Home တွေ့ဆုံမေးမြန်းခန်း ဒူးပလာယာခရိုင် နယ်မြေစစ်ရေးအခြေအနေနှင့်ပတ်သက်ပြီး ခရိုင်ဥက္ကဋ္ဌ ပဒိုစောလစ္စတန်နှင့် တွေ့ဆုံမေးမြန်းချက်

ဒူးပလာယာခရိုင် နယ်မြေစစ်ရေးအခြေအနေနှင့်ပတ်သက်ပြီး ခရိုင်ဥက္ကဋ္ဌ ပဒိုစောလစ္စတန်နှင့် တွေ့ဆုံမေးမြန်းချက်

511

“ဖိနှိပ်မှုနဲ့စစ်နဲ့ပဲ အုပ်ချုပ်နေသမျှကာလပတ်လုံး ငြိမ်းချမ်းမှုမရနိုင်ဘူး။ စစ်အုပ်စုက တိုက်ပွဲတွေကို မဖြစ်မနေလုပ်တဲ့အခါကျတော့ ကျနော်တို့က ကာကွယ်တဲ့အနေနဲ့တိုက်ပွဲဖြစ်နေမှာပဲ။” ပဒိုစောလစ္စတန်၊ ဒူးပလာယာခရိုင် ဥက္ကဋ္ဌ

ဒူးပလာယာခရိုင် နယ်မြေစစ်ရေးအခြေအနေနှင့်ပတ်သက်ပြီး ခရိုင်ဥက္ကဋ္ဌ ပဒိုစောလစ္စတန်နှင့် တွေ့ဆုံမေးမြန်းချက်

ဖေဖော်ဝါရီလ (၁၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေများတွင် လက်ရှိအချိန်ထိ တိုက်ပွဲအပြင်းထန်ဆုံးနယ်မြေတစ်ခုဟုဆိုနိုင်သည့် KNU တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်တွင် စစ်အုပ်စုက အရပ်သားများကိုပစ်မှတ်ထားပြီး အသေခံဒရုန်းများနှင့်လေကြောင်းပစ်ကူများ အလွန်အကျွံအသုံးပြုလာခြင်းလည်း ရှိနေသည်။

ခရိုင်အတွင်း စစ်အုပ်စုက အရပ်သားပြည်သူအပေါ်ကျုးလွန်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှု၊ နယ်မြေစစ်ရေးလှုပ်ရှားမှုနှင့် လက်တလောစစ်ရေးတင်းမာနေမှု တို့ကိုသိရှိနိုင်ရန် KNU ဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒိုစောလစ္စတန်နှင့် တွေ့ဆုံမေးမြန်းထားခြင်းဖြစ်သည်။

မေး။ လတ်တလော ဒူးပလာယာခရိုင်အတွင်း စစ်အုပ်စုနဲ့တော်လှန်ရေးတပ်ဖွဲ့တို့ စစ်ရေးလှုပ်ရှားမှု နောက်ဆုံးအခြေအနေကို ပြောပြပေးပါလား။
ဖြေ။ စစ်ရေးတိုက်ပွဲကတော့ အခုဆိုရင်နေ့တိုင်းလိုလိုဖြစ်နေတာပဲ။ စစ်တပ်အာဏာသိမ်းတဲ့ နောက်ပိုင်း တိုက်ပွဲ ကြိုကြားကြိုကြားဖြစ်ရာကနေ ပြင်းထန်လာတယ်။ ၂၀၂၅ ကတောက်လျှောက် နှစ်လုံးပေါက်လို့ပဲပြောရမယ်။ လက်ရှိအနေအထားကတော့ ကော့ကရိတ်အောက်ဘက်နဲ့ ဒေါနအရှေ့ ပေါ့‌နော်။ အထူးသဖြင့် မြဝတီတောက်ဘက်ခြမ်း ဖလူး၊ရသေ့ဂူတို့ အဲဒီဒေသတွေမှာ တိုက်ပွဲ‌တွေပြင်းပြင်းထန်ထန် ဒီနေ့ထိရှိနေဆဲပဲ။ တိုက်ပွဲအတွင်းစစ်အုပ်စုက‌တော့ နည်းပညာတွေ ဖြစ်တဲ့ဒရုန်းတို့ လေကြောင်းတို့ လူအင်အားဆိုရင်လည်း သူတို့စစ်မှုထမ်းဥပဒေထုတ်ပြီးနောက် ကောက်တဲ့ဟာတွေရှိမယ်။

