လှိုင်းကြမ်းတွေကြားက အေးချမ်းမှုကို ဖွေရှာတဲ့ မူတြော်မြေက ရဲဘော်မိခင်
(မတ်လ ၆ ရက်၊ ၂၀၂၆ ခုနှစ်)
နန်းဝေဖြိုးဇာ
လေတဖြူးဖြူးတိုက်ခတ်နေတဲ့ ကျေးရွာဘောလုံးကွင်းရဲ့ အစွန်နားဘက် သစ်ပင်ရိပ်အောက်က မြက်ခင်းစိမ်းပေါ်မှာ ဂျီကျပူဆာနေတဲ့ သားငယ်လေးကို ရင်ခွင်ထဲထည့်၊ ပွေ့ဖက်ချော့မြှူနေတဲ့ မိခင်တစ်ဦးကို တွေ့မြင်ရပါတယ်။
သူမရဲ့ ဘေးတစ်ဖက်တစ်ချက်မှာလည်း အမေကို အားကိုးတကြီး မှီတွယ်ထားတဲ့ နောက်ထပ် သမီးဖြစ်သူနဲ့ သားကြီးတို့ နှစ်ယောက်က ငြိမ်သက်စွာ ရှိနေကြပါတယ်။
မနက်ခင်း နေရှိန် တဖြည်းဖြည်း မြင့်လာပြီး နေပူရှိန်ကလည်း ပြင်းပြလာတယ်။ ဒါကြောင့် ဘောလုံးကွင်းမှာ ဆော့ကစားနေကြတဲ့ ကလေးတွေက မောပန်းလာလို့ မိခင်ဖြစ်သူနားမှာ တစ်ယောက်ပြီးတစ်ယောက် ပြန်လာစုရုံးကြတာဖြစ်ပါတယ်။ အသက် ၁ နှစ်ကျော်သာ ရှိသေးတဲ့ကလေးလေးက နေအပူရှိန်ကြောင့် အိပ်ငိုက်လာလို့ ဂျီကျနေတာကြောင့် မိခင်ဖြစ်သူက ချော့သိပ်နေရတာဖြစ်ပါတယ်။
ကလေးမိခင်ကတော့ အသက် ၃၁ နှစ်အရွယ် နော်ယေးဂေးဖော ဖြစ်ပါတယ်။ ခြယ်သထားမှု ကင်းမဲ့တဲ့ သူမရဲ့ မျက်နှာမှာ ပင်ပန်းမှု အရိပ်အယောင်ရှိနေတာကို အကဲခတ်မိပါတယ်။ အနက်ရောင် ကရင်ရိုးရာ ဂျပ်ခုပ်သင်တိုင်း ဝတ်ဆင်ထားတဲ့ သူ့ရဲ့ မျက်နှာအမူအရာကြောင့် လျှပ်တပြတ် ကြည့်မိသူအဖို့ သူမရဲ့ အသွင်အပြင်မှာ အသက်အရွယ်ထက်ပင် အနည်းငယ် ပိုပြီး အိုမင်းရင့်ရော်သလို ထင်မှတ်စရာပါ။
သူမက ရိုးရိုးကရင်ရိုးရာဂျပ်ခုပ်သင်တိုင်းသာ ဝတ်ဆင်ထားတဲ့အတွက် တခြားမိခင်တွေလိုပဲ သာမန် အရပ်သား တစ်ဦးလို့ ထင်ရပေမယ့် တကယ်တမ်းတော့ သူမက ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင်က ဒေသကာကွယ်ရေးတပ်ရင်းက ရဲဘော်တစ်ဦး ဖြစ်ပါတယ်။
သူမလိုပဲ သူ့အမျိုးသားဖြစ်သူလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ရဲဘော် တစ်ဦး ဖြစ်ပါတယ်။ သူမအမျိုးသားက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကမှ ရှေ့တန်းစစ်မြေပြင်က ဖာပွန်မြို့သိမ်းတိုက်ပွဲမှာ ကျဆုံးသွားခဲ့တာဖြစ်ပါတယ်။
