Home သတင်း ခလယ်လွီထူတွင် စစ်အုပ်စု ဒရုန်းတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး ကလေးငယ်အပါအဝင် ၃ ဦး ဒဏ်ရာရ

ခလယ်လွီထူတွင် စစ်အုပ်စု ဒရုန်းတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး ကလေးငယ်အပါအဝင် ၃ ဦး ဒဏ်ရာရ

482
Photo: KNU

ဇန်နဝါရီ ၁၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် လယ်ဒိုမြို့နယ်နှင့် မူးမြို့နယ်တွင် စစ်အုပ်စုတပ်မှ လက်နက်ကြီးနှင့် ဒရုန်းပစ်ခတ်မှုကြောင့် အရပ်သား တစ်ဦးသေဆုံးပြီး ကလေးငယ်တစ်ဦးအပါအဝင် ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူက ယနေ့ သတင်း ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၁ ရက် နေ့လည် ၁၂ နာရီတွင် လယ်ဒို(ကျောက်ကြီး)မြို့နယ်၊ နတ်သံကွင်းရှိ စစ်အုပ်စုတပ်မှ ရွှေတဲစုကျေးရွာအတွင်းသို့ ၁၂၀ မမ လက်နက်ကြီး နှစ်လုံး ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး စောဖားလားကို (၃၇) နှစ် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့အပြင် လူနေအိမ် (၁)လုံး ထိမှန်ပျက်စီးကာ နွား (၂) ကောင်လည်း ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

ထိုနေ့ တစ်ရက်တည်း နံနက် ၁၁ နာရီ ၄၀ မိနစ်အချိန်တွင် နတ်သံကွင်းရှိ စစ်အုပ်စုတပ်များသည် ဖိုးတ ကျေးရွာအတွင်းသို့ ဒရုန်းဗုံးသီး (၂) လုံး ပစ်ခတ်ခဲ့ရာ ရွာသူ မသန်းကြွယ် အသက် (၄၀) နှစ်ကို ထိမှန်သေဆုံးခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Photo: KNU

ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်တွင်လည်း နတ်သံကွင်းရှိ စစ်အုပ်စုတပ်က မူး(မုန်း) မြို့နယ်၊ ကင်မွန်းခြုံကျေးရွာအတွင်းသို့ ဒရုန်းဗုံးသီး (၇) လုံး ပစ်ခတ်ခဲ့ရာ ကင်မွန်းခြုံကျေးရွာနေ ဒေါ်ခင်မာဦး (၅၇) နှစ်၊ ဦးဌေးမြင့် (၅၆) နှစ်နှင့် မစုမွန်အောင် (၈) နှစ်တို့ သုံးဦး ထိမှန်ဒဏ်ရာရရှိခဲ့သေးသည်။

စစ်အုပ်စုတပ်သည် ကော်သူးလေ ထိန်းချုပ်မှုနယ်မြေများအတွင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ရာ နေရာ ဒေသများအတွင်း နေထိုင်သော အရပ်သားပြည်သူလူထုများအား ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုများနှင့်လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများကို အဆက်မပြတ်ကျူးလွန်လျက်ရှိသည်ဟု ကေအဲန်ယူက ပြောသည်။