Home သတင်း စပါးပိုးကျ၍ မူတြော်ခရိုင်အတွင်း မိုးစပါး ဧက(၁,၀၀၀)ကျော် ပျက်စီး

စပါးပိုးကျ၍ မူတြော်ခရိုင်အတွင်း မိုးစပါး ဧက(၁,၀၀၀)ကျော် ပျက်စီး

71
Photo:CJ (ပုံဟောင်း)

စက်တင်ဘာ (၂၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ ပေးကေး၊ ပါဟယ်၊ ဘူးလော်ထာ စသည့်ကျေးရွာအုပ်စုများတွင် ယခုမိုးစပါးရာသီအတွင်း လယ်ဧကစုစုပေါင်း (၁,၃၄၆) ဧက ပျက်စီးဆုံးရှုံးခဲ့ကြောင်း ကော်သူးလေ လယ်ယာနှင့်စိုက်ပျိုးရေးဌာန(ဗဟို)ထံမှ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ တတိယအပတ်ကတည်းက ခရိုင်အထက်ပိုင်းဒေသများတွင် စပါးပိုးစတင်ကျရောက်ခဲ့ခြင်းဖြစ်ပြီး လယ်စိုက်ခင်းနေရာ (၃၅၁) ခုရှိ၊ စပါးတင်း (၉၀၀) ကျော် ပျက်စီးဆုံးရှုံးမှုရှိခဲ့သည်ဟု ဆိုသည်။

“စာရင်းထွက်လာတဲ့ အချို့လယ်တွေက လုံးလုံးပျက်စီးခဲ့ပြီး၊ အချို့လယ်တွေကတော့ အနည်းအကျဉ်း စိုက်ပျိုးလို့ရပါသေးတယ်။ အထူးသဖြင့် မူတြော်၊ အောက်ပိုင်းဒေသမှာ ပိုးဖျက်ဆီးလို့ စပါးပျက်စီးတာပိုများတယ်“ ဟု ကော်သူးလေ လယ်ယာနှင့်စိုက်ပျိုးရေးဌာန(ဗဟို) ဌာနမှူး ပဒိုစောလေစေးက ပြောသည်။

လက်ရှိတွင်လည်း မူတြော်ခရိုင် အလယ်ပိုင်းနှင့် အောက်ပိုင်းဒေသများအထိ စပါးပိုးကျမှုရှိနေပြီး ပျက်စီးမှုဖြစ်ပေါ်နေကြောင်း သိရသည်။

ထိုသို့ မိုးရာသီစပါးစိုက်ပျိုးရာသီအတွင်း စပါးပိုးကျရောက်ခြင်းသည် ရာသီဥတုပြောင်းလဲမှု၏ နောက်ဆက်တွဲဆိုးကျိုးများကြောင့် ဖြစ်သည်ဟုလည်း သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူများက ထောက်ပြပြောဆိုကြခြင်းရှိသည်။

ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှု‌ရေးဆိုင်ရာလှုပ်ရှားမှုကွန်ရက် (KESAN) ၏ဒါရိုက်တာ စောပေါ်လ်စိန်ထွား က “စပါးပိုးကျတယ်ဆိုတာ ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်တယ်။ အပူများပြီး မိုးရွာချိန်မမှန်တဲ့အပေါ် ပိုးတွေက စောပြီးပေါက်ဖွားလာကြပေမယ့် သူတို့စားနေကျ အသီးအနှံတွေက မသီးကြသေးဘူး။ အဲဒီတော့ လူတွေစိုက်ထားတဲ့ စပါးပင်တွေကိုသွားစားကြတာ” ဟု ကေအိုင်စီကို ပြောသည်။

ယင်းကြောင့် လာမည့်နှစ်များတွင် စပါးပိုးကျခြင်းမှကာကွယ်ရန် ပိုးကျသည့်လယ်မှစပါးစေ့ကိုမစိုက်ဘဲ ပိုးမကျသည့်လယ်မှစပါးစေ့များဖြင့် ပြောင်းလဲစိုက်ပျိုးရမည်ဖြစ်ကြောင်း ကော်သူးလေဗဟို လယ်ယာစိုက်ပျိုးရေးဌာနက လယ်စိုက်တောင်သူများကို အကြံပေးထားသည်။

အလားတူ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မိုးတွင်းကာလတွင် မူတြော်ခရိုင်အပါအဝင် ကေအဲန်ယူထိန်းချုပ်နယ်မြေ ခရိုင် (၇) ခု၌ စပါးပိုးကျရောက်မှုကြောင့် ဒေသခံများ စားနပ်ရိက္ခာ အကျပ်အတည်းနှင့် ရင်ဆိုင်ရခြင်းရှိခဲ့သည်။