“ကူးစက်ရောဂါ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ လူနာရှိရင်တော့ စိုးရိမ်ရတယ်။ ကျန်းမာရေး စနစ်အတိုင်းသွားမယ်၊ ကူးစက်သူကို သီးသန့်ထားမယ်။ လိုအပ်တဲ့ ဆေးဝါး ကုသမှုတွေပေးပြီး ကူးစက်ခံရတဲ့ လူနာနဲ့ နေရာတွေကို ပိုးသတ်ဆေးရည်နဲ့ စနစ်တကျ လုပ်ဆောင်မှသာ ထပ်ပွားတာမျိုး မရှိမှာပါ။ လူထုကြား ပညာပေးတာနဲ့ ကြိုတင်ကာကွယ်ထားတာက ပိုပြီးကောင်းပါတယ်။” ပဒိုစောဒိုင်းမွန်းခင် (ဌာနမှူး၊ ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန – KNU)
KNU ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန ၊ ဌာနမှူး ပဒိုစောဒိုင်းမွန်းခင်နှင့် မေးမြန်းခြင်း
ရန်ကုန်မြို့ အပါအဝင် အချို့ဒေသများတွင် ကာလဝမ်းရောဂါ ဖြစ်ပွားမှုများ မြင့်တက်လာနေချိန်၌ KNU-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေများအတွင်းသို့ အဆိုပါရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေ ရေးအတွက် ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန၏ ရောဂါစောင့်ကြည့်မှု၊ ကြို တင်ကာကွယ်ရေး လုပ်ငန်းစဉ်များနှင့် ပြည်သူများအတွက် သတိပေးချက်များကို KNU ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန (KDHW)ဌာနမှူး ပဒိုစောဒိုင်းမွန်းခင်နှင့် ဆက်သွယ်မေးမြန်းထားချက်များကို ဖော်ပြလိုက်ပါသည်။
မေး- ရန်ကုန်မြို့ အပါအဝင် အချို့ဒေသတွေမှာ ကာလဝမ်းရောဂါပိုး ကူးစက်နှုန်းတွေ မြင့်တက်နေတာ တွေ့ရပါတယ်။ ဒါနဲ့ ပတ်သက်ပြီး KNU ထိန်းချုပ်နယ်မြေတွေအတွင်းကို ကူးစက်ပြန့်ပွားမှု မရှိအောင် ကျန်းမာရေးဌာနအနေနဲ့ ဘာတွေ စောင့်ကြည့်ပြင်ဆင်ထားပါသလဲ။
ဖြေ- ကျနော်တို့ရဲ့ ကရင်ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာနမှာ ဌာနခွဲတစ်ခု ရှိတယ်။ Disease Control အောက်ကနေ Disease Surveillance ကူးစက်ရောဂါများ ထိန်းချုပ်ရေးအဖွဲ့ ရှိတယ်။ ဒီအဖွဲ့က အမြဲတမ်း ခရိုင်၊ မြို့နယ်တွေနဲ့ ဆက်စပ်တယ်။ ပြီးတော့ Health Information System အရ ကျေးရွာ တစ်ရွာရွာမှာ ဝမ်းသွားတာဖြစ်စေ၊ တခြားကပ်ရောဂါဖြစ်စေ၊ ကူးစက်တတ်တဲ့ ရောဂါတွေ ဖြစ်လာ ပြီဆိုရင်တော့ မြို့နယ်ကနေတစ်ဆင့် ခရိုင်၊ ပြီးတော့ ဗဟိုကို ရောဂါထိန်းချုပ်ရေးမှာ သတင်း တစ်ဆင့် ချင်းစီ ရတယ်ဆိုတာကို ရှင်းပြရင်း ကျနော်တို့ဌာန၏ လုပ်ငန်းစဉ်ကို ပြောပြတာ ဖြစ်ပါတယ်။
မေး- ကေအဲန်ယူ ကျန်းမာရေးဌာနအနေနဲ့ ရောဂါကာကွယ်ထိန်းချုပ်ဖို့ ကြိုတင်ပြင်ဆင်တဲ့နေရာမှာ ဘာတွေ အဓိက လိုအပ်ချက် ရှိနေပါသလဲ။ ရောဂါထိန်းချုပ်ကုသဖို့အတွက် ဆေးဝါးနဲ့ ဆေးပစ္စည်း လုံလောက်မှု ရှိပါသလား။
