သံလွင်မြစ်ရေ အဆိပ်သင့်မှုကြားက ဒေသခံတွေဘယ်လို ဖြေရှင်းနေကြလဲ
နော်ချားချား
(ဇူလိုင် ၇ ရက်၊ ၂၀၂၆)
WHO (ကမ္ဘာ့ကျန်းမာရေးအဖွဲ့)က သတ်မှတ်ထားတဲ့ သောက်သုံးရေစံနှုန်းထက် အာဆင်းနစ်ဓာတ် မြင့်မားစွာ တွေ့ရှိပြီးနောက် သံလွင်မြစ်ကို မှီခိုနေထိုင်တဲ့ ဒေသခံတွေဟာ သောက်သုံးရေ၊ ငါးဖမ်း လုပ်ငန်းနဲ့ စိုက်ပျိုးရေးအတွက် နည်းလမ်းသစ်တွေ ရှာဖွေကာ နေထိုင်မှုကို ပြောင်းလဲ ရင်ဆိုင်နေကြပါတယ်။
မိုးရွာသွန်းနေတဲ့ သံလွင်မြစ်ပေါ်က လှေငယ်ထဲ မိသားစုဝမ်းရေးအတွက် ငါးဖမ်းပြီး အိမ်ပြန်လာသူက သံလွင်မြစ်ကမ်းနားမှာ မွေးဖွားကြီးပြင်းခဲ့တဲ့ စောဘေးရှယ် ဖြစ်ပါတယ်။ သံလွင်မြစ်ဟာ သူတို့မိ သားစု အတွက် သောက်ရေ၊ စားနပ်ရိက္ခာနဲ့ အသက်မွေးဝမ်းကျောင်းကို ပေးခဲ့တဲ့ မြစ်တစ်စင်းပါ။
ဒါပေမယ့် အခုတော့ မြစ်ထဲမှာ အာဆင်းနစ်ဓာတ် (အဆိပ်သင့်စေတဲ့ သတ္တုဓါတ်) မြင့်မားစွာ တွေ့ရှိ လာပြီးနောက် သံလွင်မြစ်ဟာ ဒေသခံတွေအတွက် သောက်သုံးဖို့ မဝံ့ရဲသလို ဖမ်းမိတဲ့ငါးကိုပါ စိတ်ချ လက်ချ မစားနိုင်တော့တဲ့ အန္တရာယ်ရှိ မြစ်တစ်စင်း ဖြစ်လာနေပါတယ်။ ဒါတွေတင်မကဘဲ ငါးဖမ်း လုပ်ငန်း၊ စိုက်ပျိုးရေးနဲ့ နေ့စဉ်လူနေမှုဘဝတစ်ခုလုံးကို ပြောင်းလဲစေခဲ့ပါတယ်။
“ကျနော်အနေနဲ့ ငါးတွေသာ ဖမ်းလာတယ်။ အရင်လို စိတ်ချ လက်ချ မစားနိုင်တော့။ စားခဲ့ရင် အရင်လို စိတ်မျိုးနဲ့တော့ မဟုတ်တော့ဘူး။” လို့ စောဘေးရှယ်က ပြောပါတယ်။
မြစ်ရေကို စိတ်ချလက်ချ အသုံးမပြုနိုင်တော့တဲ့ အခြေအနေမှာ ဒေသခံတွေဟာ တောင်ကျစမ်းရေကို အားကိုးတာ၊ စိုက်ပျိုးရေးနည်းလမ်း ပြောင်းလဲတာနဲ့ အခြားဖြေရှင်းနည်းတွေကို ရှာဖွေပြီး ရုန်းကန်နေကြပါတယ်။

သံလွင်မြစ်ထဲ အာဆင်းနစ် ဘာကြောင့်မြင့်လာတာလဲ
၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) နဲ့ ချင်းမိုင် တက္ကသိုလ်တို့ ပူးပေါင်းစစ်ဆေးခဲ့တဲ့ ရေနမူနာတွေမှာ WHO (ကမ္ဘာ့ကျန်းမာရေးအဖွဲ့) ကသတ် မှတ်ထားတဲ့ သောက်သုံးရေစံနှုန်း ရေ ၁ လီတာလျှင် ၀ ဒသမ ၀၁ မီလီဂရမ် (0.01 mg/L) ထက် ကို အာဆင်းနစ်ဓာတ် ပါဝင်မှု ၄ ဆကနေ ၉ ဆအထိ ကျော်လွန်နေတာတွေ့ခဲ့ရပါတယ်။
