Home ဆောင်းပါး မိရိုးဖလာ ယုံကြည်မှုများဖြင့် အရှေ့ဒေါနကို ကာကွယ်ထားသည့် သက်မဲ့ တံတိုင်းများ

မိရိုးဖလာ ယုံကြည်မှုများဖြင့် အရှေ့ဒေါနကို ကာကွယ်ထားသည့် သက်မဲ့ တံတိုင်းများ

98

မိရိုးဖလာ ယုံကြည်မှုများဖြင့် အရှေ့ဒေါနကို ကာကွယ်ထားသည့် သက်မဲ့ တံတိုင်းများ

စက်တင်ဘာ ၂၄၊ ၂၀၂၆ခုနှစ်။ စဝ်အဲဆိုဒ်

ကောင်းကင်ယံက အဖြူရောင် တိမ်တိုက်များနှင့် ယှဉ်လျက် မားမားစွင့်စွင့် အုပ်ဆိုင်းနေသည့် အရှေ့ဒေါန တောင်တန်းကြီး၏ မြင်ကွင်းသည် ခရီးသွားတစ်ဦး၏အကြည့်အာရုံကို တခဏချင်း ဖမ်းစားလိုက်သည်။

ကွန်ကရစ်လမ်မကြီးကိုလွန်ပြီး မြေသားလမ်းမကြီးအတိုင်း တောင်ခြေကိုတိုးဝင်လာသည်နှင့်အမျှ အေးမြသည့် ရာသီဥတု အပြောင်းအလဲကို ချက်ချင်း ခံစားလိုက်ရသည်။

သာယာသည့် ကျေးငှက်သံစုံများနှင့်အတူ အရှိန်ပြင်းစွာ စီးဆင်းနေသည့် စမ်းချောင်းသံများက သဘာဝတရား၏ ဆန်းကြယ်လှသော တေးသံစဉ်အဖြစ် ပဲ့တင်ထပ်နေသည်။

ထိုနေရာသည် မြဝတီတောင်ပိုင်း၏ အရှေ့ဒေါန နယ်မြေထဲက အထင်ကရ မုလအိတောင်တန်းဒေသ ဖြစ်ပြီး နှစ်စဉ် ပြည်တွင်းပြည်ပ ဘုရားဖူးများဖြင့် စည်ကားလေ့ရှိသည်။

မုလအိတောင်ပေါ် သွားရာလမ်းတစ်လျှောက်မှာ တောနက်ကြီးများကို ဖြတ်သန်းရာ ကောင်းကင်သို့ ထိုးထွက်နေ သည့် ကျွန်း၊ ပျဥ်းကတိုး၊ ကညင်၊ ညောင်သဖန်း ၊ပျဉ်းမစသည့် ပင်စည်ကြီးမားလှသော သစ်ပင်ကြီးများကို မြင်တွေ့ရသလို အချို့သစ်ပင်ကြီးများပေါ်တွင် အဖြူ အဝါ စိမ်းနုရောင် ခရမ်းရောင်စသဖြင့် ရှားပါးလှသည့် သစ်ခွ ပန်းမျိုးစိတ်များပင်သဘာဝအတိုင်းဖူးဖွင့်နေကြသည်။

အဝေးတစ်နေရာ ကောင်းကင်ထက်မှ ကျဆင်းလာသကဲ့သို့ အမြင့်ပေထောင်ချီမြင့်တဲ့ တောင်တန်းပေါ်ကနေ ဖြူဖြူ ဖွေးဖွေး စီးဆင်းနေသည့် ရေတံခွန်ကြီးများကို လည်း အတိုင်းသား မြင်တွေ့ရသည့် မြင်ကွင်းက အရှေ့ ဒေါနတောင်တန်း၏ ပဟေဠိဆန်သော အလှကို ပိုမိုပေါ် လွင်စေသည်။

