“နိုင်ငံတကာက အသိ အမှတ်ပြုအောင် နာမည်ကောင်းယူဖို့ ကျနော်တို့ကို လမ်းခင်းတာပါ။ တကယ်လွှတ်ပေးချင်ရင် ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အကုန်လုံးကို လွှတ်ပေးရမှာ။” လူငယ်နိုင်ငံရေးကျဉ်းသားဟောင်းတစ်ဦး
လူငယ်နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦးနှင့် မေးမြန်းချက်
(မေလ ၁၂ ရက်၊ ၂၀၂၆ခုနှစ်။ )
ပြီးခဲ့သည့် မတ်လ ၂ ရက်နေ့တွင် ကျရောက်သည့် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အနေဖြင့် အာဏာသိမ်းစစ်အုပ်စုမှ တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များမှ အကျဉ်းသားပေါင်း (၁၀,၁၆၂) ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွှတ်ပေးရာတွင် နိုင်ငံရေးအကျဉ်းသား (၇,၃၃၇) ဦး ပါဝင်သည်။
ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား အများစုမှာ ပုဒ်မ ၅၀၅ (က) နှင့် ၅၂ (က) တို့ဖြင့် ပြစ်ဒဏ်ကျခံနေရပြီး ပြစ်ဒဏ်စေ့ခါနီး သို့မဟုတ် ပြစ်ဒဏ်ကျခံရန် လပိုင်းသာ လိုတော့သည့်သူများကိုသာ လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။
ထိုသို့ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသူများထဲမှ ၅၂ (က) ဖြင့် ဖမ်းဆီးခံခဲ့ရသူ အမည်မဖော်လိုသည့် လူငယ်နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးကို ၎င်းဖမ်းဆီးခံရမှုဖြစ်စဉ်နှင့် ထောင်တွင်းကြုံတွေ့ခဲ့ရသည့် သူ၏အတွေ့အကြုံများအား ကေအိုင်စီ-ကရင်သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်။
မေး။ ။ ပထမဆုံးအနေနဲ့ ဘယ်လိုပုံစံမျိုးနဲ့ အဖမ်းခံလိုက်ရလဲ၊ ဘာကြောင့် ဖမ်းလိုက်တာလဲဆိုတာကို သိပါရစေ။
ဖြေ။ ကျနော်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ လေးကေကော်ဘက်ကနေအပြန် အိန္ဒု-မြဝတီလမ်း၊ ခနိမ်းဒိုရွာဘက်ဂိတ်မှာ သူငယ်ချင်းတစ်ယောက်နဲ့ အဖမ်းခံရတာပါ။ အဲ့ဒီမှာ သူတို့လှည့်ပြီး စစ်နေတဲ့အချိန် ဖုန်းထဲမှာ ဓာတ်ပုံတွေတွေ့တော့ ဒါဘယ်သူလဲဆိုပြီး မေးတယ်။ ကျနော်တို့ပုံမဟုတ်ဘူး၊ သူငယ်ချင်းတွေ တောထဲသွားတုန်းက ပို့လာတာလို့ ပြောပေမယ့် သူတို့က မယုံဘူး။ အဲ့ဒါနဲ့ စစ်သားကစစ်၊ ရဲကစစ်နဲ့ ကြာသွားတော့ တပ်က သုံးပွင့်နဲ့တစ်ယောက်က ခေါ်စစ်တယ်။
