ မျှော်လင့်ပါတယ်။ ” နော်ထူးက ပြောပါတယ်။


