သံလွင်မြစ်က ဟိမဝန္တာတောင်ပိုင်းကနေ တရုတ်ပြည်ကိုဖြတ်သန်းစီးဆင်းလာပြီး မြန်မာနိုင်ငံတွင်းရှိ ရှမ်းပြည်နယ်၊ ကရင်နီပြည်၊ မွန်ပြည်နယ်၊ ထိုင်း-မြန်မာ နယ်စပ်ကိုဖြတ်သန်းစီးဆင်းတာပါ။
ပညာရှင်တွေနဲ့ သုတေသန အစီရင်ခံစာတွေအရ သံလွင်မြစ်အတွင်း အာဆင်းနစ်ဓာတ် ပမာဏ လွန် ကဲစွာ မြင့်တက်လာရခြင်းရဲ့ အဓိကအကြောင်းအရင်းတွေထဲမှာ သံလွင်မြစ်ဝှမ်းတစ်လျှောက် စည်းကမ်းမဲ့ ပြုလုပ်နေကြတဲ့ တရားမဝင် ရွှေကျင်ခြင်းနဲ့ သတ္တုတူးဖော်ခြင်း လုပ်ငန်းတွေ ပါဝင်နေပါတယ်။
ဒါကြောင့် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်မှာ IEC က မြစ်ရေမသောက်သုံးဖို့နဲ့ မြစ်ထဲက ဖမ်းဆီးရမိတဲ့ ငါး၊ ခရု၊ ပုစွန်တွေကို မစားသုံးဖို့ အရေးပေါ် သတိပေးချက် ထုတ်ပြန်ခဲ့ရပါတယ်။
သတ္တုနဲ့ ရွှေတူးဖော်ရာမှာ သုံးစွဲတဲ့ ပြဒါး၊ ဆိုင်ယာနိုက် စသည့် အန္တရာယ်ရှိ ဓာတုဆေးရည်များနှင့် မြေကြီးကျောက်တုံးများမှ ထွက်ရှိလာသော အာဆင်းနစ်၊ ခဲ စတဲ့ သတ္တုဓါတ်တွေ သံလွင်မြစ်အတွင်းသို့ တိုက်ရိုက် စီးဝင်လာနိုင်ပြီး ရေသတ္တဝါတွေထဲမှာလည်း စုဆောင်းကျန်ရှိနိုင်တာကြောင့် ကျန်းမာရေးနဲ့ စားနပ်ရိက္ခာဘေးကင်းရေး အပြင် ဂေဟစနစ်ကိုလဲ ထိခိုက်စေနိုင်တယ်လို့ ပညာရှင်တွေက သတိပေးထားပါတယ်။
ဒီလိုအခြေအနေမှာ ဒေသခံတွေဟာ လက်ရှိအခက်အခဲကို လျှော့ချနိုင်မယ့် နည်းလမ်းတွေကို ကိုယ်တိုင် ရှာဖွေလာကြပြီး အများဆုံး တွေ့ရတာကတော့ သံလွင်မြစ်ရေအစား တောင်ကျစမ်းရေကို ပြောင်းလဲအသုံးပြုလာတာ ဖြစ်ပါတယ်။

တောင်ကျစမ်းရေကို အားထားလာရ
ယခင်က သံလွင်မြစ်ရေကိုသာ ခပ်ယူသုံးစွဲခဲ့ကြတဲ့ ဒေသခံများသည် လက်ရှိမှာ အိမ်သုံးရေအတွက် မီတာ ၅၀၀ ခန့် (တစ်မိုင်ခွဲနီးပါး) ဝေးတဲ့ သဘာဝ တောင်ကျချောင်းတွေကနေ ရေသယ်ယူ သုံးနေ ရပါတယ်။ တောင်ကျရေက မိသားစုတစ်စုရဲ့ နေ့စဉ် သောက်သုံးရေနဲ့ အိမ်သုံးရေ လိုအပ်ချက်အတွက် လုံလောက်မှု မရှိသော်လည်း ပင်ပန်းစွာ သယ်ယူပြီး ချွေတာသုံးစွဲနေကြရပါတယ်။