တိုက်ပွဲကို လူနဲ့အတင်းတက်တဲ့ပုံစံမျိုးတွေထိုးလာတယ်။ ကျနော်တို့ ရဲဘော်တွေလည်း ရွပ်ရွပ်ချွံချွံနဲ့ ရှိသမျှ ရသမျှ လက်နက်နဲ့ အပြင်းအထန်တုံ့ပြန်နေတာဒီနေ့အထိပဲ၊။ အခုဒီဘက်အာရှလမ်းမကြီးရဲ့ ဒီဘက်ကိုလွန်လာတာပေါ့။ အခု ဖလူးနဲ့မြဝတီကြားမှာ တိုက်ပွဲဟာ နေ့တိုင်းလိုလိုဖြစ်နေတဲ့သဘောတော့ရှိပါတယ်။

မေး။ စစ်အုပ်စုဘက်မှာ အဆင့်မြင့်တိုက်ခိုက်ရေးပစ္စည်းတွေသုံးလာတယ်လို့ သိရပါတယ်၊ အဲဒီအခြေအနေကိုသိသလောက်ပြောပေးပါဦး။
ဖြေ။ သူတို့က မစ်ဇိုင်းလို ပြီးတော့ လက်နက်ကြီးတွေ ဥပမာ ၁၅၅ မမ တို့၊ ၁၂၀မမ တို့ အဲဒါက မြေပြင်ရဲ့လက်နက်ကြီးတွေပေါ့။ ဝေဟင်ကဆိုရင်တော့ ဂျက်ဖိုက်တာတွေ Y12 တွေ အရင်က ဟယ်လီကော်ပတာတွေကိုတော့ ဒီနောက်ပိုင်းသိပ်မသုံးတော့ဘူး။ ဂျက်ဖိုက်တာတို့ ဒရုန်းတို့သုံးလာတယ်။ Suicideဒရုန်း(ကာမီကာဇေ)တွေ သုံးပြီးတိုက်ခိုက်တာတွေ ပြင်းပြင်းထန်ထန်နဲ့ တော်တော်သုံးလာတဲ့အနေအထားတော့ရှိတယ်။

မေး။ စစ်အုပ်စုရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကရော ဘယ်လိုရှိနေလဲ။
ဖြေ။ အဲဒါနဲ့ပတ်သက်ပြီးပြောရမှာ တော်တော်များမယ်။ ဘာဖြစ်လဲဆိုတော့ အခုသူတို့က ကျေးရွာတွေကိုခြိမ်းခြောက်တာ လေကြောင်းရန်ဆိုရင်လည်း ကျနော်တို့တပ်တွေကိုပဲရည်ရွယ်ပြီး ပစ်နေတာမဟုတ်တော့ဘူး။ သူတို့အကြောင်းပြချက်က ကျနော်တို့ပူးပေါင်းတပ်တွေရဲ့စစ်ကြောင်းတွေဟာ ရွာတို့ အိမ်တို့မှာ နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျေးရွာ၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ ဘုရားကျောင်းတွေကို လိုက်ပစ်တဲ့အခါကျတော့ လူထုအတွက် တအားစိုးရိမ်ကြောက်ရွံ့စရာဖြစ်လာတယ်။ ရွာတွေမှာဆို မနေရဲကြတော့ဘူး။ ဒီနေ့အချိန်ထိ ရွာပေါင်းမနည်းဘူး ပျက်တာရှိတယ်။ စစ်ဘေးရှောင်တွေလည်း များလာတယ်။ အဲဒီအပေါ်မှာ ရုပ်ပိုင်းမက စိတ်ပိုင်းဆိုင်ရာတွေပါ ရလာတယ်။ အမျိုးသမီး ကလေးငယ်တွေ သက်ကြီးရွယ်အိုတွေ၊ ဒါတွေကပြောရမယ်ဆိုရင် နွေ၊မိုး၊ဆောင်း သူတို့ကခံခဲ့ရတာ။ နှစ်လုံးပေါက်ဖြစ်နေတဲ့တိုက်ပွဲမို့လို့။ သူတို့က ကျေးရွာထဲဝင်ရင်လည်းပဲ အိမ်တွေဖျက်တယ်၊ ပစ္စည်းတွေယူတယ်။ ကောင်းတယ်လို့ရွေးချယ်လို့ရတဲ့ ပစ္စည်းတွေသယ်တယ်၊ သယ်လို့မရတဲ့ဟာတွေဆို ဖျက်ဆီးတယ်။ ကျား၊ မ၊ ကလေးသူငယ်၊ သက်ကြီးရွယ်အိုမရွေး လူ့အခွင့်အရေးချိုးဖောက်မှုကိုခံစားနေရတယ်။