ဤသို့ သဘာဝအတိုင်း အပျက်အစီးမရှိ စိမ်းစိုလှပနေရခြင်းသည် သဘာဝတရား၏ အလိုလို ဖြစ်တည်မှု တစ်ခု တည်း ကြောင့်မဟုတ်ဘဲ ဤသစ်တောကြီးကို မမြင်နိုင်သော တံတိုင်းအဖြစ် အကာအကွယ်ပေးထားသည့် ဆန်းကြယ်သော မိရိုးဖလာယုံကြည်မှုများကြောင့်ဟု ဆိုနိုင်သည်။

သစ်တောအတွင်း ဖြတ်သန်းစဉ် ပင်စည်လုံးပတ် ကြီးမားလှသည့် သစ်ပင်ကြီးအချို့တွင် ဗုဒ္ဓဘာသာ ဘုန်းတော် ကြီးများ၏ သင်္ကန်များဖြင့် ရစ်ပတ်ဖွဲ့ထားသည့် သစ်ပင်ကြီးအချို့ကို မြင်တွေ့ရသည်။

ထို့အပြင် အချို့သော သစ်ပင်ကြီးများတွင်မူ အဖြူအနီကဲ့သို့သော အရောင်ကာလမျိုးစုံပါဝင်သည့် ပိတ်စများဖြင့် ရစ်ပတ် ထားသည်ကိုလည်း မြင်တွေ့ရနိုင်သည်။

ယင်းသည် သာသနာ့နယ်မြေအဖြစ် အမှတ်အသားပြုခြင်းဖြစ်သလို၊ သစ်ပင်ကြီးများတွင် အစောင့်အရှောက်ရှိ သည်ဆိုသည့် ယုံကြည်မှုဖြင့် အလွယ်တကူ မခုတ်မိစေရန် သတိပေးထားခြင်းဖြစ်သည်ဟု အဆိုပါ တောင်ပေါ် တွင် ၁၈ နှစ်ကြာဘာသာရေးဝေယျဝစ္စ အလုပ်အကျွေးပြုနေသည့် မယ်သီလရှင်တစ်ပါးက အခုလိုပြောပြသည်။

“ဒီလို သင်္ကန်တွေ ပတ်ထားတယ်ဆိုတာက ဒါဟာသာသနာ့နယ်မြေဆိုတာကို သိစေချင်လို့ဖြစ်တယ်။ ဒီနေရာကို ဖျက်ဆီးတာမျိုး မလုပ်စေချင်လို့ အဟန့်အတားလုပ်ထားတဲ့သဘောပေါ့။” ဟု အသက် ၇၀ နီးပါးရှိနေပြီးဖြစ် သည့် ဖီးဝါး ကဆိုသည်။

တောထဲရှိ သစ်ပင်များ သူ့အလိုလို ခြောက်သေသွားတာမျိုး သို့မဟုတ် လဲကျသွားတာမျိုးရှိ မှသာ ရွာသားများ က ထင်းလုပ်ခြင်း၊ သစ်လုပ်ခြင်းမျိုးကို လုပ်ဆောင်ကြသည်ဟု ဖီးဝါးက ဆက်ရှင်းပြသည်။

ထို့အပြင် ဘာသာရေးနှင့် လုံးဝမသက်ဆိုင်သည့် ထူးဆန်းသည့် ကိုးကွယ်ယုံကြည်မှု ဇာတ်လမ်းများလည်း အဆိုပါ ဒေသတွင် ကြားခဲ့ရသည်။

မုလအိတောင်ပေါ် လမ်းနေရာတချို့ တွင် ရိုးရာ ယုံကြည်မှုများဖြင့် ဆက်စပ်သည့် ထူးဆန်းဖွယ် အမှတ် အသားပြု အဆောက်အဦးငယ်များ ယာယီနတ်စင်ငယ် ၄ ခုထက် မနည်းကို မြင်တွေ့ရနိုင်သည်။