“တစ်ခေါက်သွားရင် တစ်နာရီ၊ နှစ်နာရီမက အချိန်ပေးလိုက်ရတယ်။ တစ်နေ့ကို နှစ်ခေါက်၊ သုံးခေါက် သွားခပ်ရရုံနဲ့တင် တစ်မနက်လုံး အချိန်ကုန်သွားရော။ တောင်တက်လမ်းကလည်း ကြမ်းတော့ ရေပုံး ထမ်းရတာ ခါးတွေ၊ ခြေထောက်တွေ နာလှပြီ။ ဒါပေမဲ့ မသယ်ရင်လည်း သောက်စရာ ရေမရှိတော့ သွားခပ်ရတယ်လေ” လို့ တောင်ကျရေကို သယ်ယူသောက်နေရသူ မူတြော်ခရိုင်၊ ဃိုကေးကျေးရွာက နော်ဖောဝါး ကပြောပါတယ်။
ဒါပေမယ့် ဒီနည်းလမ်းက ဒေသခံအားလုံးအတွက် အဆင်ပြေတာ မဟုတ်ဘဲ တဖက်တွင်လည်း လုံလောက်သည့် တောင်ကျချောင်းရေ မရှိသည့် နီးစပ်ရာ ဒေသခံများမှာမူ သောက်သုံးရန် သာမက အဝတ်လျှော်၊ ရေချိုးရန်အတွက်ပါ အန္တရာယ်ရှိသော သံလွင်မြစ်ရေကို မတက်သာဘဲ ဆက်သုံးနေရပါတယ်။
“စိုးရိမ်မိပြီး ကြောက်လည်း ကြောက်မိတယ်။ ဒါပေမဲ့ မတတ်နိုင်ဘူးလေ။ အဒေါ်တို့ ရွာမှာက တောင် ကျရေ လာရင်တောင် မလောက်ဘူးလေ။ နောက်ဘာဆက်ဖြစ်လာမလဲတော့ မသိသေးပေမဲ့ သုံးနေတုန်းပဲ။” လို့ သော်လဲထ ကျေးရွာမှာနေတဲ့ နော်အယ်မူးက သံလွင်မြစ်ရေဆက်သုံးနေရတဲ့ အခြေအနေကို ပြောပါတယ်။
ဒေသခံတွေရဲ့ အဆိုအရ အဆိပ်သင့် မြစ်ရေကို ဆက်လက် သုံးစွဲနေရတဲ့ သူတွေထဲမှာ လတ်တလောမှာတော့ သိသာထင်ရှားတဲ့ အရေပြားယားယံမှု သို့မဟုတ် ရောဂါလက္ခဏာများ တွေပြတာ မတွေ့သေးဘူးဆိုပါတယ်။ ဒါပေမယ့် ကျန်းမာရေး စစ်ဆေးမှုတွေ မရရှိသေးတာကြောင့် ရေရှည်မှာ ကျန်းမာရေးထိခိုက်လာနိုင်မယ့် အန္တရာယ်ကို စိုးရိမ်နေကြပါတယ်။

ဒေသခံတွေက လက်ရှိအခက်အခဲကို ယာယီဖြေရှင်းနေရုံသာဖြစ်ပြီး ရေရှည်အတွက် အစားထိုးရေအရင်းအမြစ် ရရှိရေးကို မျှော်လင့်နေကြပါတယ်။
“အခုလောလောဆယ်တော့ ရွာမှာ အဖြေမရှိသေးဘူး။ ရှေ့လျှောက် တခြားဘေးကင်းတဲ့ ရေအရင်းအမြစ်ကနေ ပိုက်လိုင်းတွေနဲ့ သွယ်ယူဖို့ ရွာသားတွေက ပိုက်လုံးတွေ တောင်းဆိုနေကြတာ ရှိတယ်” လို့ စောဘေးရှယ်က ပြောပါတယ်။