မေး။ ဒူးပလာယာခရိုင်ထဲက အခက်အခဲဖြစ်နေတဲ့လူထုအခြေအနေကိုလည်းပြောပြပါဦး။ သူတို့အတွက်ဘာတွေလိုအပ်ချက်ရှိလဲ။
ဖြေ။ မြို့နယ်လေးခုထဲမှာ အခက်အခဲဆုံးလို့ပြောရရင် ကော့ကရိတ်ပေါ့နော်။ ဒေါနအရှေ့နဲ့ အနောက်ဆိုပြီးနှစ်ခြမ်းရှိတယ်။ အဲ့မှာမြို့နယ်တစ်ခုလုံးဒုက္ခရောက်တယ်ပြောရမယ်။ အထူးသဖြင့် မြဝတီတောင်ပိုင်း၊ ကော့ကရိတ်တောင်ပိုင်းဘက်ကကျေးရွာတွေကတော့ စစ်နဲ့နိစ္စဓူဝဖြစ်နေတယ်။ နောက်တစ်ခုက ကျုံဒိုး။ ဘာလို့လဲဆိုတော့ ဒီတပ်တွေကတက်လာပြီဆိုရင် ကျုံဒိုး၊ ကော့ကရိတ်၊ မြဝတီ ဒီလမ်းကြောင်းအတိုင်းချီတက်တယ်။ ကျုံဒိုးဆိုရင်လည်း ရွာပျက်ပြီး စစ်ဘေးရှောင်ရတဲ့အနေအထား တော်တော်များများမှာရှိနေတယ်။

စစ်ဘေးရှောင်တွေအတွက် နွေမိုးဆောင်းပြောရင် မိုးရာသီဆိုရင် အဆောက်အဦးတွေ တာလပတ်တွေ ပြီးတော့ ရိက္ခာတွေ ကျန်းမာရေးလိုအပ်ချက်တွေရှိတယ်။ တချို့ကိုယ်ဝန်နဲ့အမျိုးသမီးတွေဆို ဆေးရုံဆေးခန်းမဟုတ်ဘဲ ခက်ခက်ခဲခဲအပြင်မှာမွေးရတာမျိုး စတဲ့ အသက်အန္တရာယ်တွေရှိတယ်။ ဆေးပိုင်းဆိုင်ရာ ဆရာ၊ ဆရာမတွေလည်း အလုံအလောက်မရှိနေဘူး။ ရှိတဲ့လူနဲ့ပဲ အစွမ်းကုန်လိုက်ကူညီပေးကြတယ်။ ပြင်ပအကူအညီတွေလည်း ရသင့်သလောက်ရသလို ဒေသတွင်း အဖွဲ့အစည်းတွေတော်တော်များများ ကူညီပံ့ပိုးရတာရှိတယ်။ ဒါပေမယ့် ပြည့်စုံတယ်လို့မရှိဘူးပေါ့နော်။ တိုက်ပွဲတွေကြားထဲ လုပ်ဆောင်နေရတာမို့လို့ ရိက္ခာတွေပို့တဲ့အခါဆိုရင်လည်း အန္တရာယ်တွေကြားက ဖြတ်သန်းပြီးသယ်ပိုးရတယ်။
လိုအပ်ချက်တွေ တော်တော်များများရှိတာပေါ့နော်။ အဆောက်အဦးတွေ ချမ်းတဲ့ကာလဆို စောင်တွေကအစ အဝတ်အစားတွေ နိစ္စဓူဝအသက်ရှင်ရေးအတွက် ရိက္ခာတွေ ကျန်းမာရေးအတွက် ဆေးဝါးတွေ လိုအပ်နေတဲ့အနေအထားမှာတော့ ရှိပါတယ်။