အဲ့ထဲကမှ ထင်ရှားသည့် ယုံကြည်မှု တစ်ခုက ဖူးလဲ့ဘား ဟု အမည်ရသည့် တောစောင့်အဖိုးအို တစ်ဦးရှိပြီး ဒေသခံများ၏ အဆိုအရ ထိုတော တောင်များကို စောင့်ရှောက်နေသည်ဟု ယုံကြည်ထားကြသည်။

ဖူးလဲ့ဘားကို အဆိုပါ ဒေသတွင် ဘာသာရေး မထွန်းကားခင် ရှေးယခင်ကတည်းက ဒေသခံအများစုက တော တောင်အစောင့်အရှောက် အဖိုးတစ်ဦးအဖြစ် လက်ခံယုံကြည်ထားခဲ့ကြပြီး တောထဲကို ဝင်ထွက်သွားလာရန် အတွက် အဖိုးဆီကို ခွင့်တောင်းပြီးမှ လုပ်ဆောင်ကြသည်ဟု ဆိုသည်။

“သစ်ပဲ သွားခုတ်ခုတ်၊ ဝါးပဲ သွားခုတ်ခုတ် ဘယ်အပင်ဖြစ်ဖြစ် သွားခုတ်တော့မယ်ဆိုရင် သူ့ဆီသွားခွင့် တောင်းရ တယ်။ တချို့က ဆေးဖက်ဝင် အပင်တွေသွားရှာရင် ဖူးလဲ့ဘားဆီပဲ ခွင့်သွားတောင်းရတယ်။ သူက ဟိုးအရင်က တည်းက ရှိနေခဲ့တော့ သူ့ကိုဒီတောမှာအကြီးဆုံး(အာဏာအရှိဆုံး)လို့ သတ်မှတ်ကြတာပေါ့။ နောက်ပိုင်းမှ ဘိုးတော်ပိုင်တို့၊ ဖူးရသေ့၊ ဖူးရက္ခဘီလူးတို့ ဖူးဘောသို့(ကျားမင်း) ဆိုတာက နောက်မှ ပေါ်လာကြတာ။” ဟု ဒေသခံများ၏ ယုံကြည်မှုကို ဖီးဝါးက တဆင့်ခံ ပြန်လည်ရှင်းပြပေးသည်။

အဆိုပါ ယုံကြည်မှုများသည် လက်ရှိ ခေတ်စနစ်အရ အယူသီးမှု တစ်ခုအနေဖြင့် ရှုမြင်နိုင်ကြဖွယ်ရှိသည်။ သို့သော် အဆိုပါ ယုံကြည်မှုများကြောင့်ပဲ သစ်တောထိန်းသိမ်းသည့် ဥပဒေများသဖွယ်ဖြစ်လာပြီး သစ်ပင်သစ်တော နှင့်တောကိုမှီခိုနေထိုင်သည့်တိရစ္ဆာန်များကဲ့သို့ သဘာဝအရင်းအမြစ်များ ကို အကာအကွယ်ပေးနေသည့် အကာအရံတံတိုင်းများအဖြစ်ရှိနေသည်။

ထို့အပြင် အဆိုပါ ဒေသတွင် အမဲလိုက်ခြင်းကို အထူးရှောင်းရှာကန့်သတ်ထားသည့် နယ်မြေများလည်း ရှိသည်။ သက်ဆိုင်ရာ ဘာသာရေးခေါင်းဆောင်များက အဆိုပါ တောင်ပေါ် ဒေသကို သက်သတ်လွတ်နယ်မြေ အဖြစ် သတ်မှတ်ထားခြင်းကြောင့်ပင်ဖြစ်သည်။

သက်သတ်လွတ်နယ်မြေအဖြစ် သတ်မှတ်ထားခြင်းပင်မကဘဲ ဒေသခံများ၏ အမဲလိုက်ခြင်းကနေ အထူး ကာကွယ်ထားသည့် ပုံပြင်ဒဏ္ဏာရီဆန်ဆန် ဖြစ်ရပ်ပြောစကားများဖြင့်လည်း ခြောက်လှန့် တားမြစ်ထားခြင်းမျိုး ရှိနေသည်။

