Home သတင်း မူတြော်တွင် နှစ်ပတ်အတွင်း စစ်အုပ်စုက လေကြောင်းနှင့်လက်နက်ကြီး တိုက်ခိုက်မှု (၅၁) ကြိမ် လုပ်ဆောင်ခဲ့

မူတြော်တွင် နှစ်ပတ်အတွင်း စစ်အုပ်စုက လေကြောင်းနှင့်လက်နက်ကြီး တိုက်ခိုက်မှု (၅၁) ကြိမ် လုပ်ဆောင်ခဲ့

413
Photo: KNU

စက်တင်ဘာ (၁၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ တပ်မဟာ(၅)နယ်မြေအတွင်း ပြီးခဲ့သည့် စက်တင်ဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ စစ်အုပ်စုက လက်နက်ကြီးနဲ့‌ လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း(၅၁) ကြိမ် လုပ်ဆောင်ခဲ့ကြောင်း ကေအန်ယူ မူတြော်ခရိုင်က ယနေ့၊ စက်တင်ဘာ(၁၈)ရက်တွင် ထုတ်ပြန်သည်။

စစ်အုပ်စုသည် ဒေသခံများနေထိုင်ရာကျေးရွာများနှင့် အသက်မွေးဝမ်းကျောင်းလုပ်ဆောင်ရာ နေရာများသို့ ဒရုန်းဗုံးတိုက်ခိုက်မှုအကြိမ် (၃၀) ၊ ဂျက်ဖိုက်တာဖြင့်ဗုံးကြဲတိုက်ခိုက်မှု (၅) ကြိမ်၊ ၁၂၀ မမ လက်နက်ကြီးပစ်ခတ်မှု (၁၆) ကြိမ် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

စစ်အုပ်စု၏ တိုက်ခိုက်မှုများကြောင့် ဒေသခံနေအိမ်(၁၆)လုံးနှင့် တဲ(၄)လုံး ပျက်စီးသွားသည်ဟုလည်း ကေအဲန်ယူ၏ထုတ်ပြန်ချက်က ဖော်ပြသည်။ ထို့အပြင် ဒေသခံများပြောပြချက်အရ စစ်အုပ်စု စစ်ကြောင်းထိုးသည့်လမ်းတစ်လျှောက်ရှိ ကျေးရွာနေအိမ်အချို့မှာလည်း မီးရှို့ဖျက်ဆီးခံလိုက်ရခြင်းရှိခဲ့သည်။

ထို့အပြင် နှစ်ပတ်အတွင်း စစ်အုပ်စုနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲပေါင်း (၄၇) ကြိမ်ဖြစ်ပွားခဲ့သည်ဟု ကေအဲန်ယူ၏ထုတ်ပြန်ချက်က ဖော်ပြသည်။ ယင်းကြောင့် စစ်အုပ်စုဖက်က (၂၂) ဦးသေဆုံး၍ အရာရှိ (၃) ဦးအပါအဝင် (၂၀) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို KNLA ပူးပေါင်းတပ်ဖက်တွင်လည်း ထိခိုက်ဒဏ်ရာရရှိသူ အနည်းငယ်ရှိခဲ့ကြောင်း သိရသည်။

လက်ရှိ မူတြော်ခရိုင်အတွင်း စစ်ရေးလှုပ်ရှားမှုနှင့် နယ်မြေမတည်ငြိမ်ခြင်းတို့ကြောင့် ရွာပေါင်း(၂၇)ရွာရှိ ဒေသခံ(၃၅,၀၀၀)ကျော်မှာ နေရပ်မှတိမ်းရှောင်နေရသည်ဟု တပ်မဟာ(၅)ဘက်က မှတ်တမ်းတင်ထားသည်။

Photo: KNU