‌မေး။ နောက်ဆုံးအနေနဲ့ စစ်ရေးတင်းမာလာတဲ့အပေါ် ပြည်သူလူထုကို ဘာသတိပေးချင်လဲ။
ဖြေ။ အခု ဒီမြေပြင်ကနေလည်း ကျနော်တို့ သတင်းရထားသလောက် စစ်ကားတွေ တင့်ကားတွေနဲ့ပါ စစ်ကြောင်း ထိုးလာတယ်။ သူတို့က မရမနေလုပ်နေမှာပဲ။ ဒါသူ့အပိုင်းပေ့ါနော်။ ကျနော်တို့ကလည်း ဒါကိုကာကွယ်ဖို့ရှိတဲ့အခါကျတော့ ဒေသထဲမှာ တိုက်ပွဲတွေပိုပြီးပြင်းထန်လာဖို့အပိုင်းကတော့ မြင်နေရတယ်။ အဲ့ဒီအပေါ်မှာလည်း လူထုကစိုးရိမ်တဲ့အသံတွေလည်း ကျနော်တို့ကြားနေရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူထုအနေနဲ့ကတော့ ဒီတိုင်းနေလို့မရဘူး။ အားလုံးသတိရှိရှိနဲ့နေရမယ်။

ပြည်တွင်းမှာ ဖိနှိပ်မှုနဲ့ စစ်နဲ့ပဲ အုပ်ချုပ်နေသမျှကာလပတ်လုံး ငြိမ်းချမ်းမှုကတော့မရနိုင်ဘူး။ စစ်အုပ်စုက တိုက်ပွဲတွေကိုမဖြစ်မနေလုပ်တဲ့အခါကျတော့ ကျနော်တို့က ကာကွယ်တဲ့အနေနဲ့ တိုက်ပွဲကဖြစ်နေမှာပဲ။ ပြည်သူလူထုတွေကလည်း သတိဝီရိယနဲ့ နိုင်ငံရေးသတိ၊ စစ်ရေးသတိနဲ့ နေထိုင်သွားလာဖို့ သတင်းတွေကိုသေချာနားစွင့်ဖို့ လိုတယ်။

ဖြစ်လာရင်တော့ စစ်အုပ်စုရဲ့ထိုးစစ်တွေအပေါ်မှာပဲမူတည်တယ်။ ကျနော့်အနေနဲ့ သတိပေးချင်တာတစ်ခုပဲ။ သတိဝိရီယနဲ့နေကြဖို့၊ ပြင်ဆင်ထားကြဖို့၊ သက်ဆိုင်ရာ ကျ‌နော်တို့တွေကိုလည်း သတင်းပေးပို့ဖို့၊ ဒါတွေကတော့ အများကြီးလိုအပ်ပါလိမ့်မယ်။

မေး။ ဘာများဖြည့်စွက်ပြောချင်တာ ရှိပါသလဲ။
ဖြေ။ အခု မြန်မာပြည်တွင်းမှာစစ်တွေဖြစ်နေတယ်။ တိုင်းရင်းသားဒေသတွေမှာပိုဖြစ်နေတယ်။ ဒီစစ်အုပ်စုတွေ‌ကတော့ အမြဲတမ်းသတင်းတွေ သူတို့ရဲ့ဝါဒဖြန့်ယန္တရားတွေကို ကြေညာထုတ်ပြန်တယ်။ သူတို့ထုတ်ပြန်ချက်ထဲမှာဆိုရင်လည်း တိုင်းရင်းသားတွေကသောင်းကျန်းလို့ အကြမ်းဖက်လို့ စစ်တပ်အနေနဲ့နှိမ်နင်းရပါတယ်ဆိုပြီး လုပ်တယ်။ သူတို့ဘက်က ဝါဒဖြန့်တဲ့ယန္တရားတွေက အများကြီးရှိနေတာ။ ဒါကသူတို့ရဲ့ အားသာချက်ပေါ့နော်။ သူတို့ပြောတဲ့အတိုင်း ပြည်သူလူထုတွေ နားယောင်မယ်ဆိုရင် ကျ‌နော်တို့အခက်အခဲဖြစ်မယ်။

