Home သတင်း ကျောက်ခက်ရှိ ကျားဖြန့်လုပ်ငန်းများ ထိုင်းမြန်မာနယ်စပ်လမ်းကြောင်းမှ ဘုရားသုံးဆူသို့ ဆက်လက်ပြောင်းရွှေ့

ကျောက်ခက်ရှိ ကျားဖြန့်လုပ်ငန်းများ ထိုင်းမြန်မာနယ်စပ်လမ်းကြောင်းမှ ဘုရားသုံးဆူသို့ ဆက်လက်ပြောင်းရွှေ့

58
Photo: CJ

ဇူလိုင် (၂၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ ကျောက်ခက်ကျေးရွာရှိ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များ ပြီးခဲ့သည့် ဇူလိုင်လ တတိယအပတ်မှစ၍ ထိုင်း-မြန်မာ နယ်စပ်လမ်းကြောင်းမှတစ်ဆင့် ဘုရားသုံးဆူမြို့ဘက်သို့ ဆက်လက်ရွှေ့ပြောင်းနေကြကြောင်း နယ်စပ်နေဒေသခံများ၏ပြောပြချက်အရ သိရသည်။

စစ်အုပ်စုက ကျောက်ခက်၊ ဆုံဆည်းမြိုင် နယ်မြေများကို ထိန်းချုပ်ထားသည့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်-DKBA ခေါင်းဆောင်များနှင့် နေပြည်တော်တွင်တွေ့ဆုံကာ ကျားဖြန့်လုပ်ငန်းများတွင် ပါဝင်ပတ်သက်မှုမရှိရန် ပြောဆိုခဲ့ပြီးနောက် ကျောက်ခက်က ကျားဖြန့်လုပ်ငန်းများမှာ နယ်စပ်လမ်းကြောင်းမှတဆင့် ဆုံဆည်းမြိုင်၊ ထို့နောက် ဘုရားသုံးဆူသို့ ဆက်လက်ရွှေ့ပြောင်းလာကြကြောင်း ဝေါလေဒေသခံတစ်ဦးက ပြောသည်။

“ဝေါလေကနေ အုန်းဖန်၊ ပိုင်ခလန်၊ ကျိုက်ဒုံလမ်းအတိုင်း ဘုရားသုံးဆူကို အရေးပေါ် ရွှေ့နေကြတာ။ မိုးတွင်းဆို တောလမ်းက သွားလို့မရတော့ နယ်စပ်လမ်းအတိုင်း သွားနေကြတာပါ” ဟု အဆိုပါဝေါလေဒေသခံက ပြောသည်။

၎င်းတို့အနက်အချို့မှာ ဝါးမီးထကျေးရွာနှင့် ဆုံဆည်းမြိုင်ကျေးရွာရှိ တောတောင်ထူထပ်သော နေရာများ၌ ယာယီနေရာသစ်များ ဆောက်လုပ်ကာ အခြေချနေကြခြင်းလည်းရှိကြောင်း ကျောက်ခက်မှကျားဖြန့်လုပ်သားများနှင့်နီးစပ်သူတချို့က ဆိုသည်။

Photo: CJ

ထို့အပြင် နေပြည်တော်ပွဲတွင် ဝေါလေ၊ ကျောက်ခက်နှင့်ဘုရားသုံးဆူ၌ ကျားဖြန့်ကင်းစင်ရေးလုပ်ဆောင်ရန် DKBA ခေါင်းဆောင်အချို့အား စစ်အုပ်စုက ထည့်သွင်းပြောဆိုမှုရှိခဲ့သည်။ ယင်းကြောင့် KK Park နှင့် ရွှေကုက္ကိုလ်ကဲ့သို့ ကျောက်ခက်က ကျားဖြန့်နေရာများ ဖျက်ဆီးခံရနိုင်ကြောင်း သတင်းထွက်ပေါ်နေ၍ အပြောင်းအရွှေ့များဖြစ်လာသည်ဟုလည်း ကရင်လက်နက်ကိုင်သတင်းအရင်းအမြစ်မှ သိရသည်။

ဘုရားသုံးဆူနေဒေသခံတစ်ဦးက “သုံးဆူဘက်ကို တရုတ်တွေ ကျိုက်ဒုံလမ်းကနေ ဝင်လာနေတယ်။ ပြီးတော့ သုံးဆူမြို့ပြင် ထီးခိုင်ရွာ လမ်းဘေးတစ်လျှောက်မှာ အဆောက်အအုံတွေကို နေ့ခြင်းညခြင်း ဆောက်နေကြတယ်။ အလုပ်သမား ရာနဲ့ချီပြီး မီးစက်တွေနဲ့ ညဘက်ပါ အလုပ်လုပ်နေကြတာ” ဟု ကေအိုင်စီကို ပြောသည်။

DKBA ထိန်းချုပ်နယ်မြေအတွင်းဖြစ်ပွားနေသည့်အပေါ် အဖွဲ့ပြောခွင့်ရသူများထံ ကေအိုင်စီ-ကရင်သတင်းဌာနမှ ပြီးခဲ့သည့် ဇူလိုင်(၂၂)ရက်နေ့ကတည်းက ဆက်သွယ်နေသော်လည်း ယနေ့ထက်ထိ အဆက်အသွယ်မရပေ။

ထို့အတူ ယခုဇူလိုင်လထဲတွင် ဝေါလေ၊ မင်းလက်ပံ၊ ဖလူး၊ လေးကေ့ကော်တို့ဘက်တွင် စစ်အုပ်စုက လေကြောင်း၊ ဒရုန်းနှင့်လက်နက်ကြီးပစ်ခတ်မှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သလို ထိုးစစ်ဆင်လာသည့်စစ်ကြောင်းများနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မဟာမိတ်တပ်များအကြား နှစ်ဖက်တိုက်ပွဲများလည်း ပြင်းထန်နေကြောင်း ကရင်စစ်ရေးသတင်းများအရ သိရသည်။