Home သတင်း မူတြော် စစ်အုပ်စုကို KNLA ကြားဖြတ်တိုက်ခိုက်မှု လက်နက်(၇)လက် ထပ်မံရရှိ

မူတြော် စစ်အုပ်စုကို KNLA ကြားဖြတ်တိုက်ခိုက်မှု လက်နက်(၇)လက် ထပ်မံရရှိ

15
Photo: KNU

စက်တင်ဘာ (၂၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)၊ မူတြော်/ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်ထဲတွင် လှည့်လည်နေသည့် စစ်အုပ်စုတပ်ဖွဲ့အား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုထံမှ လက်နက်(၇)လက် ထပ်မံသိမ်းဆည်းရမိကြောင်း တပ်မဟာ(၅) ကေအဲန်ယူက ထုတ်ပြန်သည်။

ယမန်နေ့ စက်တင်ဘာ(၂၇)ရက်နေ့က ကေအဲန်ယူ၏ထုတ်ပြန်ချက်တွင် ကတိုင်တိ-ကမမောင်းလမ်းပေါ်တွင် လှုပ်ရှားလျက်ရှိသည့် စစ်အုပ်စုကို စက်တင်ဘာလ (၂၅) ရက်နေ့ မနက်က KNLA ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

တိုက်ပွဲအတွင်းနှစ်ဖက်ထိခိုက်မှုရှိမရှိနှင့် တိုက်ပွဲအခြေအနေအသေးစိတ်ကို ကေအဲန်ယူက ဖော်ပြမထားသော်လည်း စစ်အုပ်စုထံမှ MA-1 (၃)လက် အပါအဝင် လက်နက်ငယ်(၇)လက်ကို KNLA ပူးပေါင်းတပ်များက သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၁၄) ရက်နေ့နှင့် (၁၆) ရက်တို့တွင်လည်း မူတြော်နယ်မြေထဲရှိ စစ်အုပ်စုတပ်ဖွဲ့ကို KNLA ဘက်က ပစ်ခတ်တိုက်ခိုက်မှုရှိခဲ့ရာ လက်နက်(၃)လက်ထက်မနည်း ရရှိခဲ့သေးကြောင်း ကေအဲန်ယူ ထုတ်ပြန်ချက်တွင် ဖြည့်စွက်ဖော်ပြသွားသည်။

တော်လှန်ရေးတပ်ဖွဲ့နယ်မြေစိုးမိုးမှု အသာစီးရထားသည့် မူတြော်ခရိုင်ရှိ ဖာပွန်မြို့ကိုပြန်သိမ်းရန် စစ်အုပ်စုသည် ယခု ၂၀၂၆ ခုနှစ် မေလကစ၍ ကမမောင်းဘက်မှတဆင့် အင်အားထောင်ချီအသုံးပြု ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

တဖက်တွင်လည်း လမ်းတစ်လျှောက်က ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်ခြင်းတို့ လုပ်ဆောင်နေ၍ နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲအများအပြား ဖြစ်ပွားခဲ့ရာ ထိုးစစ် လေးလကြာသည်အထိ စစ်အုပ်စုဘက်က ဆုံးရှုံးမှုများနေဆဲဖြစ်သည်ဟု တပ်မဟာ(၅)ဘက်က ဆိုသည်။