အန္တရာယ်ကို လျှော့ချနိုင်မယ်လို့ ယူဆပြီး သံလွင်မြစ်ရေကို ဆူပွက်အောင် ကျိုသောက်နေသူတွေလည်း ရှိပေမယ့် ဒီနည်းလမ်းက အာဆင်းနစ်ဓါတ်ကို ဖယ်ရှားမပေးနိုင်ဘူးလို့ ကရင်သုတေသနပညာရှင် စောဖိုးရှီးက ပြောပါတယ်။
ရေကျိုလိုက်တဲ့အခါ ရေငွ့ပျံသွားပြီး အာဆင်းနစ်ဓါတ် ပိုမိုသိပ်သည်းလာနိုင်တာကြောင့် ကျန်းမာရေးအတွက် လုံခြုံတဲ့ ဖြေရှင်းနည်း မဟုတ်ဘူးလို့ သူကသတိပေးထားပါတယ်။

ဝမ်းစာရှာနည်းပြောင်းလဲလာရ
သောက်သုံးရေပြဿနာအပြင် သံလွင်မြစ်ကို အားထားခဲ့တဲ့ ဒေသခံတွေအတွက် နောက် ထပ်ထိခိုက်မှုကတော့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ ဖြစ်ပါတယ်။ ကရင်နီ ကြား ကာလအုပ်ချုပ်ရေးကောင်စီ (IEC) က မြစ်ထဲက ဖမ်းမိတဲ့ ငါး၊ ခရု၊ ပုစွန်တွေကို မစားသုံးဖို့ သတိပေးထားပြီးနောက် ဒေသခံတချို့က ငါးဖမ်းလုပ်ငန်းကို လျှော့ချတာ ဒါမှမဟုတ် ရပ်နားတာမျိုး လုပ်လာကြပါတယ်။
ငါးဖမ်းလုပ်ငန်းက ဝင်ငွေလျော့သွားတဲ့နောက် ဒေသခံအချို့ဟာ တောင်ကျရေနဲ့ မိုးရေကို အားထားပြီး ကုန်းမြင့်ဒေသတွေမှာ စပါး၊ ငရုပ်၊ ခရမ်း၊ ကျောက်ဖရုံ၊ ပြောင်းဖူးစတဲ့ ရောနှောသီးနှံတွေကို စိုက်ပျိုး လာကြပါတယ်။ တချို့ကလည်း နေအိမ်ဥယျာဉ်ခြံ လုပ်ငန်းကို စတင်လုပ်ကိုင်လာကြပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းတွေက ယခင်ဝင်ငွေကို အပြည့်အဝ အစားထိုးမပေးနိုင်သေးပါဘူး။
ယခင်က မြစ်ရေကို ရေစုပ်စက်နဲ့ တင်ပြီး မြစ်ဝှမ်းနဲ့ ကုန်းစောင်းတွေမှာ စိုက်ပျိုးခဲ့တဲ့ ဒေသခံတွေဟာ အပင်သေခြင်း၊ အသီးမအောင်ခြင်းနှင့် သီးနှံပျက်စီးခြင်းတွေကို ကြုံတွေ့ခဲ့ရပါတယ်။ အဆိပ်သင့်ရေနဲ့ စိုက်ပျိုးထားတဲ့ သီးနှံတွေကို စားသုံးဖို့နဲ့ ရောင်းချဖို့ စိုးရိမ်မှုတွေကြောင့်လဲ ဝင်ငွေထပ်မံ ထိခိုက်ခဲ့ရပါတယ်။
