Home သတင်း ဝရမ်းထုတ်ခံထားရသည့် ထိုင်းရေတပ်အရာရှိဟောင်းကို DKBA အဖွဲ့ ဖမ်းပြီး ထိုင်းအာဏာပိုင်များထံ လွှဲပြောင်း

ဝရမ်းထုတ်ခံထားရသည့် ထိုင်းရေတပ်အရာရှိဟောင်းကို DKBA အဖွဲ့ ဖမ်းပြီး ထိုင်းအာဏာပိုင်များထံ လွှဲပြောင်း

446
Photo: Social Media

ဧပြီ ၂၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းလွှတ်တော်အမတ်ကို တိုက်ခိုက်မှုဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသည့် ထိုင်းရေ တပ်အရာရှိဟောင်းကို မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူဘက်သို့ ထွက်ပြေးတိမ်းရှောင်နေစဉ် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) အဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး ယမန်နေ့ ဧပြီလ (၂၂) ရက်နေ့တွင် ထိုင်းအာဏာပိုင်များထံသို့ ပြန်လည် လွှဲပြောင်းပေးအပ်လိုက်ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ (၂၀) ရက်နေ့က နရာသီဝပ်ခရိုင် လွှတ်တော်အမတ် ကမွန်ဆက် လီဝါမွန် တိုက်ခိုက်ခံ ရမှုဖြစ်စဉ်တွင် ပါဝင်ပတ်သက်သည်ဟု သံသယရှိသဖြင့် ထိုင်းရေတပ်အရာရှိဟောင်း ဒုဗိုလ်မှူးကြီး ဝီရုတ် ကတ်မနီကို ထိုင်းအာဏာပိုင်များက ဖမ်းဝရမ်းထုတ်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် သူသည် ဘုရားသုံးဆူနယ်စပ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်လာစဉ် DKBA အဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး ကန်ချနဘူရီခရိုင်၊ စံခလဘူရီမြို့နယ်ရှိ နယ်စပ်ဖြတ်ကျော်ဂိတ်မှတစ်ဆင့် ပြန်လည်လွှဲပြောင်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ သံသယတရားခံ ထွက်ပြေးတိမ်းရှောင်နေသည့် လမ်းကြောင်းကို ခြေရာခံနိုင်ရန် အာဏာပိုင်များဘက်က သတင်းပေးပို့ထားချက်အရ ယခုကဲ့သို့ ရှာဖွေဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြသည်။ ဖမ်းဆီးရမိသည့် သံသယတရားခံကို (DKBA) အမှတ် (၂) နည်းဗျူဟာမှ ဗိုလ်မှူးကြီး စောအေဝမ်းကိုယ်တိုင် ထိုင်းစစ်တပ်၏ (Lat Ya Task Force) ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဘန်ကောက်မြို့သို့ ပြန်လည်ခေါ်ဆောင်သွားပြီဖြစ်ကြောင်း သိရသည်။

ယင်းလွှတ်တော်အမတ် ခြုံခိုတိုက်ခိုက်ခံရသည့် ပစ်ခတ်မှုဖြစ်စဉ်သည် နရာသီဝပ်ခရိုင်၊ ဘာကျိုမြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပစ်ခတ်မှုအတွင်း လွှတ်တော်အမတ်မှာ ထိခိုက်ဒဏ်ရာရရှိမှု တစ်စုံတစ်ရာ မရှိခဲ့သော်လည်း ၎င်း၏ ကားမောင်းသူနှင့် လုံခြုံရေးအရာရှိတို့မှာမူ ပြင်းထန် ဒဏ်ရာရရှိခဲ့သည်။

အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်တွင် ပါဝင်ပတ်သက်သည်ဟု သံသယရှိသူ (၅) ဦးထဲတွင် (၄) ဦးကို ယခင်ကတည်းက ဖမ်းဆီးရမိထားပြီး ယခု ဖမ်းဆီးရမိသည့် ရေတပ်အရာရှိဟောင်း ဝီရုတ် ကတ်မနီမှာ (၅) ဦးမြောက် ဖမ်းဆီးခံရသူဖြစ်ကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်များအရ သိရှိရသည်။