Home သတင်း ကရင်နီ၊ ဒီးမော့ဆိုတွင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် သင်းအုပ်ဆရာ(၁)ဦး သေဆုံး

ကရင်နီ၊ ဒီးမော့ဆိုတွင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် သင်းအုပ်ဆရာ(၁)ဦး သေဆုံး

525
Photo: CJ

ဇွန် (၅)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်းသို့ ယမန်နေ့ ဇွန်လ(၄)ရက်နေ့ ညနေပိုင်းက စစ်အုပ်စုလေကြောင်းဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် နှစ်ခြင်း ခရစ်ယာန် သင်းအုပ်ဆရာ(၁)ဦးသေဆုံးခဲ့ကြောင်း ဒေသခံများကပြောသည်။

ယမန်နေ့ ညနေ ၅ နာရီမှ ၆ နာရီကြားတွင် ဒေသခံပြည်သူများနေထိုင်ရာ နေရာကို လေယာဥ်ဗုံးကြဲတိုက်ခိုက်သွားခြင်းဖြစ်ပြီး စစ်ဘေးရှောင်ရင်း ဘုရားအမှုတော်ဆောင်နေသည့် သင်းအုပ်ဆရာ(၁)ဦး ဗုံးစထိမှန်သေဆုံးသွားခြင်းဖြစ်သည်။

ဒီးမော့ဆိုအနောက်ဖက်ခြမ်းတွင် စစ်ရှောင်ကူညီနေသူ အမျိုးသားတစ်ဦးက “ဟုတ်တယ် နှစ်ခြင်းသင်းအုပ်ဆရာတော်ပါ၊ သူလည်းစစ်ရှောင်ပဲ။ လေယာဥ်ကြဲတော့ ခေါင်းကိုထိပြီးဆုံးတယ်” ဟု ကေအိုင်စီကို ပြောသည်။

စစ်ရေးပြစ်မှတ်မဟုတ်သည့်နေရာကို စစ်အုပ်စုက လေယာဥ်ဖြင့် (၄)ကြိမ်တိုင်တိုင် ဗုံးကြဲချသွားခြင်းဖြစ်ပြီး ၎င်းအပြင် သက်ကြီးရွယ်အိုအမျိုးသား(၁)ဦးအပါအဝင် (၂)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း ဒေသခံများကပြောသည်။

Photo: CJ

“ကလေးတွေအတွက် စာသင်ကောင်းတဲ့ ဆရာတစ်ဦးလည်းဖြစ်ခဲ့သလို လူငယ်တွေအတွက် အမြဲတမ်းအနစ်နာခံပေးတဲ့ ခေါင်းဆောင်တစ်ဦးလည်းဖြစ်တယ်။ အမြဲတမ်း ပျော်ပျော်နေတတ်ပြီး အမြဲတမ်း active ဖြစ်နေတဲ့သူ” ဟူ၍ သင်းအုပ်ဆရာ သေဆုံးခြင်းနှင့်ပတ်သက်ပြီး သူ၏လူမှုကွန်ရက်စာမျက်နှာတွင် မိတ်ဆွေတစ်ဦးက ရေးသားဖော်ပြထားသည်။

ထို့အပြင် လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ထွက်ပေါ်လာသည့် ကရင်နီဒေသတွင်းသတင်းအရင်းအမြစ်၏ ဓာတ်ပုံမှတ်တမ်းအရ နေအိမ်အချို့လည်း ပျက်စီးမှုရှိခဲ့သည်။

ဒီးမော့ဆိုမြို့နယ်တွင် စစ်တပ်အာဏာသိမ်းပြီးကတည်းက လေကြောင်းဗုံးကြဲမှုနှင့်လက်နက်ကြီးပစ်ခတ်မှုများကြောင့် စစ်ဘေးရှောင်စခန်းများ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံနှင့် ဆေးရုံများသို့ ကျရောက်ပေါက်ကွဲမှုဖြစ်ပွားပြီး အရပ်သားထိခိုက်သေဆုံးမှု မကြာခဏဖြစ်ပွားခြင်းရှိခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ(၅)ရက်နေ့ကလည်း ဒီးမော့ဆိုအနောက်ဖက်ခြမ်းရှိ ဒေါဆီအီစာသင်ကျောင်းကို စစ်တပ်ကလေယာဥ်ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကျောင်းနေအရွယ်ကလေး(၄)ဦး သေဆုံးပြီး (၁၀)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဥ် ထင်ထင်ရှားရှားရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။