ဖြေ- ကျနော်တို့မှာ ကျန်းမာရေး သတင်းအချက်အလက်များကို ခရိုင်၊ မြို့နယ်တွေမှာ ပုံမှန်ရရှိတယ်။ ခရိုင်၊ မြို့နယ်တိုင်းမှာ ပေးနိုင်တဲ့ ဆေးဝါးအကူအညီနဲ့ ရောဂါစမ်းသပ်တဲ့ အရာတွေ ဥပမာ- ကာလဝမ်း ရောဂါ စမ်းသပ်ကိရိယာ၊ ငှက်ဖျားစမ်းသပ်ကိရိယာတွေ ကျနော်တို့ ချထားပေးတာတွေ ရှိပါတယ်။ ဝမ်းရောဂါတွေ စဖြစ်တာနဲ့ ကျနော်တို့တွေ အစည်းအဝေးလုပ်တယ်၊ ပြီးတော့ ဒီအရာတွေကို ဘယ်လို တုံ့ပြန်ရမလဲ ဆိုတာလည်း ကျနော်တို့မှာ စနစ်ရှိပါတယ်။ ပြီးတော့ ကျေးရွာမှာသော်လည်းကောင်း၊ ဆေးရုံ၊ ဆေးခန်းမှာသော်လည်းကောင်း ဝမ်းရောဂါနဲ့ ပတ်သက်တဲ့ လက်ကမ်းစာစောင်နဲ့ ပိုစတာ စသဖြင့်တို့နဲ့ ကျန်းမာရေးပညာပေးအနေနဲ့ ကျနော်တို့ လိုက်လုပ်ထားတာတော့ ရှိပါတယ်။
မေး- ကူးစက်မှုတွေသာ အမှန်တကယ် ရှိလာခဲ့ရင် ဘယ်လို အခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေ ကြုံတွေ့ရမယ်လို့ ခန့်မှန်းထားပါသလဲ။ လက်ရှိမှာ ဆေးရုံ၊ ဆေးခန်းနဲ့ လူနာတွေကို သီးသန့်ခွဲခြား ကုသပေးမယ့် နေရာထိုင်ခင်း ပြင်ဆင်ထားမှု လုံလောက်မှု ရှိရဲ့လား။
ဖြေ- လုံလောက်မှုတော့ မရှိဘူး။ ဒါပေမဲ့ ကျနော်တို့အနေနဲ့ ဘယ်လိုလုပ်လို့ရတယ်ဆိုတာကို ပြောပါမယ်။ ၂၀၁၉-၂၀၂၀ တုန်းက Covid-19 အတွေ့အကြုံအရ ဥပမာ- ကျနော်တို့ ကာလရောဂါတစ်ခု စမ်းသပ်တဲ့အခါမှာ သေချာပြီဆိုရင် ဒီလူနာကို သီးသန့်ထားတယ်။ ဆရာ/ဆရာမတွေ သူတို့ကို ဆေးပေး တာဖြစ်စေ၊ ဆေးကုတာဖြစ်စေ တစ်ခုခု ထိတွေ့မှုရှိမယ်ဆိုရင် ကျနော်တို့က Universal Precautions (လူတိုင်းအတွက် အခြေခံ ကြိုတင်ကာကွယ်ရေး နည်းလမ်းများ) အတိုင်း ကျနော်တို့ လုပ်ဆောင်ပါတယ်။
မေး- KNU ထိန်းချုပ်နယ်မြေတွေထဲမှာ မှီတင်းနေထိုင်ကြတဲ့ ပြည်သူတွေကို ကာလဝမ်းရောဂါ ကာကွယ်ရေးနဲ့ ပတ်သက်ပြီး ဘာများ အသိပေးချင်ပါသလဲ။ ဘယ်လို သတင်းစကားများ ပါးချင်ပါသလဲ။
ဖြေ- ကျနော်တို့ကတော့ ကျန်းမာရေးဝန်ထမ်းတွေတင် မကဘဲ ကျေးရွာထဲမှာ Village Volunteers (စေတနာ့ဝန်ထမ်းတွေ) ရှိတယ်။ အဲ့ဒီတော့ ရပ်ရွာလူကြီးတွေကနေ အစည်းအဝေးခေါ်ရမယ်၊ ပြီးတော့ ဘယ်လိုမျိုး လုပ်ကြမလဲ၊ ဥပမာ- သောက်သုံးရေတွေ လိုက်ကြည့်မလား၊ ပြီးတော့ ဖြစ်တဲ့ နေရာထိုင် ခင်းတွေ ကြည့်မလား။ တစ်ချိန်ထဲမှာ အခက်အခဲတစ်ခု ရှိမယ်ဆိုရင်တော့ စေတနာ့ဝန်ထမ်းကနေ မြို့နယ်တာဝန်ခံဖြစ်စေ၊ ခရိုင်ကနေဖြစ်စေ သတင်းတွေ လုပ်ပြီးတော့ ဥပမာ- ဆေးဝါးတွေ လုံလောက်ရဲ့လား ဆိုတာတွေကို ကျနော်တို့ ဗဟိုအနေနဲ့ ဆေးဝါးတွေ လိုက်အလှူခံတာမျိုးတွေ ရှိပါတယ်။
