Home သတင်း ဒုံရင်း အထက ကျောင်းသူ(၁)ဦး ကျောင်းဆင်းချိန် ယာဥ်တိုက်ခံရပြီး သေဆုံး

ဒုံရင်း အထက ကျောင်းသူ(၁)ဦး ကျောင်းဆင်းချိန် ယာဥ်တိုက်ခံရပြီး သေဆုံး

551

ဇွန် (၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့နယ် ဒုံရင်းတိုက်နယ်ရှိ ဒုံရင်းအထက ကျောင်းတွင် တက်ရောက်သင်ယူနေသည့် ကျောင်းသူ(၁)ဦးမှာ ဇွန်လ(၄)ရက်နေ့ ညနေပိုင်း ကျောင်းဆင်းအိမ်ပြန်စဥ် ကားလမ်းဖြတ်ကူးရာတွင် ယာဥ်တိုက်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

၂၀၂၆-၂၀၂၇ပညာသင်နှစ်အတွက် စာသင်ကျောင်းများ စတင်ဖွင့်လှစ်သည့် ပထမအပတ် (၄)ရက်မြောက်နေ့တွင် ဒုံရင်းအထကကျောင်း၌ (၇)တန်းတက်ရောက်သင်ယူနေသည့် အသက်(၁၃)နှစ်အရွယ် နန်းအေးမြကြည်(ခ) ပိုင်မူးမှာ ယာဥ်တိုက်ခံရမှုကြောင့် သေဆုံးသွားခြင်းဖြစ်သည်ဟု ကော့မုနုတ်ကျေးရွာဒေသခံတစ်ဦးက ပြောသည်။

“စစချင်း ကျောင်းတက်တဲ့အပတ်မှာ ဒီလိုဖြစ်တာစိတ်မကောင်းဘူး။ ကျောင်းကားနဲ့အိမ်ပြန်ပြီး ကျောင်းကြိုပို့ကားပေါ်ကနေဆင်းပြီးတော့ ကားရပ်တဲ့နေရာကနေ အိမ်ဘက် အပြန်လမ်းဖြတ်ကူးတဲ့အချိန်မှာ ကားတိုက်ခံရတာ”ဟု အဆိုပါဒေသခံက ပြောသည်။

နန်းအေးမြကြည်ကို တိုက်လိုက်သည့်မော်တော်ယာဥ်မှာ ပဲခူးဘက်မှ နယ်စပ်မြဝတီမြို့သို့ လူသွားကြိုရန် တက်လာသည့် ယာဥ်ဖြစ်ကြောင်းလည်း ဒေသခံ၏ ပြောဆိုချက်အရ သိရသည်။

ယာဥ်တိုက်မှုဖြစ်ပွားပြီးချိန်တွင် အဆိုပါယာဥ်မောင်းမှ လူနာအား ဆေးရုံသို့ အချိန်မီပို့ဆောင်ခဲ့သော်လည်း ဒဏ်ရာပြင်းထန်သဖြင့် ကုသနိုင်သည့် အခြေအနေမရှိသောကြောင့် နေအိမ်သို့ပြန်လည်ခေါ်ဆောင်လာရာ အိမ်အရောက်တွင် အသက်သေဆုံးသွားရခြင်းဖြစ်သည်ဟုလည်း နီးစပ်သူများက ဆိုသည်။

အလားတူ ဇွန်လ (၃)ရက်နေ့ကလည်း အဆိုပါလမ်းပေါ်၌ပင် အမျိုးသမီးတစ်ဦး ဆိုင်ကယ်တိုက်ခံရပြီး သေဆုံးသွားခြင်းရှိခဲ့သည်။

ဒုံရင်းလမ်းသည် နောင်လုံလမ်းကြားမှတစ်ဆင့် သံလွင်တံတားအထိ ပြန်လည်ပေါက်သော မြို့ရှောင်လမ်းတစ်လမ်းဖြစ်သလို ကားကြီးကားငယ်အသုံးပြုသွားလာမှုများသည့် လမ်းမကြီးတစ်ခုလည်းဖြစ်ကြောင်း ဒေသတွင်းခရီးသွားလာသူများက ဆိုသည်။