မြန်မာပြည်မှာဒီလိုမျိုးပြဿနာဖြစ်ရတာ အဓိကနှစ်ခုပဲ။ ဒီမိုကရေစီအခွင့်အရေး၊ တိုင်းရင်းသားအခွင့်အရေးတွေဆုံးရှုံးတာ။ ဒီအတွက် စာနဲ့သော်လည်းကောင်း တောင်းဆိုမှုတွေလုပ်တယ်။ ဒါပေမယ့် သူတို့ကစစ်နဲ့ပဲနှိမ်နင်းလာတယ်။ တဖက်က လက်နက်ကိုင်ပြီးစကားပြောရင် တဖက်က လက်နက်မရှိရင်လက်နက်ကိုင်တဲ့လူရဲ့ ပြောစကားက ဥပဒေဖြစ်တယ်။ အဲဒီတော့ ကျနော်တို့ကခေါင်းငုံ့ခံမှာထက် ကိုယ်လိုချင်တဲ့အခွင့်အရေးကို အေးဆေးတောင်းဆိုပေမယ့် သူတို့ကလက်နက်နဲ့နှိပ်ကွပ်လို့ရှိရင် ကျနော်တို့က လက်နက်နဲ့ပြန်တုံ့ပြန်တဲ့သဘောပဲ။

ဒါကြောင့် တိုင်းရင်းသားတွေခံနေရတဲ့ဘက်က ဖြစ်တယ်။ ဘာကြောင့်ပြည်တွင်းစစ်ဖြစ်တာလဲဆိုတာ ကျနော်တို့ပြည်သူလူထုအားလုံးကလည်း သိဖို့လိုတယ်။ ဖိနှိပ်မှုကြောင့် တော်လှန်ရေးဆိုတာဖြစ်တာ။ လက်နက်နဲ့ဖိတော့ လက်နက်နဲ့တုံ့ပြန်တာဖြစ်လာတယ်။ တော်လှန်ရေးဖြစ်ရတဲ့သဘောသဘာဝက ဖိနှိပ်မှုရှိလို့ပဲ။ တကယ်တမ်းတိုင်းပြည်မှာ ဖွဲ့စည်းပုံစည်းမျဥ်းဥပဒေတွေရှိတယ်။ ဗမာလည်း တိုင်းရင်းသားပဲ၊ ဒါပေမယ့် ဗမာတွေမဟုတ်တဲ့တိုင်းရင်းသားတွေကပဲ ခံနေရတယ်။ တကယ်တမ်းကျတော့ ဗမာအများစုဖြစ်တဲ့ တိုင်းရင်းသားပြည်သူလူထုတွေက ဒီတိုင်းပြည်နဲ့ ကိုက်ညီမှုမရှိတဲ့ဖွဲ့စည်းပုံတွေမို့လို့ ဗမာတွေကိုယ်တိုင်က ပြန်ပြီးတိုက်ပွဲဝင်နေရတယ်။ နောက်ဆုံး သူတို့လည်း လက်နက်ကိုင်တဲ့အဆင့်တွေဖြစ်လာတယ်လေ။ အဲဒီအရင်းအမြစ်ကိုလိုက်ရမှာ။

ဒီလိုမျိုး တော်လှန်တိုက်ပွဲဆိုတာ အကြောင်းမဲ့ဖြစ်လာတာမဟုတ်ဘူး။ ဖိနှိပ်မှုကြောင့် ဖြစ်လာတာကို ပြည်သူပြည်သားတွေကိုသိစေချင်တယ်။ အဲဒါကြောင့်မို့ တိုက်ပွဲဖြစ်ရတဲ့အကြောင်းအရင်းသမိုင်းတွေကို လေ့လာပါ။ ဖိနှိပ်သူနဲ့တော်လှန်သူကြားမှာ ဘယ်ဟာတရားလဲ၊ ဘယ်ဟာမတရားဘူးမြင်သွားကြမယ်။ အဲဒါကိုလေ့လာသိရှိစေချင်တယ်။ ပြီးတော့မှ ဒါဆိုရင်ကျနော်တို့တိုင်းသူပြည်သားတွေအားလုံးရဲ့ တာဝန်ပါလားပေါ့။ ဒါဆို ဖိနှိပ်မှုမရှိအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ စဥ်းစားတွေ့ခေါ်မှုတွေဖြစ်လာပြီးတော့ တော်လှန်ရေးဘက်က အားကောင်းကောင်းနဲ့ပြောင်းလဲမှုကို ငွေကြေးရယ်လို့မဟုတ်ဘဲ ဝိုင်းဝန်းကူညီပံ့ပိုးပေးဖို့ သတင်းအချက်အလက်နဲ့သော်လည်းကောင်း၊ ရုပ်ပိုင်း၊ စိတ်ပိုင်း အစစရာရာအားဖြင့်ကူညီရင်းနဲ့ ဒီစနစ်ဆိုးကြီးကိုပြောင်းလဲဖို့အတွက် ကျနော်တိုက်တွန်းချင်ပါတယ်။