သူ့အမျိုးသား ရှေ့တန်းထွက်သွားတဲ့အချိန်မှာ သူမအငယ်ဆုံးသားလေးဟာ မီးတွင်းထဲမှာပဲ ရှိနေသေးပါတယ်။ သူမ ကလေးမွေးပြီး သွေးနုသားနုအချိန်မှာ သူ့အမျိုးသားက အရှေ့တန်းမှာ ကျဆုံးသွားခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ သူမအငယ်ဆုံးသားလေးဟာ အသက် ၁ နှစ်ကျော်ရှိသွားပါပြီ။
“သူ့အဖေသွားတုန်းက ဒီအငယ်ဆုံးသားက မွေးတာ ၂ ပတ်ပဲ ရှိတော့ သူ့ကိုမသွားစေချင်ဘူး။ သူကလည်း မသွားချင်သေးဘူး။ ယောက္ခမအိမ်မှာရှိတော့ ကြည့်ပေးမယ့်လူရှိတာပဲဆိုပြီး သူ့ကို ပေးသွားလိုက်တာ” လို့ အမျိုးသားဖြစ်သူ ရှေ့တန်းမထွက်ခင် အခြေအနေကို စိတ်မကောင်းစွာ သူမပြန်ပြောင်းပြောပြပါတယ်။
ရှေ့တန်းထွက်လို့ တာဝန်ပြီးဆုံးသွားရင် ပြန်လာမယ်လို့ သူမတစ်ထစ်ချယုံကြည်ခဲ့ပေမယ့် အခုတော့ သူမနဲ့ လူမမယ် ကလေး ၃ ယောက်ဆီကို သူ့အမျိုးသားက ဘယ်တော့မှ ပြန်မရောက်လာနိုင်တော့ပါဘူး။
သားသမီး ၃ ယောက်ထဲက အငယ်ဆုံးသားလေးဟာ အခုချိန်မှာ အသက် ၁ နှစ်ကျော်ရှိလာပြီဖြစ်သလို အလတ် သမီးကလည်း အသက် ၃ နှစ်နဲ့ အကြီးဆုံးသားကတော့ ၅ နှစ်ရှိပါပြီ။
အခုချိန်မှာတော့ အဖေမရှိတော့တဲ့ ကလေး ၃ ယောက်နဲ့ ကျန်ရစ်ခဲ့ပြီး စစ်သားဖြစ်ရင် ဒီလိုလောကဓံ ရဲ့ ရိုက်ခတ်မှုကို ကြုံရတတ်တာပဲဆိုတဲ့ စိတ်နဲ့ပဲ ပြန်ဖြေသိမ့်နေရတယ်လို့ သူမက ဆိုပါတယ်။
အမျိုးသားမရှိတော့ပေမယ့်လည်း တစ်ဖက်မှာ သူမယူထားတဲ့ တပ်ရင်းထဲက တာဝန်ကို ဆက်လက်ထမ်းဆောင်ရဦးမှာဖြစ်တာကြောင့် လူမမယ်ကလေး (၃) ယောက်နဲ့အတူ တပ်ရင်းရုံးဝင်းထဲမှာပဲ နော်ယေးဂေးဖော ဆက်လက်နေထိုင်ပါတယ်။
“အခုရုံးမှာ ကျမလုပ်ရတာက စာစီစာရိုက်အပိုင်းတွေဖြစ်တယ်။ ပို့လာတဲ့ ကြေးနန်းတွေ၊ စာတွေကို ထုတ်ရတယ်၊ လိုအပ်ရင် စာရိုက်ပြီးပို့ရတယ်။ စာရင်းပိုင်းတွေလည်း လုပ်တာရှိတယ်။ အဓိက ကွန်ပျူတာပိုင်းကို ကိုင် တာဖြစ်တယ်”လို့ သူမက ပြောပြပါတယ်။
