“မြို့ပေါ်သွားရင် စစ်မှုထမ်းဖို့ အတင်းအဓမ္မ စုဆောင်းတာတွေကလည်း လူငယ်တွေအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှု ဖြစ်နေပါတယ်” လယ်ဒိုစိုး မြို့နယ်အတွင်းရေးမှူး ပဒိုစောအာကာလင်း
လယ်ဒိုစိုး မြို့နယ်အတွင်းရေးမှူး ပဒိုစောအာကာလင်းနှင့် တွေ့ဆုံမေးမြန်းခြင်း
မေလ ၁၂ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
လယ်ဒိုစိုး (ထားဝယ်) မြို့နယ်၏ လက်ရှိ မြေပြင်အုပ်ချုပ်ရေးအခြေအနေ၊ စစ်ရေးနှင့် လမ်းပိုင်းဆိုင်ရာ အခက်အခဲများ၊ ဒေသခံပြည်သူများ ကြုံတွေ့နေရသည့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများနှင့် ပတ်သက်၍ မြို့နယ်အတွင်းရေးမှူး ပဒိုစောအာကာလင်းနှင့် ကေအိုင်စီက တွေ့ဆုံမေးမြန်းထားခြင်း ဖြစ်သည်။
မေး။ ။ လက်ရှိ လယ်ဒိုစိုးမြို့နယ်ရဲ့ နယ်မြေအခြေအနေနဲ့ အုပ်ချုပ်ရေးပိုင်း လည်ပတ်မှုကို သိပါရစေ။
ဖြေ။ လယ်ဒိုစိုးမြို့နယ်ဟာ အရှေ့ဘက်မှာ ထိုင်းနယ်စပ်၊ အနောက်ဘက်မှာ အမှတ် (၈) ပြည်ထောင်စု လမ်းမကြီး၊ တောင်ဘက်မှာ ကစယ်ဒိုမြို့နယ်နဲ့ မြောက်ဘက်မှာ ဝင်းရေးမြို့နယ် (တပ်မဟာ ၆ နှင့် တပ်မဟာ ၄ အစပ်) တို့နဲ့ ထိစပ်နေပါတယ်။ နယ်မြေသုံးခုစလုံးမှာ အုပ်ချုပ်မှုပုံစံ မတူပါဘူး။ အမှတ် (၈) လမ်းဟောင်းတစ်လျှောက်မှာတော့ နှစ်ဦးနှစ်ဖက် ရင်းနှီးတဲ့ပုံစံမျိုးနဲ့ သွားနေတဲ့ ပူးတွဲထိန်းချုပ်နယ်မြေ (Mixed Control) ပုံစံရှိသလို တိုက်နယ်အချို့မှာတော့ ကျနော်တို့ဘက်က အုပ်ချုပ်ရေးယန္တရားတစ်ခုတည်းနဲ့ လည်ပတ်နေတာမျိုး ရှိပါတယ်။
မြို့နယ်တာဝန်ရှိသူတွေ အရောက်အပေါက်နည်းတဲ့ နယ်မြေတွေမှာတော့ တပ်ရင်း တပ်ဖွဲ့တွေကတစ်ဆင့် လူထုနဲ့တွေ့ဆုံပြီး အုပ်ချုပ်ရေးနဲ့ တပ်ပိုင်းဆိုင်ရာကိစ္စတွေကို ညှိနှိုင်းဆောင်ရွက်ပေးနေပါတယ်။
မေး။ ။ လမ်းပန်းဆက်သွယ်ရေး အခြေအနေကရော ဘယ်လိုရှိပါသလဲ။ လူထုအတွက် ဘာတွေက အဓိက အဟန့်အတား ဖြစ်နေပါသလဲ။
ဖြေ။ စစ်ရေးအရှိန်မြင့်ချိန်နဲ့ တိုက်ပွဲဖြစ်တဲ့အချိန်တွေမှာတော့ လမ်းခရီးက အတက်အကျ ရှိပါတယ်။ တိုက်ပွဲတည်ငြိမ်ချိန်မှာတော့ လွတ်လပ်စွာ သွားလာလို့ရပေမယ့် အခုနောက်ပိုင်း ဂိတ်တွေက အရမ်းများလာပါတယ်။ အစည်းအဝေးတွေမှာ ကျနော် အမြဲပြောသလိုပဲ သုံးပေတစ်ဂိတ် ဖြစ်နေတာက လူထုအတွက် ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်နေပါတယ်။ ကျနော်တို့ဘက်ကတော့ လုံခြုံရေးအရ လှုပ်ရှားတဲ့နေရာမှာ လူထုကို မထိခိုက်အောင် သူတို့ရဲ့ သွားလာရေး အဆင်ပြေအောင် အတတ်နိုင်ဆုံး အဖြေရှာပေးနေပါတယ်။
မေး။ ။ မြို့နယ်အတွင်းမှာ စစ်အုပ်စုရဲ့ စစ်ရေးလှုပ်ရှားမှုနဲ့ လူထုအပေါ် သက်ရောက်မှုတွေကိုလည်း ပြောပြပေးပါ။
