Home သတင်း မြဝတီမြို့တွင် ကားမိုင်းပေါက်ကွဲမှုဖြစ်ပွား၊ KNA တပ်ဖွဲ့ဝင်အချို့ ထိခိုက်သေဆုံးမှုရှိကြောင်း သတင်းထွက်

မြဝတီမြို့တွင် ကားမိုင်းပေါက်ကွဲမှုဖြစ်ပွား၊ KNA တပ်ဖွဲ့ဝင်အချို့ ထိခိုက်သေဆုံးမှုရှိကြောင်း သတင်းထွက်

349
Photo: Saw Kaw (facebook)

ဇူလိုင် (၂၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့၊ ရေပူရပ်ကွက်ရှိ ကရင်နယ်ခြားစောင့်တပ်-BGF/KNA ပိုင် ခြံဝန်းတစ်ခုအနီးတွင် ယနေ့ ဇူလိုင်လ(၂၆) ရက် နေ့လည်ပိုင်းအချိန်က ကားမိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အနီးရှိ BGF/KNA တပ်ဖွဲ့ဝင်အချို့ ထိခိုက်သေဆုံးမှုရှိကြောင်း နီးစပ်ရာသတင်းအရင်းအမြစ်မှ သိရသည်။

ယနေ့ နေ့လည်(၁၂)နာရီဝန်းကျင်တွင် ရေပူရပ်ကွက်ရှိ BGF/KNA ၏ ရော်ဘာခြံစစ်ဆေးရေးဂိတ်နေရာဟောင်းအနီး ပြင်းထန်သည့် ကားမိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပေါက်ကွဲမှုအတွင်း KNA တပ်ဖွဲ့ဝင်(၇)ဦး သေဆုံးပြီး (၉) ဦးဒဏ်ရာရရှိကြောင်း KNA တပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦး ပြောပြချက်အရ ကနဦးသိရသည်။

“သူတို့ စခန်းခြံဝင်းနားမှာ ရပ်ထားတဲ့ကားထဲက ပေါက်တာ။ သူများလာခိုးထောင်ထားတာက ပေါက်တာလား ၊ဘယ်လို ပေါက်တာလဲဆိုတာတော့ စစ်ဆေးနေတုန်းပဲ။ လောလောဆယ် KNA ရဲဘော် သေတာ(၇)ယောက်၊ (၉‌)ယောက်က အစမှန်ဒဏ်ရာရတယ်။ မြဝတီဆေးရုံပို့လိုက်ပြီ” ဟု အမည်မဖော်လိုသည့် ကေအိုင်စီသတင်းအရင်းအမြစ်က ပြောသည်။

မိုင်းပေါက်ကွဲမှုဖြစ်စဉ်အတွင်း BGF/KNA တပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရမှုရှိသည်နှင့်ပတ်သက်၍ အဖွဲ့ပြောခွင့်ရသူများထံ ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် ဆက်သွယ်မေးမြန်းနေသော်လည်း လက်ရှိသတင်းရေးသားနေချိန်အထိ အဆက်အသွယ်မရရှိသေးပါ။

ထို့အတူ မိုင်းပေါက်ကွဲမှုကို မည်သည့်အဖွဲ့ကလုပ်ဆောင်ခဲ့ကြောင်းကို ကေအိုင်စီမှ ဆက်လက်အတည်ပြုလျက်ရှိသည်။

ပြင်းထန်သည့် မိုင်းပေါက်ကွဲသံမှာ မြဝတီ၊ မဲဆောက်အတွင်းသို့ ရိုက်ခတ်မှုရှိခဲ့ပြီး လူထုစိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်ခဲ့ရခြင်းလည်း ရှိသည်။