နော်ယေးဂေးဖောက ကေအဲန်ယူ မူတြော်ခရိုင် လူသောမြို့နယ်ထဲက ကျေးရွာတစ်ရွာမှာ ကြီးပြင်း လာခဲ့တာဖြစ်ပါတယ်။ မိသားစုတစ်စုမှာ တစ်ယောက် “စစ်မှုထမ်းရမယ်”ဆိုတဲ့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးရဲ့ မူဝါဒအရ သူက မိသားစုအတွက် တာဝန်သိရှိနဲ့ တော်လှန်ရေးဆိုတဲ့ ခရီးကြမ်းထဲကို ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။
နော်ယေးဂေးဖောမှာ မွေးချင်း မောင်နှမ ၆ ယောက်ရှိပြီး အစ်ကိုတစ်ယောက်၊ အစ်မတစ်ယောက်၊ မောင်တစ်ယောက်နှင့် ညီမနှစ်ယောက် ရှိပါတယ်။
မိသားစုတာဝန်ကို ပုခုံးထမ်းရမယ့် အကြီးဆုံးသူကို ချန်ထားပြီး အငယ်ဖြစ်သူက စစ်ထဲဝင်ရတာဖြစ်ပါတယ်။ သူမ အစ်မဖြစ်သူကလည်း စစ်ထဲဝင်ဖို့ ဝါသနာ မရှိတဲ့အခါ ဒုတိယသမီးဖြစ်တဲ့ သူမကသာ မိသားစုအတွက် အနစ်နာခံပြီး တော်လှန်ရေးထဲ ဝင်ရောက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
သူမဖခင်ဖြစ်သူကလည်း ကေအဲန်ယူ တပ်မဟာ ၅ ရဲ့ KNLA ရဲဘော်ဟောင်းတစ်ဦးဖြစ်ခဲ့သလို မိသားစု စားဝတ်နေရေး အခြေအနေကြောင့် တာဝန်ကနေ အနားယူလိုက်တာဖြစ်ပါတယ်။
တော်လှန်ရေး ရဲဘော်မိသားစုဝင်ဖြစ်တာကြောင့် တပ်ဝင်းထဲနေတဲ့အချိန်မှာ အခြေခံ အစားအသောက်ဖြစ်တဲ့ ဆန်၊ ဆီ၊ ဆားတွေကို ထောက်ပံ့ပေးတဲ့အတွက် စိုးရိမ်ပူပန်မှုမရှိပေမယ့်လည်း ကျန်တဲ့ မိသားစုရဲ့ အထွေထွေကုန်ကျစရိတ်အတွက်ကိုတော့ ဝင်ငွေမရှိတာကြောင့် အခက်အခဲကြုံတွေ့နေရတယ်လို့ သူမက ရင်ဖွင့်ပြောလာပါတယ်။
ဒါပေမယ့်လည်း နော်ယေးဂေးဖော နေထိုင်တဲ့ အသိုင်းအဝိုင်းက သူမရဲ့ မိသားစုအခြေအနေကို စာနာလည်တဲ့ ပတ်ဝန်း ကျင်ဖြစ်တာကြောင့် အချင်းချင်းဝိုင်းဝန်းဖေးမကူညီတာတွေရှိနေတဲ့အတွက် သူမအတွက် များစွာ အထောက်အကူပြုတယ်လို့ ဆိုပါတယ်။
မိသားစုရဲ့ တာဝန်အရပ်ရပ်ကို သူမတစ်ဦးတည်း ရုန်းကန်ထမ်းဆောင်နေရတာမို့ ဖခင်မရှိတော့ရှာတော့တဲ့ လူမမယ်သားသမီးလေးတွေရဲ့ အနာဂတ်အတွက် သူမ ပူပန်နေမိတာအမှန်ပါ။
