စက်တင်ဘာ (၁၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ကော်သူးလေ လယ်ယာနှင့် စိုက်ပျိုးရေးဌာန၏ မူဝါဒနှင့်အညီ တောင်သူလယ်သမားများ၏ အခွင့်အရေးကို ကာကွယ်နိုင်ရန်နှင့် စားနပ်ရိက္ခာဖူလုံရေးအတွက် ဒူးပလာယာခရိုင်ရှိ ကျေးရွာ ၆ ရွာတွင် ကော်သူးလေ တောင်သူလယ်သမားများ သမဂ္ဂ (KAWU) ကို အောက်ခြေအဆင့်မှ စတင်ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
ကော်သူးလေအလုပ်သမားများသမဂ္ဂ (FTUK) လက်အောက်ရှိ KAWU ဖွဲ့စည်းခြင်းကို ပြီးခဲ့သည့် ဩဂုတ်လအတွင်း ဗဟိုကော်သူးလေ လယ်ယာနှင့် စိုက်ပျိုးရေးဌာန၊ ဒူးပလာယာခရိုင်နှင့် မြို့နယ်အဆင့် တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာအဆင့်မှ ကျေးနယ်အဆင့်အထိ အဆင့်ဆင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
“ရည်ရွယ်ချက်ကတော့ တောင်သူတွေရဲ့ ကိုယ်ပိုင်အခွင့်အရေးတွေကို သိဖို့ တပါးသူက သူတို့အပေါ် ခေါင်းပုံဖြတ် အမြတ်မထုတ်နိုင်ဖို့ မြေယာတွေအတွက်လည်း ထိုက်တန်တဲ့ အဖိုးအခ တောင်းဆိုနိုင်ဖို့နဲ့ နိုင်ငံတကာ အလုပ်သမားအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့ ဖြစ်ပါတယ်” ဟု ကော်သူးလေ ဗဟို လယ်ယာစိုက်ပျိုးရေး ဌာနမှူး ပဒိုလေစေးက ပြောသည်။
ဒူးပလာယာခရိုင်၊ KAWU ကို ကျေးရွာတစ်ရွာချင်းစီ၌ အခြေခံအဖွဲ့များ စတင်ဖွဲ့စည်းပြီးနောက် ကျေးရွာ ၃ ရွာမှ ၄ ရွာအထိ အစုအဖွဲ့ကြီးအဖြစ် ဖွဲ့စည်းကာ မြို့နယ်၊ ခရိုင်နှင့် ဗဟိုအဆင့်အထိ အောက်ခြေမှ အထက်သို့ ဒီမိုကရေစီနည်းကျ လွတ်လပ်စွာ ဖွဲ့စည်းတည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ကော်သူးလေ(ကရင်ပြည်)အတွင်း လယ်ယာဖြင့်အသက်မွေးဝမ်းကျောင်းမှုအခြေအနေသည့် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရခြင်းနှင့် လုံခြုံစွာစိုက်ပျိုးခွင့်ရခြင်းတို့ ဆုံးရှုံးနေပြီး အလုပ်သမားအခွင့်အရေးများပါ ထိခိုက်နစ်နာနေသည်ဟု ဒေသခံများက ပြောသည်။
KAWU အနေဖြင့် ထိုအခက်အခဲများကို စုစည်းဖော်ထုတ်ကာ နိုင်ငံတကာ အလုပ်သမားအဖွဲ့အစည်းများထံ တင်ပြတောင်းဆိုသွားနိုင်မည်ဖြစ်သလို စားနပ်ရိက္ခာလိုအပ်နေသည့် ဒေသများနှင့် စစ်ဘေးရှောင်များထံ တာဝန်ယူ ရိက္ခာဖြန့်ဝေပေးသွားနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

ပဒိုစောလေစေးက “ ရိက္ခာဖြန့်ဝေတယ်ဆိုတာ စားနပ်ရိက္ခာ မရှိတဲ့ဒေသတွေကို သင့်တင့်တဲ့ အဖိုးအခနဲ့ ရောင်းချပေးတာကိုပြောတာပါ။ ဒါကြောင့် သမဂ္ဂအနေနဲ့ နာမည်မပျက်ရအောင် အရည်အသွေးကောင်းမွန်ပြီး အဆိပ်အတောက်ကင်းတဲ့ သီးနှံထုတ်ကုန်တွေကို ထုတ်လုပ်ကြဖို့ တောင်သူတွေကို မှာကြားချင်ပါတယ်” ဟု ကေအိုင်စီကို ဖြည့်စွက်ပြောသည်။
ထို့အပြင် KAWU ဖွဲ့စည်းခြင်းမှတစ်ဆင့် တောင်သူလယ်သမားများအကြား စည်းလုံးညီညွတ်မှု၊ ကိုယ်တိုင်ပါဝင်ဆောင်ရွက်မှုနှင့် မိမိတို့၏ လိုအပ်ချက်၊ အခက်အခဲနှင့် ရပိုင်ခွင့်များကို အဖွဲ့အစည်းအနေဖြင့် စုစည်းဖော်ထုတ်နိုင်မှု ပိုမိုအားကောင်းလာမည်ဖြစ်ကြောင်း သိရသည်။
KAWU သည် လွတ်လပ်၍ အမှီအခိုကင်းစွာ ရပ်တည်မှုနှင့် တောင်သူများ၏ လိုအပ်ချက်၊ မြေယာနှင့် အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ပိုမိုအားကောင်းစွာ ဖော်ထုတ်ဆောင်ရွက်သွားရန်လည်း ရည်ရွယ်ချက်ရှိနေသည်။
၂၀၂၅ ခုနှစ်တွင် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍအတွက် FTUK လက်အောက်ခံအဖွဲ့များဖြစ်သည့် ကော်သူးလေ ပညာရေးလုပ်သားများသမဂ္ဂ-KEWU၊ ကော်သူးလေ ကျန်းမာရေးလုပ်သားများသမဂ္ဂ-KHWU တို့ကိုလည်း ဒူးပလာယာခရိုင်မှ စတင်ဖွဲ့စည်းခဲ့ခြင်းရှိသည်။
ထို့အတူ လက်ရှိတွင်လည်း ကေအဲန်ယူ နယ်မြေ ၇ ခုစလုံးတွင် ခရိုင်နှင့် မြို့နယ်အဆင့်များ ဖွဲ့စည်းဆောင်ရွက်ထားနိုင်ကာ ကျေးရွာအဆင့်အထိ ဆက်လက်တည်ဆောက်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သက်ဆိုင်ရာတာဝန်ရှိသူထံမှ သိရသည်။


















