Home သတင်း ဘုရားသုံးဆူတွင် လက်နက်ကိုင်လူတစ်စု ပစ်ခတ်မှုကြောင့် DKBA အရာရှိတစ်ဦး သေဆုံး

ဘုရားသုံးဆူတွင် လက်နက်ကိုင်လူတစ်စု ပစ်ခတ်မှုကြောင့် DKBA အရာရှိတစ်ဦး သေဆုံး

434
Photo: CJ

စက်တင်ဘာ (၁၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့ပေါ်၊ ဥဒေါင်းကန်လမ်းရှိ စားသောက်ဆိုင်တစ်ခုတွင် ပြီးခဲ့သည့်စက်တင်ဘာ(၁၅)ရက်နေ့က အမည်မသိလက်နက်ကိုင်လူတစ်စု၏ပစ်ခတ်မှုကြောင့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်-DKBA မှ ဗိုလ်မှူးအဆင့်ရှိသူတစ်ဦး သေဆုံးသွားကြောင်း မြို့ခံများက ပြောသည်။

DKBA တပ်နယ် (၂) လက်အောက်ခံ (၉၀၁) တပ်ရင်းမှ ဗိုလ်မှူးအာလူး (ခ) ထွန်းဇော် သည် အဆိုပါစားသောက်ဆိုင်တွင်ရောက်ရှိနေစဉ် လက်နက်ကိုင်တစ်စုက မော်တော်ယာဉ်ဖြင့် ရောက်ရှိလာပြီး ၎င်းကို သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ဗိုလ်အာလူးက အဲဒီဆိုင်မှာ ပွဲလုပ်ပြီး စားသောက်နေကြတုန်း ကားတစ်စီးနဲ့ လူတွေဆင်းလာပြီး ပစ်သွားတာ။ ကျည် ၃ ချက်၊ ၄ ချက်မသိဘူး ထိပြီး ဆုံးသွားတယ်။ ပစ်တဲ့အုပ်စုက ကားနဲ့ ပြန်ထွက်ပြေးသွားတယ်” ဟု သေဆုံးသူနှင့်နီးစပ်သည့် အမည်မဖော်လိုသူ DKBA တပ်ဖွဲ့ဝင်က ပြောသည်။

ဗိုလ်မှူးထွန်းဇော်သည် ဘုရားသုံးဆူတွင် စီးပွားရေးတာဝန်ခံတစ်ဦးအဖြစ်လည်း တာဝန်ရှိနေပြီး ၎င်းသေဆုံးမှုအပေါ် အဖွဲ့အစည်းဘက်က ကျူးလွန်သူများ မည်သူမည်ဝါ လိုက်လံစုံစမ်းနေသော်လည်း ယနေ့ထက်ထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။

ထို့အပြင် ဗိုလ်မှူးထွန်းဇော်သည် အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်) ကိစ္စများတွင် ပတ်သက်မှုရှိသူဖြစ်၍ ယခု ပစ်ခတ်သတ်ဖြတ်ခံရမှုနှင့် အကြောင်းအရင်းဆက်စပ်နေသည်ဟု ဘုရားသုံးဆူအတွင်း သတင်းအရင်းအမြစ်များက ဆိုသည်။ ကေအိုင်စီအနေဖြင့်မူ ထိုပြောဆိုချက်များအပေါ် သီးခြားအတည်ပြုလျက်ရှိသည်။

မြို့ခံများပြောပြချက်အရ DKBA ထိန်းချုပ်ထားသည့် ဘုရားသုံးဆူမြို့၌ အွန်လိုင်းငွေလိမ်လုပ်ငန်းများ ပိုမိုများပြားလာနေပြီး ၎င်းတို့တပ်ဖွဲ့ဝင်အချို့မှာလည်း အပြိုင်အဆိုင် အကျိုးစီးပွား လုပ်ကိုင်လာကြခြင်း ရှိနေသည်။

ထို့အတူ မြို့ပေါ်တွင် တရားဥပဒေစိုးမိုးမှု လျော့နည်းနေသလို မူးယစ်ဆေးဝါး သုံးစွဲနိုင်သည့် စားသောက်ဆိုင်၊ အရက်ဆိုင်၊ KTV နှင့် အနှိပ်ခန်းများလည်း ပိုမိုများပြားလာရာ ဒုစရိုက်မှုများ မကြာခဏဖြစ်ပွားနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ (၂၇) ရက်ကလည်း ဘုရားသုံးဆူမြို့တွင် DKBA အဖွဲ့မှ ဗိုလ်မှူးတစ်ဦးနှင့် သူ၏ဇနီးဖြစ်သူတို့ကို ဆိုင်ကယ်စီးနင်းလာသူ(၂)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည့်ဖြစ်စဥ် ဖြစ်ပွားခဲ့ပြီး ယနေ့ထက်ထိ ကျူးလွန်သူများကို ဖမ်းမမိသေးဟု နီးစပ်ရာမြို့ခံများက ဆိုသည်။