Home သတင်း စစ်ကိုင်းနှင့်မန္တလေးဒေသအခြေပြု ဖက်ဒရယ်ယူနစ်(၂)ခု SCEF တွင် ပါဝင်လာ

စစ်ကိုင်းနှင့်မန္တလေးဒေသအခြေပြု ဖက်ဒရယ်ယူနစ်(၂)ခု SCEF တွင် ပါဝင်လာ

12
Photo: စစ်ကိုင်းဖက်ဒရယ်ယူနစ်

ဩဂုတ် (၁၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပူးပေါင်းတည်ထောင်ခဲ့သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF) တွင် စစ်ကိုင်းဖက်ဒရယ်ယူနစ်နှင့် မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ တို့ အဖွဲ့ဝင်အဖြစ်ပါဝင်သွားရန် ပြီးခဲ့သည့်ဩဂုတ်လ ဒုတိယအပတ်က သဘောတူခဲ့ကြကြောင်း SCEF ထံမှ သိရသည်။

ဩဂုတ်လ (၁၃) ရက်နှင့် (၁၄) ရက်နေ့က စစ်ကိုင်းနှင့်မန္တလေးဒေသအခြေပြု ဖက်ဒရယ်ယူနစ် တာဝန်ရှိသူများနှင့် SCEF ခေါင်းဆောင်များ ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးပြီးနောက် အဖွဲ့ဝင်အဖြစ် ပါဝင်သွားရန် သဘောတူခဲ့ကြခြင်းဖြစ်ကြောင်း SCEF ၏ ယမန်နေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“SCEF စဖွဲ့ကတည်းက ပြည်နယ်နဲ့ဖက်ဒရယ်ယူနစ် ကိုယ်စားလှယ်တွေလည်းပါဝင်ဖို့ဆိုတဲ့ မဏ္ဍိုင်(၁)ခု ရှိပါတယ်။ အဲဒီမဏ္ဍိုင်ကိုအခြေခံပြီးတော့ အဆင်သင့်ဖြစ်နေတဲ့ ဒီဖက်ဒရယ်ယူနစ်ကိုယ်စားပြုသူတွေကို SCEF မှာ ညှိနှိုင်းပြီး တိုးမြှင့်ဆောင်ရွက်တာဖြစ်ပါတယ်” ဟု SCEF ၏ အဖွဲ့ဝင်ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်က ပြောသည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP၊ ချင်းအမျိုးသားတပ်ဦး-CNF နှင့် ကချင်လွတ်လပ်ရေးတပ်ဖွဲ့-KIO/KIA နှင့် အမျိုးသားညီညွှတ်ရေးအစိုးရ-NUG၊ ပြည်ထောင်စုကိုယ်စားပြုလွှတ်တော်-CRPH တို့ပါဝင်သည့် SCEF ကို ပြီးခဲ့သည့်မတ်လ(၃၀)ရက်နေ့က ပြည်နယ်/ယူနစ်ကိုယ်စားပြု၊ ပြည်သူကိုယ်စားပြု၊ အမျိုးသမီးကိုယ်စားပြု မဏ္ဍိုင်(၃)ရပ်ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

တော်လှန်ရေးအင်အားစုများအကြား စုပေါင်းခေါင်းဆောင်မှုဖြင့် နိုင်ငံရေး၊ စစ်ရေးဗျူဟာများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် ရည်ရွယ်၍ ဖွဲ့စည်းခဲ့ခြင်းလည်း ဖြစ်ပြီး စစ်ဘက်ဆိုင်ရာ၌ စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်း ကွပ်ကဲရေးကော်မတီထားရှိ၍ KNU နှင့် KIO ကိုယ်စားလှယ်များကို ပူးတွဲဥက္ကဌ တာဝန်ခန့်အပ်ထားသည်။

ထို့အပြင် ကောင်စီစတင်ဖွဲ့စည်းပြီးသည့် လေးလကျော်ကာလအတွင်း SECF တွင် ပါဝင်လာနိုင်ရန် အဖွဲ့ဝင်သစ်များတိုးချဲ့ခြင်း၊ မဟာမိတ်အသစ်များဖြင့် ချိတ်ဆက်တွေ့ဆုံခြင်းတို့ကို ဆက်တိုက်လုပ်ဆောင်နေသလို ကောင်စီဝင် အဖွဲ့အစည်းများအနေဖြင့် အာဆီယံဥက္ကဌ၏ မြန်မာ့အရေးဖိတ်ခေါ်မှုသို့ သွားရောက်တွေ့ဆုံကြခြင်းလည်း ရှိခဲ့သည်။