အထူးသဖြင့် ကန့်သတ်နယ်မြေအတွင်း အမဲလိုက်ခြင်းပြုပါက တောမှောက်တာ၊ တောစောင့် တောင်စောင့် အစောင့်အရှောက်များ၏ ဒဏ်ခတ် အပြစ်ပေးခြင်းမျိုး ကြုံတွေ့ရနိုင်သည်ဟု တစ်ဆင့် စကား တစ်ဆင့်နားဖြင့်‌ ခြောက်လှန့်ပြောဆိုထားကြသည်။

“ဒီနေရာမှာက အသက်သတ်လွတ်နယ်မြေအနေနဲ့ သတ်မှတ်ထားတော့ အမဲလိုက်တာတွေ တားမြစ်ထားတယ်။ တကယ်လို့ တားမြစ်တာတွေလုပ်ရင် မကောင်းတာတွေဖြစ်တယ်။ လွန်ခဲ့တဲ့ နှစ်တွေတုန်းကတောင် ဒီ သနော်ထ ရွာသားတွေပဲ အဲ့လို အမဲသွားလိုက်တော့ အချင်းချင်း ပြန်မှားပစ်တာတွေရှိပြီးသေသွားသေးတယ်။” ဟု မုလအိ တောင်ခြေက အသက် (၃၀)ဝန်းကျင်အရွယ် သနော်ထကျေးရွာဒေသခံ လူငယ်တစ်ဦးက ရှင်းပြသည်။

အစိုးရဘက်က တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအဖြစ် သတ်မှတ်ထားသည့် အထင်ကရ ကျိုက်ထီးရိုး တောင်ပေါ် တွင်ပင် ဘုရားရင်ပြင်တော်အထိ တောရိုင်းတိရစ္ဆာန် အရိုးနှင့် အစွယ်များကို ပွင့်လင်း စွာ ရောင်းချနေခြင်းနှင့် နှိုင်းယှဉ်ကြည့်လျှင် မုလအိဒေသ၏ သက်သတ်လွတ်နယ်မြေအဖြစ် သတ်မှတ်ထားခြင်းက သဘာဝ တောရိုင်းတွေကို တဖက်တလမ်းက အကာအကွယ်ဖြစ်စေသည်မှာအမှန်ပင်ဖြစ်သည်။

မျိုးဆက်အလိုက်တဆင့်ခြင်းလက်ဆင့်ကမ်းလာသည့် ပြောစကားများဖြင့်သာ တည်ရှိနေသည့် အဆိုပါ မိရိုးဖလာယုံကြည်မှုများသည်ပင် အစိုးရ တစ်ရပ်က အတည်ပြု ရေးဆွဲပြဌာန်းရသည့် ဥပဒေ စည်းမျဉ်းများ ထက်ပင် ခိုင်မာစွာ အသက်ဝင်ကာ သက်ရောက်မှု ရှိနေလေသည်။

ဤကဲ့သို့ မိရိုးဖလာယုံကြည်မှုများ၏ အကူအညီဖြင့် ထိန်းသိမ်းထားသည့် စနစ်ကို ဒေသတွင်း အာဏာပိုင် ဖြစ်သည့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ သစ်တောဌာနကလည်း အရှေ့ဒေါန နယ်မြေကို အပိုင်း ၃ ပိုင်းခွဲ၍ ထိန်းသိမ်းနယ်မြေအဖြစ် သတ်မှတ်ထားသည်။

မုလအိတောင်ကို ဘာသာရေး ထိန်းသိမ်းနယ်မြေအဖြစ် ထားရှိပြီး၊ ၎င်းတောင်နှင့် ဆက်စပ်လျက်ရှိသော ဖားဝီးတောင်ကို “ဖားဝီးပရဆေးကြိုးဝိုင်း” အဖြစ်လည်းကောင်း၊ ခွီးခို့တောင်ကို “ခွီးခို့ ဘေးမဲ့တော” အဖြစ် လည်းကောင်း အဆင့်ဆင့် သတ်မှတ်ကာ ထိုင်းနယ်စပ်အထိပေါက်သည့် ခန့်မှန်းဧရိယာ ဧက ၆၀,၀၀၀ ဝန်း ကျင်တွင် ထိန်းသိမ်းထားသည်။

