Home သတင်း လေးကေကော် ရဲကုန်းဒေသတွင် စစ်အုပ်စုတပ်သား ၁ ဦး တပ်ရင်းမှူးလက်နက် ယူဆောင်ပြီး KNLA ထံ လက်နက်ချ

လေးကေကော် ရဲကုန်းဒေသတွင် စစ်အုပ်စုတပ်သား ၁ ဦး တပ်ရင်းမှူးလက်နက် ယူဆောင်ပြီး KNLA ထံ လက်နက်ချ

20
Photo: KNLA

ဩဂုတ် ၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တောင်ဘက် လေးကေကော်ဒေသ၊ ရဲကုန်းအနီး၌ စစ်အုပ်စုတပ်ဖွဲ့ဝင် ၁ ဦးသည် ယနေ့ (ဩဂုတ် ၁ ရက်)တွင် တပ်ရင်းမှူးဖြစ်သူ လက်နက်ကို ယူဆောင်လာပြီး ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ထံ လာရောက်လက်နက်ချခဲ့ကြောင်း စစ်မြေပြင်သတင်းရင်းမြစ်ထံမှ သိရသည်။

အသက် (၂၄) နှစ်အရွယ်ရှိ အဆိုပါ လက်နက်ချလာသည့် စစ်အုပ်စုတပ်သားသည် ၎င်း၏ တပ်ရင်း မှူးဖြစ်သူ၏ လက်နက်ကို ယူဆောင်လာခဲ့ပြီး ရှေ့တန်းစစ်မျက်နှာပြင် တိုက်ပွဲကြားမှနေ၍ ထွက်ပြေး လွတ်မြောက်လာခဲ့ခြင်းဖြစ်ကြောင်း ရှေ့တန်းသတင်းရင်းမြစ်က ကေအိုင်စီသို့ ပြောသည်။

” တိုက်ပွဲဖြစ်ပြီး အလင်းဝင်လာတာမဟုတ်ဘူး။ ရန်သူနဲ့ ကျနော်တို့နဲ့ ဆိုင်ထားတဲ့အချိန်မှာ သူ့တပ်ရင်းက တပ်ရင်းမှူးနေရာကနေ သေနတ်ခိုးပြီး ကျနော်တို့နဲ့တွေ့တဲ့အချိန်မှာ လှမ်းအော်ပြီး တိတ်တိတ်လေး ခိုးပြီး ရောက်လာတာ” ဟု ၎င်းရှေ့တန်းသတင်းအရင်းအမြစ်က ပြောသည်။

လက်ရှိတွင် စစ်အုပ်စုဘက်၌ ထိခိုက်ကျဆုံးမှုများပြားနေပြီး ရှေ့ဆက်တိုက်ခိုက်လိုစိတ် မရှိတော့ သော်လည်း နောက်တန်းမှ ဖိအားပေးမှုများနှင့် အမိန့်ပေးခံရမှုများကြောင့်သာ အနေအထားအရ မလွှဲမရှောင်သာ ဆက်လက်လှုပ်ရှားနေရကြောင်း လက်နက်ချလာသည့် တပ်သားများ၏ ပြောပြချက်ကို ကိုးကား၍ အဆိုပါ သတင်းအရင်းအမြစ်က ပြောသည်။

” သူတို့ဘက်ကတော့ ထိခိုက်ကျဆုံး များတယ်။ သူတို့အနောက်မှာ ပစ (ပြည်သူ့စစ်) တွေ အများကြီးပဲ၊ မနေနိုင်တော့ဘူး ထွက်ပြေးချင်နေကြပြီ၊ ထွက်ပြေးလို့ အခွင့်မသာလို့ ထွက်ပြေးလို့ မလွတ်မြောက်နိုင်တဲ့ အနေအထားမှာ ရှိနေတယ်” ဟု ၎င်းသတင်းအရင်းအမြစ်က ဆက်ပြောသည်။

အလားတူ ပြီးခဲ့သည့် ဇူလိုင်လ ၂၈ ရက်နေ့ကလည်း အဆိုပါ လေးကေကော်၊ ရဲကုန်းဒေသအတွင်း၌ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၃) လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ-၅၅၇) မှ စစ်အုပ်စု တပ်သား ၂ ဦးသည် လက်နက် ၃ လက်၊ ခဲယမ်းမီးကျောက်များနှင့်အတူ KNLA တပ်ရင်း (၂၇) ထံသို့ အလံဖြူထောင် လက်နက်ချခဲ့သေးသည်။

လက်ရှိတွင် မြဝတီတောင်ဘက်၌ ထိုးစစ်ဆင်လာသော စစ်အုပ်စုစစ်ကြောင်းများနှင့် KNU/KNLA ပူးပေါင်းတပ်ဖွဲ့များ၊ PDF နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား ခုခံစစ်အနေဖြင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိကြောင်း သိရသည်။