Home သတင်း ဘန်ကောက်က ငွေလိမ်ဂိုဏ်းကို ထိုင်းအာဏာပိုင်များ ဝင်ရောက်စီးနင်းမှု မြန်မာအပါအဝင် (၁၅)ဦး ဖမ်းမိ

ဘန်ကောက်က ငွေလိမ်ဂိုဏ်းကို ထိုင်းအာဏာပိုင်များ ဝင်ရောက်စီးနင်းမှု မြန်မာအပါအဝင် (၁၅)ဦး ဖမ်းမိ

10
Photo & Ref: Khaosod News

စက်တင်ဘာ (၁၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ ဘန်ဘောခရိုင်အတွင်းရှိ ငွေကြေးနှင့်ပတ်သက်ပြီး လိမ်လည်မှုလုပ်ဆောင်နေသည့် ဇိမ်ခံအိမ်ယာတစ်ခုကို ယမန်နေ့ စက်တင်ဘာ(၁၆)ရက်နေ့က ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနနှင့် အာဏာပိုင်များ ဝင်ရောက်စီးနင်းမှုတွင် သက်သေခံပစ္စည်းများနှင့်အတူ မြန်မာနိုင်ငံသား အပါအဝင် သံသယရှိတရားခံ(၁၅) ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။

တစ်လလျှင် အိမ်ငှားခ ဘတ် ၉ သိန်း ပေးဆောင်ရသည့် အဆိုပါဇိမ်ခံအိမ်သို့ နိုင်ငံခြားသားများ အဝင်အထွက် ပြုလုပ်နေကြောင်း သတင်းပေးတိုင်တန်းချက်အရ အာဏာပိုင်များ ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။ ထို့နောက် ဂျပန်နိုင်ငံသားများကို ပစ်မှတ်ထားကာ လိမ်လည်မှုပြုလုပ်နေသည်ကို ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

အာဏာပိုင်များက အဆိုပါအိမ်အတွင်း ထိုင်းနိုင်ငံသား ၁ ဦးအပြင် ဂျပန်၊ တရုတ်၊ ထိုင်ဝမ်နှင့် မြန်မာနိုင်ငံခြားသား (၁၄) ဦး ကို ဖမ်းဆီးမိခဲ့သော်လည်း ခေါင်းဆောင်ဖြစ်သည့် တရုတ်အမျိုးသားမှာမူ လွတ်မြောက်နေသည်ဟု ဆိုသည်။

၎င်းဇိမ်ခံအိမ်ကြီးကို ထိုင်းနိုင်ငံသားတစ်ဦး က အမည်ခံ၍ ငှားရမ်းပေးထားခြင်းဖြစ်ပြီး လုပ်ငန်းလည်ပတ်နေသည်မှာ ၁ နှစ်ကျော်ကြာ ရှိပြီဖြစ်ကြောင်းလည်း ထိုင်းသတင်းများက ဖော်ပြသည်။

လိမ်လည်မှုသံသယရှိ တရားခံများသည် ဂျပန်ရဲများအဖြစ်အသွင်ယူကာ ဂျပန်နိုင်ငံသားများကို အဓိကထား လိမ်လည်နေခြင်းဖြစ်သလို ဂျပန်ရဲဌာန၏ ဘတ်တံဆိပ်တပ် ရဲတပ်ဖွဲ့ဝတ်စုံများကိုလည်း ၎င်းတို့ထံမှ အာဏာပိုင်များမှ သိမ်းဆည်းရမိခဲ့သည်။

Photo & Ref: Khaosod News

ထို့အပြင် တရားခံများက ဂျပန်ရဲတပ်ဖွဲ့ဝင်ပုံစံအယောင်ဆောင်ကာ ကျဘမ်း ဖုန်းနံပါတ်များကို ခေါ်ဆို၍ တရားမဝင်ကုန်စည်ပါဆယ်များတွင် ပါဝင်ပတ်သက်နေသည်ဟု လိမ်လည်၊ ငွေကြေး တရားမဝင်လွှဲပြောင်းစေခြင်း ဖြစ်သည်ဟုလည်း ထိုင်းအာဏာပိုင်များက ဆိုသည်။

အာဏာပိုင်များ သိမ်းဆည်းရမိသည့် ပစ္စည်းများတွင် ကွန်ပျူတာများ၊ မိုဘိုင်းဖုန်းများနှင့် ငွေလွှဲပြောင်းရန် အသုံးပြုသည့် SIM ကတ်များအပြင်၊ စိတ်ကြွမူးယစ်ဆေးနှင့် ဆေးအသုံးပြုသည့် ပစ္စည်းများလည်း ပါဝင်ကြောင်း သိရသည်။

လက်ရှိတွင် လူဝင်မှုကြီးကြပ်ရေးအရာရှိများက သိမ်းဆည်းရမိသည့် ပစ္စည်းများကို စာရင်းပြုစု ဆက်လက်စစ်ဆေးနေဆဲဖြစ်ပြီး ထွက်ပြေးလွတ်မြောက်နေသည့် ခေါင်းဆောင်တရုတ်အမျိုးသားကိုလည်း ဆက်လက်ရှာဖွေလျက်ရှိသည်။

လက်ဝယ်ဖမ်းဆီးထားသူ (၁၅)ဦးကိုမူ ငွေလိမ်ဂိုဏ်းများတွင် ပါဝင်ပတ်သက်ခဲ့ခြင်းအတွက် ဥပဒေအရအရေးယူနိုင်ရန် တာဝန်ရှိသူများထံ လွှဲပြောင်းပေးထားသလို ပြစ်မှုထင်ရှားပါက ထိုင်းနိုင်ငံမှ ပြည်နှင်ဒဏ်ခံရနိုင်ချေရှိကြောင်း ထိုင်းမီဒီယာများက ဖော်ပြကြသည်။

Photo & Ref: Khaosod News