ဖားဝီးတောင်ဒေသတွင် နနွင်းခါး၊ တောဂျင်း၊ နလိန်ကျော်၊ ကတ္တုပါပင်လို သဘာဝ ဆေးဖက်ဝင် အပင်များ ပေါပေါများများ ပေါက်ရောက်နေပြီး ဒေသခံများ ကိုယ်တိုင်လက်ခံသုံးစွဲနေခြင်းကြောင့် အဆိုပါ ဒေသကို ပရဆေးကြိုးဝိုင်းအနေဖြင့် ကေအဲန်ယူက သတ်မှတ် ထိန်းသိမ်းထားပေးသည်။

အဆိုပါ ကြိုးဝိုင်းဧရိယာအတွင်းမှ ရရှိသည့် ဆေးဖက်ဝင် အပင်များ၊ သစ်ဥသစ်ဖုများကိုပဲ မုလအိတောင် ဘုရားစျေးတန်းများတွင် ဒေသခံများကိုယ်တိုင် ရောင်းချသည်ကို တွေ့ရနိုင်သည်။

သို့သော်လည်း ဆေးဖက်ဝင် အပင်များကို အလွန်အကျွံခုတ်ခြင်း နှင့် ကြိုးဝိုင်းအတွင်းက မြစ်ချောင်းများအတွင်း ငါးဖမ်းခြင်းများကိုတော့ ကေအဲန်ယူဘက်က အထူးတားမြစ်ထားသည်။

ထို့အပြင် သဘာဝဘေးမဲ့တောအနေဖြင့် ကေအဲန်ယူက သတ်မှတ်ထားသည့် ခွီးခို့တောင်ဒေသတွင် သဘာဝ တောတွင်းသားကောင်များ ကျက်စားနေကြပြီး ကျား၊ ဆင် ကဲ့သို့ ရှားပါး တောတွင်းသားကောင်များပါ ရှိနေ သည်ဟု ကေအဲန်ယူ မြဝတီမြို့နယ် သစ်တောမှူး စောနယ်ဒုဒါး က ရှင်းပြသည်။

“ကျနော်တို့က ဆင်တွေဆိုရင် လူနေတဲ့ ရွာတွေထဲ မဝင်လာအောင် ဆင်တွေ ကျက်စားရမဲ့ နေရာကို ကျနော်တို့ လုပ်ထားပေးတယ်။ ပြီးတော့ ဒီတောကောင်တွေကို ကိုယ့်ဒေသမှာပဲ ကျန်ရှိနေဖို့ ဒေသခံတွေကို အသိပညာပေး တာတွေ ရှိတယ်။ တောကောင်တွေကို အမဲလိုက်တာသိရင်တော့ ကျနော်တို့က ချက်ချင်ဖမ်းဆီး အရေးယူ တယ်။” ဟု စောနယ်ဒုဒါးက ဆိုသည်။

သို့သော် တောတွင်း သားကောင်များ အမဲလိုက်ခြင်းကို လုံးဝကန့်သတ်တားမြစ်ထားခြင်းမျိုးမဟုတ်ဘဲ အစာ ကွင်းစက် နှင့် ဂေဟ စနစ်ကို ချိန်ခွင်လျှာညှိစေသည့် အမဲလိုက်ခြင်းမျိုးကိုတော့ ခွင့်ပြုထားသည်ဟု ဆိုသည်။

