Home သတင်း ဧရာဝတီတိုင်း၊ ညောင်တုန်းကျွန်းတာပြိုကျမှု ထပ်မံဖြစ်ပွား၊ လူနေအိမ်အချို့ ဖျက်လိုက်ရ

ဧရာဝတီတိုင်း၊ ညောင်တုန်းကျွန်းတာပြိုကျမှု ထပ်မံဖြစ်ပွား၊ လူနေအိမ်အချို့ ဖျက်လိုက်ရ

418
Photo: CJ

စက်တင်ဘာ (၁၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာ(၁၆)ရက်နေ့က ရေတိုက်စားမှုကြောင့် ညောင်တုန်းကျွန်းတာပြိုကျမှု ထပ်မံဖြစ်ပွားခဲ့ရာ ရေဝင်ပေါက်ကာကွယ်ရန်အတွက် အနီးအနားရှိ လူနေအိမ်အချို့ကို ဖျက်လိုက်ရကြောင်း ဒေသခံများက ပြောသည်။

ချောင်းဖျားကျေးရွာရှိ ညောင်တုန်းကျွန်းတာပြိုကျမှုသည် ပြီးခဲ့သည့် ဩဂုတ်လ(၂၅)ရက်နေ့က ပထမအကြိမ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထို့နောက် ရက်(၂၀)ဝန်းကျင်ကြာ ပြုပြင်နေရသော်လည်း ယခု စက်တင်ဘာ (၁၆)ရက်နှင့်(၁၇)ရက်တို့တွင် ဂန်ချောင်းကျေးရွာနှင့်အနီး၌ တာထပ်မံပြိုကျခဲ့ပြီး စုစုပေါင်း ပေ(၃၀၀)ခန့် ရှိနေကြောင်း သိရသည်။

“ဆက်ပြိုကျနေမယ်ဆိုရင် အနီးအနားမှာရှိတဲ့ အိမ်တွေ ပါသွားနိုင်တယ်။ အဲဒီနားဝန်းကျင်က အိမ်တွေထဲကို ရေတွေဝင်နိုင်တယ်၊ ရေစီးကြောင်းက တည့်တည့်ထိုးနေတာဆိုတော့” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိတွင် တာပြိုကျမှုကြောင့် ရေဝင်ရောက်လာနိုင်သည့်အပေါ် အနီးအနားကျေးရွာများမှ ဒေသခံများနှင့်တာဝန်ရှိသူများ စုပေါင်း၍ ဝါးတိုင်များ၊ သဲအိတ်များ စီချပြီး ပန်းတာဖို့ခြင်းကို အရေးပေါ်ဆောင်ရွက်နေကြကြောင်း ဝိုင်းဝန်းလုပ်ဆောင်နေကြသူများက ဆိုသည်။

ယင်းကြောင့် အခြေအနေအရ ပန်းတာဖို့သည့်လမ်းကြောင်းနှင့်မလွတ်ကင်းသဖြင့် လူနေအိမ်အချို့ကို ကြိုတင်ဖျက်လိုက်ရခြင်းလည်း ရှိသည်။

“ပြိုကျတဲ့တာကြားက ရေဝင်ရင် မြုပ်သွားနိုင်တဲ့ အိမ်ခြေက ၄၀ ဝန်းကျင်လောက် ရှိတယ်လေ အဲဒါကြောင့်ပါ။ အိမ်ဖျက်လိုက်ရတဲ့ မိသားစုတွေကတော့ သူတို့ဆွေမျိူးအိမ်တွေမှာ သွားနေ နေရတာပေါ့” ဟု ဖော်ပြပါဒေသခံအမျိုးသားက ဖြည့်စွက်ပြောသည်။

ယမန်နေ့ကပြိုကျသွားသည့် ဂန်ချောင်းတာသည် ပထမဆုံးပြိုကျခဲ့သည့် ချောင်းဖျားတာနှင့် တစ်ဆက်တည်းဖြစ်ပြီး ခြောက်ဖာလုံခန့်သာ ကွာဝေးသည်။

ထို့အပြင် တာပြင်ဆင်မှုအပြီးမသတ်နိုင်သလို ဆက်လက်ပြိုကျမှုရှိပါက ဧရာဝတီတိုင်းဒေသကြီးထဲရှိ မြို့နှင့်ကျေးရွာတချို့တို့အပြင် ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ထဲထိ ရေဝင်ရောက်လာနိုင်ခြင်းရှိကြောင်းလည်း နားလည်တက်ကျွမ်းသူများက ခန့်မှန်းနေကြသည်။

အလားတူ လေးမျက်နှာမြို့နယ်တွင်လည်း ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းကတည်းက ငဝန်မြစ်တာကျိုးကျ၊ မြေနိမ့်ဝင်ရာမှ မြို့နယ်အတွင်းရှိကျေးရွာအများအပြားတွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ခြင်းရှိသည်။