Home သတင်း စစ်အုပ်စုကိုပြန်တိုက်ရာမှ ဘက်ပြောင်းသွားသူ ဗိုလ်ကျော်သက်ကို DKBA က အမှတ်(၃) ကွပ်ကဲရေးမှူးအဖြစ် တရားဝင်ခန့်အပ်

စစ်အုပ်စုကိုပြန်တိုက်ရာမှ ဘက်ပြောင်းသွားသူ ဗိုလ်ကျော်သက်ကို DKBA က အမှတ်(၃) ကွပ်ကဲရေးမှူးအဖြစ် တရားဝင်ခန့်အပ်

10
Photo: DKBA

ဩဂုတ် (၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်မဟာ(၆)နှင့်အတူပူးပေါင်းပြီး စစ်အုပ်စုကိုပြန်လည်တိုက်ခိုက်ခဲ့သူ ဗိုလ်မှူးချုပ် စောကျော်သက်ကို ဒီမိုကရေစီအကျိုးပြုကရင့်‌တပ်မတော်-DKBA က အမှတ်(၃)စစ်ဒေသ ကွပ်ကဲရေးမှူးအဖြစ် ယနေ့ ဩဂုတ်(၂)ရက်နေ့တွင် တရားဝင်တာဝန်ခန့်အပ်ခဲ့ကြောင်း DKBA ထံမှ သိရသည်။

ယခင်က ကလို့ထူးဝါးစစ်ကွပ်ကဲ‌ရေးတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဗိုလ်မှူးချုပ်စောကျော်သက် အပါအဝင် တပ်ဖွဲ့ဝင်(၃၅၀)ခန့်သည် အဖွဲ့နှင့်ပြန်လည်ပူးပေါင်းလာကြောင်း ပြီးခဲ့သည့် ဇူလိုင်လ(၃၁)ရက်နေ့က DKBA ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီက ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

ထို့နောက် ယနေ့တွင် အခမ်းအနားဖြင့် စောကျော်သက်အား DKBA အမှတ်(၃) စစ်ဒေသ၏ စစ်ကွပ်ကဲရေးမှူးအဖြစ် တရားဝင်တာဝန်ပေးအပ်ခြင်းကို ပြုလုပ်ခြင်းဖြစ်ကြောင်း DKBA ကလို့ထူးဘောဌာနချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး ယခင်က DKBA မှခွဲထွက်ခဲ့သော်လည်း ယခု အင်အားဖြစ်စေရန် ရည်ရွယ်ပြီး တပ်ပြန်ပေါင်းခြင်းဖြစ်ကြောင်း ဗိုလ်ကျော်သက်က ကေအိုင်စီကို ဖြေကြားထားသည်။

၂၀၁၅ ခုနှစ်က DKBA မှ ထုတ်ပယ်ခံရပြီး သီးသန့်ရပ်တည်နေသူဗိုလ်ကျော်သက်သည် စစ်အုပ်စု အာဏာသိမ်းပြီးနောက်ပိုင်းတွင် ကျားဖြူစစ်ကြောင်း၏ စစ်ကြောင်းမှူး၊ အမှတ်(၃၁)၏ဗျူဟာမှူးအဖြစ် တာဝန်ယူခဲ့ခြင်းရှိသည်။

ထိုစဉ်က အာရှလမ်းတိုက်ပွဲနှင့် ကော့ကရိတ်မြို့သိမ်းတိုက်ပွဲများတွင် KNLA နှင့်ပူးပေါင်းပြီး စစ်အုပ်စုကိုပြန်လည်တိုက်ခိုက်ခဲ့သော်လည်း ထို့နောက်တွင် ၎င်း၏ မိခင်အဖွဲ့အစည်း DKBA နှင့်ပြန်လည်ပူးပေါင်းသွားခြင်းဖြစ်သည်။

DKBA နှင့်ခေါင်း‌ဆောင်များသည် စစ်အုပ်စုသမ္မတ မင်းအောင်လှိုင်၏ ရက်(၁၀၀)စီမံချက် အတွင်း စစ်အုပ်စုနှင့်ထိတွေ့ဆက်ဆံမှုကြောင့် လူထုဝေဖန်မှုအပြင် ပြီးခဲ့သည့်ရက်ကလည်း ဥရောပသမဂ္ဂ(EU)၏ ဒဏ်ခတ်ပိတ်ဆို့မှု ခံထားရသည်။