“ဟိုအရင်တုန်းက မုဆိုးတွေဆိုတာက စည်းကမ်းရှိတယ်ဗျာ့။ တောထဲ အမဲလိုက်ထွက်ရင် ဒီနေ့ ဒီသားကောင် ကိုပဲ ထွက်ပစ်မယ်ဆိုရင် အဲ့သားကောင်ကို တွေ့မှ အမဲလိုက်ပစ်တာ။ သူတို့ သတ်မှတ်ထားတဲ့ အကောင်မဟုတ် ရင် တခြားအကောင်မျိုးဆို လုံးဝမပစ်ဘူး။ ဒါပေမဲ့ အခုကျတော့ အဲ့လို စည်းမရှိကြတော့ဘူး။ တွေ့တာ အကုန်ပစ်ကြတာ။ အဲ့တော့ ကျနော်တို့က အမဲလိုက်ရမဲ့ အကောင်နဲ့ မလိုက်ရမဲ့ အကောင်ဆိုပြီး သတ်မှတ်ထား ပေးပြီးတော့ သစ်တောကြိုးဝိုင်းဧရိယာ အပြင်ဘက်တွေမှာဆိုရင်တော့ အမဲလိုက်ခွင့်ပေးထားတယ်။” ဟု သစ်တောမှူးက ဆက်ရှင်းပြသည်။

သို့သော် နယ်မြေဒေသ မတည်ငြိမ်မှုများကြောင့် လက်ရှိ ကေအဲန်ယူဘက်က သတ်မှတ်ထားသည့် ထိန်းသိမ်း နယ်မြေ၏ အကျယ်အဝန်းဧရိယာကို ယနေ့အချိန်ထိ တိတိ ကျကျ တိုင်းတာ သတ်မှတ်နိုင် ခြင်းမရှိသေးဘူး ဟု ကေအဲန်ယူက ဆိုသည်။

ကေအဲန်ယူအပါအဝင် သဘာဝပတ်ဝန်ကျင်အရေး ဆောင်ရွက်သူများအနေဖြင့်လည်း မုလအိ တောင်ပေါ်လို ဘာသာရေးအရ ကန့်သတ်တားမြစ်ထားခြင်းမျိုး ဖိရိုးဖလာ ရိုးရာယုံကြည်မှုများဖြင့် သစ်တော နှင့် သဘာဝ သား ကောင်တွေကို ထိန်းသိမ်းထားသည့် အယူအဆများကို အားပေး ထောက်ခံထားသည်။

အထူးသဖြင့် ကရင်သဘာဝ ပတ်ဝန်းကျင် နှင့် လူမှုကွန်ရက်-KESAN ကဲ့သို့သော အဖွဲ့အစည်းက ဒေသခံတို့၏ မိရိုးဖလာ ရိုးရာယုံကြည်မှု ဆိုင်ရာ ထိန်းသိမ်းရေး စနစ်များကို သိပ္ပံနည်းကျ မြေပုံညွှန်းများ၊ နယ်နိမိတ်သတ် မှတ်ချက်များနှင့် ပေါင်းစပ်ကာ ဌာနေတိုင်းရင်းသား သဘာဝ ထိန်းသိမ်းရေးနယ်မြေ အဖြစ် စနစ်တကျ မှတ် တမ်း တင်ပေးလျက်ရှိသည်။

ထို့အပြင် ဒေသခံတို့၏ အသိပညာဖြင့် သစ်တော နှင့် သဘာဝ အရင်းအမြစ်များ စီမံခန့်ခွဲသည့် နည်းလမ်း များကို နိုင်ငံတကာ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ညီလာခံများ နှင့် မူဝါဒအဆင့်များတွင် တရားဝင် အသိအမှတ်ပြု ခံရစေရေးအတွက်လည်း KESAN ကဲ့သို့အဖွဲ့အစည်းက ရှေ့တန်းမှ ဦးဆောင်ကူညီ ချိတ်ဆက်ပေးလျက်ရှိသည်။

