Home သတင်း T. Thanbyah College and Institutes (TCI) ၏ ပညာရေး ရံပုံငွေရှာ စျေးရောင်းပွဲတော် ပြုလုပ်ပြီးစီး

T. Thanbyah College and Institutes (TCI) ၏ ပညာရေး ရံပုံငွေရှာ စျေးရောင်းပွဲတော် ပြုလုပ်ပြီးစီး

11

စက်တင်ဘာ ၂၀ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

T. Thanbyah College and Institutes (TCI) ၏ ပညာရေး ရံပုံငွေရှာ စျေးရောင်းပွဲတော် (Friends of TCI Australia) အခမ်းအနားကို ဩစတြေးလျနိုင်ငံ၊ နယူးဆောက်ဝေးပြည်နယ်၊ ဆစ်ဒနီမြို့ရှိ Doonside Community Centre ၌ စက်တင်ဘာလ ၁၉ ရက် (စနေနေ့) နံနက် ၈ နာရီခွဲမှ မွန်းလွဲ ၂ နာရီခွဲအထိ ကျင်းပပြုလုပ်ခဲ့သည်။

Australian Karen Organisation (AKO) မှ ဦးဆောင်ကျင်းပသည့် အဆိုပါပွဲသို့ မဟာမိတ် အဖွဲ့အစည်းများ၊ ဖိတ်ကြားထားသော နိုင်ငံခြားသား ကိုယ်စားလှယ်များနှင့် ကရင်အသိုင်းအဝိုင်းမှ လူကြီး၊ လူငယ် စုစုပေါင်း ၃၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားအဖွင့်တွင် Friends of TCI Australia (FOTCI) ၏ ဥက္ကဋ္ဌ မန်းဂျွန်ရော့ က “ကရင်လူမျိုးတွေရဲ့ ပညာရေး ပိုမိုမြင့်မားလာဖို့နဲ့ အောက်ကျနောက်ကျ မဖြစ်ဘဲ ရေရှည်ရပ်တည်နိုင်ဖို့၊ သင်ကြားတတ်မြောက်မှု အသီးအပွင့် အခွင့်အလမ်းတွေ ပေါ်ထွန်းလာဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ မူတြော်အခြေစိုက် တီသံပြာ ကောလိပ်အင်စတီကျူ့ကနေ ကရင်လူငယ်ခေါင်းဆောင်သစ်တွေ မွေးထုတ်ပေးပြီး ကရင့်အနာဂတ် ဖွံ့ဖြိုးတည်ဆောက်ရေးမှာ ပါဝင်ကူညီ တာဝန်ထမ်းဆောင်နိုင်ကြဖို့ မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့သည်။

ထို့အပြင် အခမ်းအနား၌ STARTTS ၏ Deputy CEO ဖြစ်သူ Mr. Lachlan Murdoch က ပညာရေးဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့ပြီး TCI တွင် လက်ရှိ တာဝန်ထမ်းဆောင်နေသည့် ဆရာ၊ ဆရာမများ၏ မျှော်လင့်ချက်နှင့် လုပ်ဆောင်ချက် ဗီဒီယိုမှတ်တမ်းတိုများကို ပြသခဲ့သည်။

အစီအစဉ်အရ ဆစ်ဒနီရောက် ကရင်လူငယ်များ၏ ကရင်သီချင်းသီဆိုပြိုင်ပွဲ၊ ဆုပေးပွဲ၊ ကံစမ်းမဲဖောက်ပေးခြင်းနှင့် အစားအသောက် စျေးရောင်းပွဲတော်များကိုလည်း ထည့်သွင်းကျင်းပခဲ့သည်။

AKO သည် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင်အခြေစိုက် TCI နှင့် လက်တွဲလုပ်ဆောင်လာသည်မှာ ၁၀ နှစ်ကျော် ရှိပြီဖြစ်သည်။

မူတြော် (ဖာပွန်) ခရိုင်၊ ဘူးသိုမြို့နယ်တွင် တည်ရှိသော တက္ကသိုလ်အဆင့်ရှိ T. Thanbyah College and Institutes ကျောင်းကို လွန်ခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။