ဖုန်းထဲက Recycle Bin ထဲမှာ မစ်ရှင်လုပ်မယ့်ဇယား တွေ့သွားတော့ ဒါဘာလဲလို့ မေးတယ်။ ကျနော်ကလည်း လိုင်းပေါ်ကတွေ့လို့ စိတ်ဝင်စားလို့ သိမ်းထားတာလို့ပဲ ပြောလိုက်တယ်။ အဲ့ဒီမှာတင် လက်ထိပ်ခတ်ပြီး ဖမ်းလိုက်တာပဲ။ ကျနော်တို့ ၂ ယောက်တည်းတင် မဟုတ်ဘူး၊ နောက်ထပ် လမ်းမှာထပ်မိတဲ့ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်က လူ ၈ ယောက်ကိုလည်း ကိုယ်တွေနဲ့မသိဘဲ အမှုတွဲလိုက်တော့ စုစုပေါင်း ၁၁ ယောက် ဖြစ်သွားတယ်။
မေး။ ။ အဖမ်းခံလိုက်ရတဲ့နောက်မှာ ဘယ်လိုစစ်ကြောရေးမျိုးတွေ ကြုံခဲ့ရလဲ။ အရိုက်ခံရတာတွေကော ရှိလား။
ဖြေ။ အဲ့မှာ ကျနော်ကတော့ အရိုက်ခံမထိဘူး။ ကျနော့်သူငယ်ချင်းကတော့ ထိတယ်။ ဖမ်းခံထိပြီး မေးမေးချင်းမှာ မေးတာကတော့ တော်တော်လေးမေးတယ်။ တောက်လျှောက်ပဲ။ ကျနော်တို့က PDF ပါဆိုပြီး လမ်းမှာမိတာ ဝန်ခံလိုက်ပြီးပြီ။ အာဏာသိမ်းစအချိန်က ကျနော်တို့ ဘာတွေလုပ်ခဲ့လဲ၊ ဘယ်နေ့မှာ ဆန္ဒပြလဲ၊ ဘယ်နှစ်ယောက်ပြလဲ၊ သင်တန်းသွားတာ ဘယ်လောက်ကြာလဲ။ ကိုယ်ဖြေလိုက်တဲ့ဟာကို သူတို့ တစ်ယောက်ချင်းစီ လက်ဆင့်ကမ်းလိုက်တယ်။ ရဲကနေ စရဖ၊ စရဖကနေ စစ်တပ်ကို လက်ဆင့်ကမ်းလိုက်တယ်။ အဲလိုမျိုး တစ်ဆင့်ချင်းစီ ပတ်လည်လက်ဆင့်ကမ်းပြီးတော့ နယ်ထိန်းအထိ အဲ့အတိုင်းပဲ။
ကိုယ်ဖြေတဲ့ထဲမှာ ကိုယ်နေခဲ့တာ ဘယ်နယ်တွေပါလဲ၊ တကယ်လို့ ဆန္ဒပြတဲ့အချိန်တုန်းက ကိုယ်တည်းတဲ့နေရာရဲ့ နယ်ထိန်းပိုင်တယ်ဆိုရင် အဲဒီက ပါသမျှဟာ အကုန်လုံးမေးတယ်။ ကျနော်တို့လည်း ကြည့်ကြပ်ဖြေ၊ လမ်းဆုံးအောင်ဖြေပေါ့။ သူတို့မေးတာ ဖြေတာပဲ လိုချင်တယ်လေ။ မသိဘူးပြောလို့ မရဘူး။ ကိုယ်က မိသွားတော့ သိတယ်၊ ဖြေတယ်။ ကျန်တဲ့လူတွေ ဖမ်းမမိအောင် ဖြေရတာပေါ့။
မေး။ ။ တရားရင်ဆိုင်ရတဲ့ အခြေအနေနဲ့ ချမှတ်ခံရတဲ့ ပြစ်ဒဏ်ပိုင်းကိုလည်း ပြောပြပေးပါဦး။