KESAN ၏ ဒါရိုက်တာ စောပေါလ်စိန်ထွားက “ဌာနေတိုင်းရင်းသားတွေရဲ့ သူတို့ မြေနေရာ ဒေသတွေအပေါ်မှာ ကိုယ်ပိုင်စီမံ အုပ်ချုပ်ခွင့်တွေကို အားပေးခြင်းအားဖြင့်က သူတို့ရဲ့ ရေရှည်ဘဝနေထိုင်မှုအပေါ်အများကြီး အကျိုး ဖြစ်စေတယ်။ ပြီးတော့ဒါဟာလည်း ကျနော်တို့ ကရင်လူမျိုးတွေရဲ့ ဓလေ့ထုံးထမ်းရိုးရာယုံကြည်မှုတွေ အသိပညာ၊ အတတ်ပညာတွေကို ဆက် လက်ရှင်သန်ကြီးထွားစေတယ်။ ဘာဖြစ်လဲဆိုတော့ ဒီကနေ့ လူတွေက ခေတ်သစ်စနစ်တွေနဲ့ သွားနေကြတဲ့အခါ ရိုးရာဓလေ့တွေရဲ့ ကောင်းကျိုးဖြစ်ထွန်းမှုတွေကို မေ့ထားကြတယ်။ ဒါကြောင့် ကျနော်တို့ရဲ့ ဌာနေလူမျိုးတွေရဲ့ အသိပညာဟာ ကျနော်တို့ ကရင်လူမျိုးတွေရဲ့ ဝိသေသလက္ခဏာ ရပ်တွေပဲ။” ဟု ပြောသည်။

ယနေ့ခေတ် ကမ္ဘာပေါ်တွင် ရာသီဥတုပြောင်းလဲမှု (Climate Change) ကြောင့် အပူလိုင်းဖြတ်ခြင်း နှင့် သဘာဝ ဘေး စိန်ခေါ်မှုများကို အစိုးရများအကြား ရာသီဥတုပြောင်းလဲမှုဆိုင်ရာစုံစမ်းလေ့လာရေးအဖွဲ့ (IPCC)နှင့် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်း (UNFCCC)လိုအဖွဲ့အစည်းများက စိုးရိမ်စွာ သတိပေးနေကြသည်။

အထူးသဖြင့် IPCC၏ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ နှင့် ၂၀၂၃ ခုနှစ် မတ်လ ထုတ် ပေါင်းစပ်အကဲဖြတ် အစီရင်ခံစာ များတွင် ကမ္ဘာ့အပူချိန် မြင့်တက်လာမှုကြောင့် အပူလွန်ကဲခြင်း နှင့် သဘာဝဘေးအန္တရာယ်များ၏ ပြင်းအား ပိုမိုဆိုးရွာလာကြောင်း သတိပေးထားချိန်တွင် အရှေ့ဒေါနနယ်မြေက ရိုးရာယုံကြည်မှုစနစ်များကမူ သစ် တောပြုန်းတီးမှုကို အတိုင်းအတာတစ်ခုအထိ အံ့တုကာကွယ်ပေးထားဆဲဖြစ်သည်။

ထို့အပြင် ကုလသမဂ္ဂ၏ ဌာနေတိုင်းရင်းသား အခွင့်အရေးဆိုင်ရာကြေညာစာတမ်း(UNDRIP) နှင့် ၂၀၂၂ ခုနှစ်တွင် အတည်ပြုခဲ့သည့် ကွန်းမင်း-မွန်ထရီယယ် ကမ္ဘာ့ဇီဝမျိုးစုံမျိုးကွဲများဆိုင်ရာ မူဘောင် (Kunming Montreal GBF) တို့ကပင် ကမ္ဘာ့ကျန်ရှိနေသော ဇီဝမျိုးစုံမျိုးကွဲများ၏ ၈၀ ရာခိုင်နှုန်းခန့်ကို ဌာနေ တိုင်းရင်းသားများ၏ ရိုးရာ ယုံကြည်မှု နှင့် အသိပညာများက ကာကွယ်ထားကြောင်း တရားဝင် အသိအမှတ်ပြုထားကြသည်။

သို့သော်လည်း အရှေ့ဒေါန တောင်တန်း၏ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လမ်းကြောင်သည် အစောပိုင်း ကတည်းကပင် အဖုအထစ်များစွာဖြင့် မချော့မွေ့ခဲ့ဘဲ ယနေ့ အချိန်ထိ အတားအဆီးပေါင်းများစွာ ကြုံတွေ့ နေရဆဲဖြစ်သည်။