မေး-အခု ဖြစ်ပွားနေတဲ့ ကာလဝမ်းရောဂါပိုးရဲ့ ပြင်းထန်မှု အခြေအနေက ဘယ်လောက်အထိ စိုးရိမ်ရပါသလဲ။ ရောဂါကူးစက်မှု ကျယ်ပြန့်လာရင် ပြည်သူတွေရဲ့ လူမှုစီးပွားနဲ့ ကျန်းမာရေးအပေါ် နောက်ဆက်တွဲ ဘာတွေ ဖြစ်လာနိုင်ပါသလဲ။
ဖြေ – မနေ့က ကျနော်တို့ ဆရာဝန်တစ်ယောက်နဲ့ တိုင်ပင်တဲ့အခါမှာ ရန်ကုန်က ဝမ်းရောဂါ ဖြစ်နေတဲ့လူ တစ်ယောက်ယောက်က အရင်ဆုံး မြဝတီလာမယ်၊ မဲဆောက်လာမယ်၊ မဟုတ်ရင်လည်း လှိုင်းဘွဲလာမယ်၊ ဒါမျိုးတွေ ရှိမယ်ဆိုတော့ လူအဝင်အထွက်ကို စိစစ်ရမယ်။ ဖြစ်ဖြစ်ချင်းတော့ ဆောင်ရွက်ရမှာပေါ့နော်။
ဖြစ်တဲ့အတွက်ကြောင့်မို့လို့ လူနာရှိရင်တော့ စိုးရိမ်ရတယ်။ ကျနော်တို့ရဲ့ ကေအဲန်ယူ ထိန်းချုပ်နယ်မြေကျတော့ ဒီနေ့ထိတော့ ကာလဝမ်းရောဂါတော့ မရှိဖူးသေးဘူး။ ထိုနည်း လည်းကောင်းပဲ မယ်လ(ထိုင်းနယ်စပ်)စခန်းလို လူ ၄ သောင်းကျော်ရှိတဲ့ နေရာမှာတောင် မကြားဖူးသေးဘူးပေါ့နော်။
ပြည်သူတွေရဲ့ ကျန်းမာရေးအပေါ် နောက်ဆက်တွဲအနေနဲ့ ပြည်သူတွေ သေဆုံးမှုတွေ ဖြစ်လာမယ်။ အဲ့ဒါကြောင့် တစ်ယောက်ဖြစ်တဲ့ အချိန်မှာ ကျန်းမာရေးစနစ်အတိုင်း သွားမယ်။ ဥပမာ- ကူးစက်သူကို သီးသန့်တစ်ယောက် ထားလိုက်တာမျိုးတွေ လုပ်ဆောင်မှသာ ထပ်ပွားတာမျိုး မရှိမှာပေါ့။ သဘောက ကူးစက်တဲ့သူတွေကိုတော့ ကုသပေါ့။ လိုအပ်တဲ့ ဆေးဝါး၊ ဓာတ်ဆားရည်တွေ မသောက်နိုင်ရင်တောင် ဆေးပုလင်းချိတ်တာမျိုး လုပ်ပေးပါတယ်။ တခြားလူနာနဲ့ အတူမထားဘူး။ ပြီးတော့လည်း ကူးစက် ခံရတဲ့ လူနာဖြစ်စေ၊ နေရာဖြစ်စေ ပိုးသတ်ဆေးရည် (ခလိုရင်းအရည်) နဲ့ဖြစ်စေ ကျနော်တို့ လောင်း ပေးရင် မပွားနိုင်ဘူးပေါ့နော်။ လူထုကြား ပညာပေးတာနဲ့ ကြိုတင်ကာကွယ်ထားတော့ ပိုပြီးကောင်းပါတယ်။
မေး- ကာလဝမ်းရောဂါဟာ ရေနဲ့ အစားအသောက်ကနေ အဓိက ကူးစက်တာဖြစ်တဲ့အတွက် နယ်မြေ အတွင်း သောက်သုံးရေ သန့်ရှင်းရေးနဲ့ စားနပ်ရိက္ခာ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ဘာတွေ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားပါသလဲ။
ဖြေ- နယ်မြေအတွင်း သောက်သုံးရေ သန့်ရှင်းရေးနဲ့ စားနပ်ရိက္ခာ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ကြိုတင်ပြင်ဆင်ထားတာတွေကတော့ ရေသန့်ဘူး မဝယ်သောက်နိုင်ရင်တောင် ရေကို ကျို သောက်ကြပါ။ နောက်တစ်ခုကတော့ ကျေးရွာမှာက ယင်ကောင်တွေရှိတော့ ဖြစ်နိုင်မယ်ဆိုရင် ထမင်း ဟင်းများကို ပူပူနွေးနွေး ချက်စားပါ သို့မဟုတ် အေးသွားပါက ပြန်နွေးစားကြဖို့ ပညာပေးတွေ လိုက်ပေးထားပါတယ်။



















