Home သတင်း အာဏာသိမ်းသမ္မတနှင့် တွေ့မည့်ကိစ္စ ထိုင်းအစိုးရကို JFM ရှုတ်ချ

အာဏာသိမ်းသမ္မတနှင့် တွေ့မည့်ကိစ္စ ထိုင်းအစိုးရကို JFM ရှုတ်ချ

8
Photo: AFP, Reuters

ဩဂုတ် (၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

မြန်မာပြည်သူလူထုကိုသတ်၍ နိုင်ငံတကာ ရာဇဝတ်မှုကို ကျုးလွန်နေသည့် အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်ကို အသိအမှတ်ပြု တွေ့ဆုံမည့် ထိုင်းအစိုးရ၏ ဆုံးဖြတ်ချက်အပေါ် ကန့်ကွက်ရှုတ်ချကြောင်း Justice For Myanmar-JFM က ဩဂုတ်လ (၃) ရက်နေ့က ထုတ်ပြန်သည်။

သမ္မတ တစ်ဖြစ်လဲ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်အား နံနက်ဖြန် ဩဂုတ်လ (၆)ရက်နေ့နှင် (၇)ရက်နေ့တွင် ထိုင်းဝန်ကြီးချုပ် အနုတင်ချန်ဝီရာကွန်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ လက်ခံတွေ့ဆုံမည်ဖြစ်ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက ထိုင်းသတင်းများမှ ဖော်ပြထားသည်။

၎င်းအပေါ် ရာဇဝတ်မှုများကျူးလွန်ထားသူ မင်းအောင်လှိုင်အား တရားဝင်ခရီးစဉ်ဖိတ်ကြားခဲ့သည့် ထိုင်းအစိုးရ၏ ဆုံးဖြတ်ချက်ကို JFM အနေဖြင့် ကန့်ကွက်ရှုတ်ချသည်ဟု ဆိုသည်။

ထိုခရီးစဉ်တွင် ကုန်သွယ်ရင်းနှီးမှုဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကိုမြင့်တင်ရန်၊ ထိုင်း-မြန်မာစီးပွားရေးကောင်စီမှတစ်ဆင့် နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံရန် အစီအစဉ်ရှိနေခြင်းဖြစ်ပြီး ထိုင်းကုမ္ပဏီများနှင့် စစ်အုပ်စုတို့ ကြံရာပါ ပတ်သက်နေမှု အန္တရာယ်ရှိနေကြောင်းလည်း JFM က ထောက်ပြပြောဆိုသည်။

“ဒီခရီးစဉ်ကနေတစ်ဆင့် မင်းအောင်လှိုင်နဲ့စစ်အုပ်စုကို မှားယွင်းတဲ့ တရားဝင်မှု ပေးအပ်မယ့် ထိုင်းအစိုးရရဲ့ဆုံးဖြတ်ချက်ကို JFM အနေနဲ့ ရှုတ်ချပါတယ်” ဟု JFM ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ထုတ်ပြန်ချက်ထဲတွင် ပြောသည်။

Photo: AFP, Reuters

အာဏာသိမ်းသမ္မတသည် ထိုင်းနိုင်ငံထံ သဘာဝဓာတ်ငွေ့ ရောင်းချမှုမှ ရရှိလာသည့်ငွေများဖြင့် ကလေးငယ်များကို သတ်ဖြတ်၍ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းများကို ဗုံးကြဲတိုက်ခိုက်နေပြီး ၎င်း၏လုပ်ရပ်များကို အကာအကွယ်လုပ်၍မရနိုင်ကြောင်း မရတနာမောင်က ဖြည့်စွက်ပြောဆိုသည်။

ထို့အပြင် JFM ၏ ထုတ်ပြန်ချက်တွင် ထိုင်းနိုင်ငံသည် စစ်အုပ်စုအတွက် စစ်လက်နက်များနှင့် ဆက်စပ် ပစ္စည်းများစီးဆင်းမှုအတွက် အရေးပါသည့်အခန်းကဏ္ဍတစ်ခုတွင် ရှိနေကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်၏ ၂၀၂၄ ခုနှစ်အစီရင်ခံစာကို ထပ်ဆင့်ညွှန်း၍ဖော်ပြသည်။

ယင်းကြောင့် ထိုင်းအစိုးရအနေဖြင့် မြန်မာစစ်အုပ်စု၏ ကြံရာပါပတ်သက်နေမှုကိုအဆုံးသတ်ပြီး မှားယွင်းသည့် တရားဝင်မှုကို ပေးအပ်ခြင်းကို ရပ်တန့်ရန်အတွက် ထောက်ပြထားသည်။

အလားတူ စစ်အုပ်စုခေါင်းဆောင် ထိုင်းနိုင်ငံလာမည့်အပေါ် နိုင်ငံရေးအရ အသိမှတ်ပြုမှုမပေးရန် ထိုင်းလူထုနှင့် တက်ကြွလှုပ်ရှားသူများက ဩဂုတ်လ(၃)ရက်နေ့တွင် ဆန့်ကျင်နေကြခြင်းရှိသလို နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် သဘာဝပတ်ဝန်းကျင်နှင့်ရေထုညစ်ညမ်းစေမှုနှင့် ပတ်သက်၍လည်း တာဝန်ခံဖို့ ကန့်ကွက်ဆန္ဒပြကြသည်။