ဖြေ။ ရန်သူက ခုခံစစ်ရော ထိုးစစ်မှာပါ လေကြောင်းကိုပဲ အဓိက သုံးလာပါတယ်။ ဒါကြောင့် လူထုက လေကြောင်းရန်ကို အမြဲစိုးရိမ်နေရသလို လက်နက်ကြီးနဲ့ လှမ်းပစ်တာတွေကြောင့်လည်း ပြည်သူတွေ ထိခိုက်သေဆုံးတာ၊ အိုးအိမ်ပျက်စီးတာတွေ ရှိပါတယ်။ စစ်ရေးတင်းမာလာရင် သူတို့က ဖြတ်ထိုး ဉာဏ်သုံးပြီး လေယာဉ်နဲ့ တိုက်ရိုက် ပစ်ခတ်တာမျိုးတွေ ပိုလုပ်လာပါတယ်။
မေး။ ။ မဟာမိတ်အင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကရော ဘယ်လိုရှိပါသလဲ။
ဖြေ။ ကျနော်တို့ မြို့နယ်ထဲမှာ တပ်ရင်း (၁၀) နဲ့အတူ မဟာမိတ်တွေဖြစ်တဲ့ ထားဝယ်အစုအဖွဲ့တွေ၊ မလွှဲတောင်အစပ်က မွန်အစုအဖွဲ့တွေ ပူးပေါင်းပြီး စစ်ဆင်ရေးတွေ ဖော်ဆောင်နေပါတယ်။ စစ်ဆင်ရေးတွေက လျှို့ဝှက်ချက်ဖြစ်လို့ ဖြစ်ပျက်ပြီးမှ သိရတာမျိုးရှိပါတယ်။ လက်နက်နဲ့ နည်းပညာပိုင်းမှာ လိုအပ်ချက်တွေ ရှိနေသေးပေမယ့် တော်လှန်ရေးအင်အားစုတွေရဲ့ စိတ်ဓာတ်ခိုင်မာမှုနဲ့ ပေးဆပ်မှုတွေကိုတော့ ကျနော်တို့ အလေးအနက် တန်ဖိုးထားပါတယ်။
မေး။ ။ မြို့ပေါ်မှာရှိနေတဲ့ လူထုတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အခြေအနေတွေကို သိပါရစေ။
ဖြေ။ မြို့ပေါ်မှာ တိုက်ပွဲဖြစ်ရင် လူထုပဲ အထိနာပါတယ်။ စစ်အုပ်စုဟာ နိုင်ငံတကာဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာ၊ လေကြောင်းသုံး တာတွေ လုပ်နေပါတယ်။ ဒါ့အပြင် ပြည်သူတွေ အသက်ဘေးကြောင့် တိမ်းရှောင်ရချိန်မှာ အိမ်ထဲက ပစ္စည်းတွေကို ယူချင်သလိုယူတာတွေ လုပ်ပါတယ်။ နောက်ပြီး မြို့ပေါ်သွားရင် စစ်မှုထမ်းဖို့ အတင်းအဓမ္မ စုဆောင်းတာတွေကလည်း လူငယ်တွေအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှု ဖြစ်နေပါတယ်။
မေး။ ။ စစ်ရေးတင်းမာလာရင် လူထုကို ဘယ်လိုသတိပေး နှိုးဆော်တာမျိုး ရှိပါသလဲ။
ဖြေ။ လူထုကတော့ ဒီစစ်ဒဏ်ကို နှစ်ရှည်လများ ကြုံလာရတော့ ခံနိုင်ရည်ရှိနေပါပြီ။ ညဘက်ဆိုရင် လက်နက်ကြီးနဲ့ လေကြောင်းရန်အတွက် ဘယ်လိုရှောင်ရမလဲဆိုတာ သူတို့ဘာသာ သိထားကြပါတယ်။ ကျနော်တို့ဘက်ကလည်း ဖုန်းလိုင်းရတဲ့နေရာတွေမှာ သတင်းပေးပို့တာ သတိပေးတာမျိုးတွေ အမြဲလုပ်ပါတယ်။ စစ်ဘေးရှောင်စခန်းဆိုပြီး အတည်တကျ မရှိပေမယ့် ရွာတစ်ရွာနဲ့တစ်ရွာ ဖေးမကူညီကြဖို့ ကျနော်တို့ တိုက်တွန်းထားပါတယ်။
မေး။ ။ နောက်ဆုံးအနေနဲ့ ဘာများ ဖြည့်စွက်ပြောချင်ပါသလဲ။
ဖြေ။ ကျနော်တို့ရဲ့ နိုင်ငံရေးရည်မှန်းချက်က ဖက်ဒရယ်စနစ်ဆီ သွားဖို့ပါ။ ဒီခရီးက ခက်ခဲမယ် ပင်ပန်းမယ်ဆိုတာ သိပေမယ့် လူထုအနေနဲ့ နိုင်ငံရေးမှာ နိုးနိုးကြားကြား ပါဝင်ပေးကြဖို့ တောင်းဆိုချင် ပါတယ်။ တန်းတူညီမျှမှုနဲ့ စည်ပင်ဝပြောတဲ့ လူ့အဖွဲ့အစည်းကို ရောက်ဖို့အတွက် စနစ်တစ်ခု ပြောင်းလဲတဲ့နေရာမှာ အားလုံး ဝိုင်းဝန်းပါဝင်ပေးကြပါလို့ အကြံပြုလိုပါတယ်။



