ဖြေ။ ကျနော့်ကို ၅၂ (က) နဲ့ တရားစွဲတာ။ တရားရုံးမှာ ထွက်ဆိုတဲ့ သက်သေတွေက ဖမ်းတုန်းက မပါတဲ့ ရဲတွေ၊ ရဲမေတွေ အကုန်လုံးက လုပ်ဇာတ်တွေပါ။ ကျနော်ဆို သက်သေခံပစ္စည်း ဘာမှမပါဘူး။ ဖုန်းကတောင် ကီးပတ် (Keypad) ဖုန်း။ ဒါပေမယ့် သူတို့စိစစ်ချက်မှာတော့ ဘာလက်မှတ်တွေ၊ ထောက်ခံစာတွေနဲ့ မိတာပါဆိုပြီး သက်သေမခိုင်လုံဘဲ အမိန့်ချတာ။ ၅၂ (က) ကပ်သွားပြီဆိုရင်တော့ ၇ နှစ်ကတော့ ကျမှာပဲ။ ဖားအံထောင်မှာ ၁၀ လလောက် နေခဲ့ရတယ်။ အဲ့တုန်းကတော့ ကိုယ့်နယ်ထောင်ဆိုတော့ မိသားစုနဲ့လည်း တွေ့ရ၊ စားချင်တာလည်း မှာစားလို့ရတော့ အဆင်ပြေပါသေးတယ်။
မေး။ ။ သာယာဝတီထောင်ကို ဘာကြောင့် ပြောင်းရတာလဲ၊ အဲ့ဒီမှာကော ဘာတွေ ကြုံခဲ့ရလဲ။
ဖြေ။ ဖားအံထောင်မှာက နောက်ပိုင်း တခြားနယ်က အမှုတူတွေ ရောက်လာတော့ ပြဿနာတွေ ရှိလာတယ်။ ထောင်ဆူတာတွေ ဘာတွေ ဖြစ်လာတော့ ထိန်းမနိုင်တော့လို့ဆိုပြီး ထောင်ပြောင်းခံရတဲ့အထဲ ကျနော်လည်း ပါသွားတာ။ သာယာဝတီထောင် ရောက်ရောက်ချင်းနေ့မှာတင် ထောင်ဗူးဝက ကြက်တူရွေးပေါက်ထဲကို ငုံ့ဝင်ရတယ်။ အဲ့ဒီမှာတင် ဝိုင်းရိုက်ကြတာ။ ထောင်တစ်ခုနဲ့တစ်ခု ပုံစံမတူတော့ အဲ့ဒီက ပုံစံတွေလည်း ပြန်သင်ရတာတင် တစ်လလောက် ကြာတယ်။
မေး။ ။ ထောင်ထဲမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ကိုယ်တိုင်ကြုံခဲ့တာ ရှိလား။
ဖြေ။ ထောင်မှာက ဘာအခွင့်အရေးမှ မရှိဘူး။ အပြင်ကလူက မလုပ်ပေးသရွေ့တော့ အဆင်မပြေဘူး။ ဧည့်တွေ့လို့ ရပေမယ့် ပြောချင်တာ ပြောလို့မရဘူး၊ သူတို့ အမြဲနားထောင်နေတယ်။ အဆိုးဆုံးကတော့ ထောင်ထဲမှာ ရန်ဖြစ်ရင် လုပ်ထုံးလုပ်နည်းအရ အရေးမယူဘဲ အသက်သေတဲ့အထိ ရိုက်နှက်ခံရတဲ့လူတွေ ရှိတယ်။ ကျနော်တို့ကတော့ ငုံ့ခံနေရတာပေါ့။ သတင်းတွေလည်း အပြင်မပေါက်ကြားအောင် ပိတ်ထားတယ်။ “ကြေကွဲလို့တော့ ရတယ်၊ ပေါက်ကွဲလို့တော့ မရဘူး” ဆိုတဲ့ စကားအတိုင်းပဲ။ ကျနော်တို့က ကိုယ့်အမှုနဲ့ကိုယ် ပြစ်ဒဏ် ၇ နှစ် ခံယူနေတာပဲ၊ ဒါကို ပုဂ္ဂိုလ်ရေးအရ ဘာလို့ ရိုက်နှက်နေရလဲ။ အသက်သေဆုံးတဲ့အထိ ရိုက်နှက်ခံရပြီးရင်လည်း သူတို့နည်းသူတို့ဟန်နဲ့ပဲ ဖြေရှင်းလိုက်ကြတာပါ။
မေး။ ။ ထောင်ထဲက စားသောက်မှုနဲ့ နေထိုင်မှု အခြေအနေကကော ဘယ်လောက်အထိ ကြပ်တည်းလဲ။