အထူးသဖြင့် မတူကွဲပြားသည့် ကရင်လက်နက်ကိုင်(၃)ဖွဲ့ခန့်ရှိနေခြင်းက ထိုဒေသ၏ သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးအတွက် စိန်ခေါ် ခြိမ်းခြောက်မှု ဖြစ်နေသည်။

နယ်မြေဒေသအကြောင်းကို သေချာသိရှိထားသူ ဒေသခံ ကရင်လူငယ်တစ်ဦးက”အရင်တုန်းက ကေအဲန်ယူက ဒီဒေသတွေက သစ်တောတွေကို ထိန်းသိမ်းထားတယ်။ DKBA ပေါ်လာတဲ့နောက်ပိုင်းတော့ သစ်ပင်ကြီးတွေဆို အကုန်ခုတ်ခံရတာ။ အခု မြင်နေရတဲ့အပင်ကြီးတွေဆိုတာက အဲ့လောက်မဟုတ်တော့ဘူး။ ကေအဲန်ယူဘက်က လည်း ခုတ်တာတွေ ရှိတယ်။ ဒါပေမဲ့ DKBA နဲ့စာရင် အများကြီးတော်တယ်။ တကယ့်အပင်ကြီးတွေဆိုတာ အတော်လေး နည်းသွားတယ်။ အခုမှ ဖားဝီးလာဘာလာ သစ်တောကြိုးဝိုင်းတွေ သတ်မှတ်ပြီး ပြန်ထိန်းသိမ်း လာကြတာ။” ဟု ရှင်းပြသည်။

နယ်မြေမတည်ငြိမ်မှုများ၊ ကိုယ်ကျိုးစီးပွားရှာသူများ၏ ခြိမ်းခြောက်မှုများ နှင့် မတူညီသော လက်နက်ကိုင် အဖွဲ့ များ၏ ပါဝင်ပတ်သက်နေသည့် စိန်ခေါ်မှုများ ရှိနေသော်လည်း ဒေသခံဌာနေ ကရင်တိုင်းရင်းသားများ၏ မိရိုးဖ လာ ရိုးရာယုံကြည်မှု သစ်တောထိန်းသိမ်းရေးတံတိုင်းများသည် ရာသီဥတု ပြောင်းလဲမှုအတွက် ထိရောက်သည့် နမူကောင်းတစ်ခုအဖြစ် ဆက်လက် တည်ရှိနေဆဲ ဖြစ်သည်။

ကမ္ဘာကြီးပေါ်တွင် နည်းပညာ နှင့် ဘဏ္ဍာငွေ အမြောက်အများသုံးစွဲပြီး ရာသီဥတုပြောင်းလဲမှုကို ထိန်းချုပ်ဖို့ ကြိုးစားနေချိန်တွင် အရှေ့ဒေါန၏ တောတောင်များကတော့ ဒေသခံတို့၏ ရိုးရာယုံကြည်မှုတံတိုင်းများ ဖြင့် စိမ်းစိုငြိမ်းအေးနေဆဲဖြစ်သည်။

သစ်ပင်များထက်က သာသနာ့သင်္ကန်စများ နှင့် “ဖူးလဲ့ဘား” အပေါ် ထားရှိသည့် ရိုးရာ ယုံကြည်မှုများသည် သဘာဝတရားကို ကာကွယ်ပေးထားရုံတင်မကဘဲ ရာသီဥတု ပြောင်းလဲခြင်း စိန်ခေါ်မှုများကြားက အဖိုးတန် သည့် ဌာနေပြည်သူများ၏ အသိပညာယုံကြည်မှုသည် ကမ္ဘာမြေအတွက် အဖြေတစ်ခုအဖြစ် မျှော်လင့်ချက် ရောင်ခြည်သန်းလျက်ရှိပေသည်။