“သူ့အဖေရှိတုန်းကတော့ သူ့သားကြီးကို ကျမ်းစာကျောင်းပေးတက်မယ်လို့ ပြောတယ်။ ဒါက သူ့အဖေပြောခဲ့တာပေါ့။ ကျမကတော့ သူတို့အတွက် ဘာမှ မဖန်တီးပေးတတ်ဘူး။” လို့ ပြောပြပါတယ်။
ဒါပေမယ့် မိမိကိုယ်ကိုယ် သန်မာတဲ့သူတစ်ဦးလို့ ခံယူထားခဲ့တဲ့အတွက် မိသားစုကိုယ်စား တော်လှန်ရေးဆိုတဲ့ လှိုင်းကြမ်းတွေကြားထဲကို သူဝင်ရောက်ခဲ့သလို အခုချိန်မှာ သားသမီး ၃ ယောက်အတွက် မားမားမတ်မတ် ရပ်တည်ပေးနိုင်တဲ့ မိခင်ကောင်းတစ်ဦးဖြစ်ဖို့က သူမဆက်လက်သန်မာနေရဦးမှာ ဖြစ်ပါတယ်။
တောထဲတောင်ထဲမှာ ကြီးပြင်းလာတဲ့ သူမအဖို့ မွေးလာကတည်းက စစ်အာဏာရှင်ရဲ့ ရက်စက်ကြမ်းကြုတ်မှုဒဏ်တွေကို ခါးခါးသီးသီး ကြုံတွေ့ခံစားရသူဖြစ်ပါတယ်။ ဗမာစစ်တပ်လို့ နာမည်ကြားရုံနဲ့တင် စိုးရိမ်ကြောက်လန့်မှုတွေက သူမစိတ်ထဲမှာ အချိန်နဲ့အမျှ လွှမ်းမိုးခံနေရပါတယ်။
စစ်အာဏာရှင်ကြောင့် လူမမယ် သားသမီးတွေဟာ ဖခင်မဲ့ဖြစ်သွားခဲ့ရသလို သူတို့မိသားစုဘဝ ရှေ့ရေး အတွက်လည်း ရိုက်ချိုးဖျက်ဆီးခံရတယ်လို့ နော်ယေးဂေးဖောက ရှုမြင်ပါတယ်။
အာဏာရှင်စစ်တပ်ကြောင့် သူမအမျိုးသားဖြစ်သူဟာ ရှေ့တန်းမှာ ကျဆုံးခဲ့ရပေမယ့် အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် ဆက်လက် တိုက်ပွဲဝင်ရဖို့က ကျရာတာဝန်ကနေပြီး ဆက်လက်ထမ်းဆောင်သွားမယ်လို့ သူမက ပြောပါတယ်။
“ကျမက ကိုယ်တိုင်ရှေ့တန်းမသွားရဘူး။ ဒါပေမယ့် အရှေ့တန်းအတွက်က အနောက်တန်းမှာ လိုအပ်တဲ့တာဝန်ကိုတော့ ကျေပွန်အောင်လုပ်မယ်။” လို့ သူမက ပြောပါတယ်။
ဖခင်မဲ့သွားတဲ့ သားသမီးသုံးဦးကို အားပြုပြီး မိခင်တစ်ဦးရဲ့တာဝန်နဲ့ တော်လှန်ရေးတာဝန်ကို သူမ အားတင်းရှေ့ဆက်သွားမှာပါ။
ရဲဘော်မိခင် နော်ယေးဂေးဖောရဲ့ အမြင့်မြတ်ဆုံး မျှော်လင့်ချက်ကတော့ စစ်ကြောင့်ဖြစ်ရတဲ့ သောကတွေ ကင်းဝေးပြီး နောင်အနာဂတ်မှာ ခင်ပွန်းမဲ့၊ ဖခင်မဲ့ မိသားစုတွေ မရှိတော့ဘဲ အားလုံးပဲ စုံစုံလင်လင် အေးချမ်းရစေဖို့နဲ့ သာယာတဲ့ ဘဝတစ်ခု ပိုင်ဆိုင်ရဖို့အတွက်ပဲ ဖြစ်ပါတယ်။



