“အပင်တွေက ရုတ်တရက် ရွက်ဝါပြီး ညှိုးသေကုန်တယ်။ ရေကြောင့်ဆိုတာ သိလိုက်ရတဲ့အခါ မြစ်ကမ်းနားက စိုက်ခင်းတွေကို စွန့်လွှတ်ပြီး တောင်ပေါ်ကုန်းမြင့်ဘက် ပိုရွှေ့စိုက်ရတော့တာပဲ” လို့ မူတြော်ခရိုင်၊ လူးသောမြို့နယ် ဃိုကေး ကျေးရွာမှာနေတဲ့ စောရှားနေက ရှင်းပြပါတယ်။
ဒေသခံတွေ အသုံးပြုနေတဲ့ နည်းလမ်းတွေက လက်ရှိအခက်အခဲကို ယာယီလျှော့ချပေးနိုင်ပေမယ့် ရေရှည်အတွက်တော့ လုံလောက်တဲ့ အဖြေ မဟုတ်သေးပါဘူး။ ဒါကြောင့် ဒေသခံတွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေဟာ ဘေးကင်းတဲ့ သောက်သုံးရေ ရရှိရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အခြေခံတဲ့ ရေရှည်ဖြေရှင်းနည်းတွေကို ရှာဖွေနေကြပါတယ်။

သန့်ရှင်းတဲ့ရေအတွက် စောင့်မျှော်နေဆဲ
ဒေသခံတွေရဲ့အဆိုအရ လက်တွေ့ကျဆုံး ရွေးချယ်စရာမှာ တောင်ပေါ်စိမ့်စမ်းရေများကို ကျေးရွာများအရောက် သွယ်ယူပေးနိုင်သည့် ဒေသအခေါ် အုန်းမောင်းစနစ် (မြေဆွဲအားသုံး ရေပေးဝေရေးစနစ်) များကို တိုးချဲ့တည်ဆောက်ရန် လိုအပ်နေခြင်း ဖြစ်ပါတယ်။
အုန်းမောင်းစနစ်ဆိုသည်မှာ တောင်ပေါ်ရှိ သဘာဝစိမ့်စမ်းရေထွက်ရာ နေရာများတွင် ရေစုကန်ငယ်များ ပြုလုပ်ကာ လျှပ်စစ် (သို့မဟုတ်) စက်သုံးဆီ လုံးဝသုံးစရာမလိုဘဲ တောင်နိမ့်ပိုင်းနှင့် ကုန်းနိမ့်ရှိ ကျေးရွာ များဆီသို့ ပိုက်လိုင်းများဖြင့် သဘာဝမြေဆွဲအားကို အသုံးပြု၍ သွယ်ယူပေးသည့် စနစ်ဖြစ်ပါတယ်။
ကရင်မှာ ဒီစနစ်ကိုနှစ်ပေါင်းများစွာ အသုံးပြုလာခဲ့ပေမယ့် ကျေးရွာအားလုံးအထိ မရောက်သေးပါဘူး။
ကရင် ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ လှုပ်ရှားမှုကွန်ရက် (KESAN)၊ ကရင်နီ ကြားကာ လအုပ်ချုပ်ရေးကောင်စီ (IEC) နဲ့ ဒေသတွင်း သဘာဝပတ်ဝန်းကျင် အဖွဲ့အစည်းတွေရဲ့ စစ်ဆေးချက် သုတေသန အချက်အလက်များအရ သံလွင်ငြိမ်းချမ်းရေးဥယျာဉ် ဧရိယာအတွင်းရှိ ကမ်းနားနေ လူဦးရေ၏ ၄၀ ရာခိုင်နှုန်း ထက်မနည်း မှာ အုန်းမောင်းစနစ် မရောက်ရှိသေးသဖြင့် မြစ်ရေကို