ဖေဖော်ဝါရီ (၁၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်လူမျိုးတို့၏စည်းလုံးညီညွှတ်မှုကိုပြသနိုင်ခဲ့သည့် ကရင်အမျိုးသားနေ့၏ တောင်းဆိုချက်များကို လက်ဆင့်ကမ်းသယ်ဆောင်ပြီး အနာဂတ်တွင်အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း ကေအဲန်ယူဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ယနေ့(ဖေဖော်ဝါရီ ၁၁ ရက်)ကျရောက်သည့် (၇၈)ကြိမ်မြောက် ကရင်အမျိုးသားနေ့မိန့်ခွန်းအတွင်း တိုက်တွန်းပြောဆိုသည်။
ကိုယ်ပိုင်ပြဌာန်းခွင့်၊ အမျိုးသားတန်းတူရေး၊ ငြိမ်းချမ်းရေးနှင့်အတူယှဥ်တွဲနေထိုင်ရေးကို ဖော်ညွှန်းသောတောင်းဆိုချက်(၄)ရပ်ဖြင့် ကရင်အမျိုးသားနေ့စတင်ဖြစ်ပေါ်လာသည့် ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၁)ရက်နေ့တွင် တစ်တိုင်းပြည်လုံးရှိကရင်လူမျိုးများမှ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း ကရင်သမိုင်းမှတ်တမ်းများတွင် ဖော်ပြသည်။
မဟာလူမျိုးကြီးဝါဒနှင့်အာဏာရှင်စနစ်ကြောင့် ယနေ့အချိန်ထိ တရားဝင်မရရှိသေးသော ကရင်အမျိုးသားတို့၏လိုလားတောင်းဆိုချက်များကို လက်ဆင့်ကမ်းသွားရမည်ဖြစ်ပြီး အနာဂတ်တွင်လည်း အကောင်အထည်ဖော်ရမည်ဟု ပဒိုစောကွယ်ထူးဝင်းက တိုက်တွန်းသည်။
နိုင်ငံရေးအခြေအနေအပေါ်မူတည်၍ ကရင်လက်နက်ကိုင်အဖွဲ့များ၊ ကရင်ပါတီများ၊ ကရင်အဖွဲ့အစည်းနှင့်ကရင်လူမျိုးများ စည်းလုံးညီညွှတ်စွာ မိမိတို့ကရင်အမျိုးသားရည်မှန်းချက်ကိုဦးတည် လုပ်ဆောင်ရမည်ဖြစ်ကြောင်းလည်း ကေအဲန်ယူဥက္ကဌက တပါတည်းတိုက်တွန်းထားသည်။

ထို့အပြင် ကရင်အပါအဝင် တိုင်းရင်းသားလူမျိုးများ၏ ဖက်ဒရယ်ပြည်ထောင်စုရည်မှန်းချက်နှင့် ဆန့်ကျင်ဘက်ဖြစ်နေသည့် စစ်အာဏာသိမ်းမှု၊ အာဏာရှင်စနစ်သက်ဆိုးရှည်စေမှု ကိစ္စမှန်သမျှကိုလည်း အားလုံးအတူတကွ ဖြိုချဖျက်ဆီးရမည်ဟု မိန့်ခွန်းကဖော်ပြသည်။
လွတ်လပ်ရေးရပြီးနောက်ပိုင်း လူမျိုးကြီးဝါဒနှင့်ဖိနှိပ်မှုများမရှိ၊ သီးခြားလွတ်လပ်သည့်ကရင်ပြည်ရရှိရေး၊ လူမျိုးတစ်မျိုး၏ရပိုင်ခွင့်အတွက် ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီ(၁၁)ရက်နေ့က ကေအဲန်ယူဦးဆောင်သည့် တစ်တိုင်းပြည်လုံးရှိ ကရင်လူထု(၄)သိန်းကျော် ချီတက်ဆန္ဒထုတ်ဖော်ခဲ့သည့်နေ့ကို ကရင်အမျိုးသားနေ့အဖြစ် ပထမအကြိမ် ကော်သူးလေကွန်ကရက်တွင် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
ထိုစဥ်ကတည်းက ကရင်အမျိုးသားနေ့ကို နှစ်စဥ်ဖေဖော်ဝါရီလ(၁၁)ရက်နေ့ရောက်တိုင်း ကရင်လူမျိုးများနေထိုင်ရာနယ်မြေအသီးသီး၌ ဂုဏ်ယူစွာကျင်းပခဲ့ကြပြီး ယနေ့တွင် (၇၈)နှစ်ပြည့်မြောက်ခဲ့ပြီးဖြစ်သည်။



















