Home သတင်း ခလယ်လွီထူခရိုင်မှာ တစ်လအတွင်း အမျိုးသမီး (၆) ဦး သေဆုံး၊ (၁၂) ဦး ဒဏ်ရာရခဲ့

ခလယ်လွီထူခရိုင်မှာ တစ်လအတွင်း အမျိုးသမီး (၆) ဦး သေဆုံး၊ (၁၂) ဦး ဒဏ်ရာရခဲ့

8
Photo: KNU

စက်တင်ဘာ (၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ ညောင်လေးပင်/ခလယ်လွီထူခရိုင်၊ တပ်မဟာ(၃)တွင် ပြီးခဲ့သည့် သြဂုတ်တစ်လအတွင်း စစ်အုပ်စုပစ်ခတ်လိုက်သော လက်နက်ကြီး၊ ဒရုန်းနှင့် လေကြောင်း တိုက်ခိုက်မှုများကြောင့် ဒေသခံအမျိုးသမီး (၆) ဦးသေဆုံးပြီး (၁၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ စာရင်းအရ သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ (၁) ရက်မှ (၃၁) ရက်နေ့အထိ မုန်း၊ ကျောက်ကြီးနှင့် ရွှေကျင်မြို့နယ်တို့တွင် စစ်အုပ်စုက ပြည်သူနေထိုင်ရာကျေးရွာများကို လက်နက်ကြီးပစ်ခတ်မှု(၁၆)ကြိမ်၊ ဒရုန်းတိုက်ခိုက်မှု(၁၂)ကြိမ်၊ လေကြောင်းတိုက်ခိုက်မှု(၆)ကြိမ် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ယင်းကြောင့် ကျေးရွာနေ အမျိုးသမီး(၆)ဦးသေဆုံးကာ နောက်ထပ်အမျိုးသမီး(၃)ဦး၊ အမျိုးသား(၉)ဦး စုစုပေါင်း (၁၂)ဦးဒဏ်ရာရခဲ့သည်။ ထို့အပြင် စစ်အုပ်စုက ဒေသခံ (၁၀) ဦးကို ဩဂုတ်လထဲတွင် အကြောင်းမဲ့ ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့သည်ဟု ကေအဲန်ယူက ဆိုသည်။

စစ်အုပ်စု၏ ပစ်ခတ်တိုက်ခိုက်မှုအတွင်း အရပ်သားများအပြင် လူထုနေထိုင်ရာ နေအိမ်များ၊ စစ်ရေးပစ်မှတ်မဟုတ်သည့် အဆောက်အအုံများလည်း ထိခိုက်ပျက်စီးသွားသည်။ ထိုအထဲတွင် ပြည်သူပိုင်နေအိမ် (၁၇)လုံး၊ သိုလှောင်ရုံ (၁) ခု၊ ဆိုင်ကယ် (၁) စီးနှင့် ဒေသခံ မွေးမြူထားသည့် အိမ်မွေးတိရစ္ဆာန်များလည်း ပါဝင်ကြောင်း ခရိုင်၏လချုပ်စာရင်းက အသေးစိတ် ဖော်ပြထားသည်။

ကေအဲန်ယူ တပ်မဟာ(၃)နယ်မြေအတွင်း တော်လှန်ရေးအင်အားစုများနှင့် နှစ်ဖက်ထိတွေ့ တိုက်ပွဲမရှိသည့်တိုင်အောင် စစ်အုပ်စုက အရပ်သားဒေသခံများရှိနေသည့်ကျေးရွာများသို့ လက်နက်ကြီးနှင့်ဒရုန်းတိုက်ခိုက်မှု မကြာခဏ လုပ်ဆောင်လေ့ရှိသည်ဟု ဒေသခံများက ဆိုသည်။

ယခုနှစ် ဇန်နဝါရီလမှစပြီး ဇွန်လကုန်အထိ (၆) လတာအတွင်း နယ်မြေထဲသို့ စစ်အုပ်စုတပ်မှ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား (၇၃) ဦး သေဆုံးခဲ့ကြောင်း ကေအဲန်ယူ၊ ညောင်လေးပင်ခရိုင်၏မှတ်တမ်းအရ သိရသည်။