မတတ်သာဘဲ တစ်စိတ်တစ်ပိုင်း သို့မဟုတ် ရာနှုန်းပြည့် ဆက်လက် အသုံးပြုနေရဆဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒေသခံတွေဟာ နည်းလမ်းသစ်တွေရှာဖွေနေကြတဲ့ အပြင် မြစ်ဝှမ်းအတွင်း သဘာဝပတ်ဝန်းကျင် ပိုမိုပျက်စီးမသွားစေဖို့ အဖွဲ့အစည်းတွေက ကြိုးပမ်းမှုတွေကိုလည်း စတင်လုပ်ဆောင်လာကြပါတယ်။

ကရင်လူမှုအခြေပြုအဖွဲ့အစည်းတစ်ခုဖြစ်သည့် ကရင်ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ လှုပ်ရှားမှုကွန်ရက် (KESAN) အနေဖြင့် ဒေသခံတွေ ရွှေကျင်ခြင်းနှင့် သတ္တုတူးဖော်ခြင်းများကို စွန့်လွှတ်နိုင်ရေးအတွက် နေအိမ်ဥယျာဉ်ခြံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တောစိုက်ပျိုးရေး (Agroforestry) နည်းလမ်းများကို ကူညီပံ့ပိုးပေးနေကြောင်း KESAN ဒါရိုက်တာ စောပေါလ်စိန်ထွားက ပြောပါတယ်။
သန့်ရှင်းတဲ့ရေရရှိရေးအပြင် ကျန်းမာရေးအန္တရာယ်ကို လျှော့ချနိုင်ဖို့ အသိပညာပေးခြင်းနှင့် နည်းလမ်းရှာဖွေခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်နေကြောင်း ကရင်အမျိုးသမီးအစည်းအရုံး (KWO) က ဆိုပါတယ်။
“ဒေသခံ တိုင်းရင်းသားဘာသာစကားတွေနဲ့ မြစ်ရေမသုံးဖို့ အသိပညာပေးတာတွေကို စဉ်ဆက်မပြတ် လုပ်နေပါတယ်။ ရေရှည်အတွက် ဘယ်လိုဖြေရှင်းမလဲဆိုတာကိုလည်း တာဝန်ရှိသူတွေ၊ ထိုင်းဘက်က ပညာရှင်တွေ၊ တက္ကသိုလ်တွေနဲ့ ပူးပေါင်းပြီး တိကျတဲ့ ရလဒ်ထွက်အောင် ဆွေးနွေးမှုတွေ ဆက်လုပ် သွားရမှာဖြစ်ပါတယ်” လို့ ကရင်အမျိုးသမီးအစည်းအရုံး ဥက္ကဋ္ဌ နော်ကညောဖော ကပြောပါတယ်။
သံလွင်မြစ်ရေ အဆိပ်သင့်နေပေမယ့်လည်း မိုးရွာတဲ့နေ့တိုင်း စောဘေးရှယ်ဟာ လှေကို ထုံးစံအတိုင်း မောင်းပြီး ဝမ်းစာရှာနေရတုန်းပါ။ သံလွင်မြစ်ကို မှီခိုနေတဲ့ ဒေသခံအတွအတွက်တော့ သန့်ရှင်းတဲ့ရေ၊ ဘေးကင်းတဲ့ အစားအစာနဲ့ မူလအသက်မွေးဝမ်းကျောင်းကို ပြန်လည်ရရှိဖို့ စောင့်မျှော်နေကြတာ ဖြစ်ပါတယ်။



