ဖြေ။ ထမင်းကတော့ အဆင်ပြေတယ်၊ ကုန်ရင် ကြိုက်သလောက်ယူ။ ဟင်းကတော့ တစ်ပတ်မှာ အသား ၄ နပ် ကျွေးတယ်။ ကြက်သားဆိုရင် ရေလုံပြုတ်ပေါ့။ ပုံမှန် အကျဉ်းသားတစ်ယောက်ကို အသားဟင်းတစ်နပ်ကို ၇ ကျပ်ခွဲသား ကျွေးရမယ်၊ အခုက မပြည့်ဘူး၊ ၂ ကျပ်သားပဲ ရှိမယ်။ အိမ်ကမလာတဲ့သူတွေက ဘယ်လိုလုပ်မလဲ၊ ကြိတ်မှိတ်ပြီး စားရတာပေါ့။ တစ်နှစ်လောက်နေရင် အားအင်ချည့်နဲ့တာ၊ ဖောတာ၊ ယောင်တာ ဖြစ်တာပေါ့။
အိပ်တဲ့နေရာဆို တစ်ယောက်ကို တစ်ပေခွဲ ရတယ်။ တစ်ပေခွဲမှာ ဟိုရွှေ့ဒီရွှေ့လည်း မရဘူး။ အဲ့မှာပဲအိပ်၊ စား၊ အထုပ်တွေထားပေါ့။ အခန်းက ပေ ၇၀ ပတ်လည်လောက်ပဲ ရှိတဲ့အခန်းမှာ လူ ၉၅ ယောက်လောက် ထည့်ထားတော့ တအားကြပ်တာ။ အဲဒီမှာက နဂိုကတည်းက နိုင်ငံရေးအကျဉ်းသားတွေကို နှိမ်တာနဲ့ အဲဒီထောင်သမိုင်းက အဲ့လိုဖြစ်နေတယ်။
မေး။ ။ အခု လွတ်ငြိမ်းနဲ့ ပြန်လွတ်လာတဲ့အပေါ်မှာကော ဘယ်လို ရှုမြင်မိသလဲ။
ဖြေ။ သူတို့က ရွေးကောက်ပွဲလုပ်ပြီး အစိုးရအသစ်ဖွဲ့ဖို့ ပြင်နေတာလေ။ နိုင်ငံတကာက အသိ အမှတ်ပြုအောင် နာမည်ကောင်းယူဖို့ ကျနော်တို့ကို လမ်းခင်းတာပါ။ တကယ်လွှတ်ပေးချင်ရင် ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အကုန်လုံးကို လွှတ်ပေးရမှာ။ ကျနော်ဆိုရင်လည်း ဒီ ၇ လပိုင်းမှာ ပြစ်ဒဏ်စေ့တော့မှာကို အခု ၃ လပိုင်းမှ လွှတ်ပေးတာ။ အပြင်ရောက်တော့လည်း ခံဝန်ထိုးရတယ်၊ ထပ်လုပ်ရင် ကျန်တဲ့ကာလတွေပါ ပေါင်းကျခံရမယ်ဆိုတဲ့ အာမခံစာချုပ်နဲ့ပါ။ တစ်လတစ်ခါ ရဲစခန်းမှာ လက်မှတ်သွားထိုးရတယ်၊ နယ်မြေကျော်ရင် အကြောင်းကြားရတယ်။
မေး။ ။ လွတ်မြောက်လာပြီးနောက်ပိုင်း လက်ရှိ ဘာတွေလုပ်ဖြစ်နေလဲ၊ စိတ်ခံစားချက်ကော ဘယ်လိုရှိလဲ။
ဖြေ။ ကျနော် လောလောဆယ် အိမ်မှာ မိသားစုနဲ့ပဲ အချိန်ပေးဖြစ်ပါတယ်။ ပြန်ရောက်ရောက်ချင်းနေ့မှာ စားကောင်းသောက်ကောင်းတာတွေ အိမ်က ကျွေးတယ်။ စားသာစားပေါ့၊ ဘယ်လိုဖြစ်ဖြစ် မြိုမကျဘူး။ အထဲက ကျန်တဲ့ ညီအစ်ကိုတွေကို သတိရတယ်။ ဟိုမှာကျတော့ စားရတာ ဘလချောင်ကြော်နဲ့ တစ်နပ်ပြီးသွားတာ။ ငရုပ်သီးထောင်းနဲ့လည်း ပြီးသွားတာပဲ။ အဲဒါကို လုစားကြရသေးတယ်။ စားသောက်ဆိုင်မှာ သွားစားတော့ အရံဟင်းတစ်မျိုးတည်းနဲ့က အထဲမှာဆို ကိုယ့်အတွက် ရွှေဖြစ်နေပြီ။



















