ပြည်တွင်းစစ်
ဒဿန(မြစ်၀ကျွန်းပေါ်)
(၁၃ ဇန်နဝါရီ၊ ၂၀၂၆)
သမိုင်းအဖြစ်အပျက်တိုင်းသည် ရှောင်တခင် ဖြစ်ပေါ်လာခြင်းမဟုတ်။ နောက်ခံဖြစ်ရပ်များနှင့် ဆက်စပ်ကြည့် မှသာ အမှန်တရားနှင့်နီးစပ်မှာ ဖြစ်ပါသည်။
လွတ်လပ်ရေး ကြေညာစာတမ်းပါ စကားလုံးများ မင်နှံ့ မပျောက်သေးခင် ၈၃ရက်။ ၁၉၄၈ခုနှစ်၊ မတ်လ ၂၈ ရက်နေ့မှာပဲ ဗမာပြည် ပြည်တွင်းစစ်ကြီး စတင်ပေါ်ပေါက်ခဲ့သည်။
ဗမာပြည် ပြည်တွင်းစစ်ကြီးကို ဘယ်သူစတင်ခဲ့သလဲဆိုသည်မှာ အလွန်အရေးကြီးသည့်သမိုင်း ဖြစ်ပါသည်။ ဘက်တစ်ဖက်တည်း၏ ပြောဆိုချက်ကိုမကြည့်ဘဲ ဘက်စုံအောင် ကြည့်တတ်ရန်လိုသည်။
ဆိုရှယ်လစ်များ၊ ဗမာပြည်အုပ်စိုးသူအဆက်ဆက်၊ အနောက်တိုင်းသမိုင်းပညာရှင်များ၊ ဗမာပြည်သမိုင်းပညာ ရှင်များ၊ ကျောင်းသုံးသမိုင်းစာအုပ်များတွင် ၁၉၄၈ခုနှစ်၊ မတ်လ ၂၈ရက်နေ့ စတင်ခဲ့သည့် ပြည်တွင်းစစ်ကို ဖန်တီးသူ ဟာ ဗမာပြည်ကွန်မြူနစ်ပါတီဟု ဆိုသည်။
သူတို့ရဲ့အဆို မှန်ကန်ကြောင်း “သပိတ်စုံသူပုန်ထ”ဆိုတဲ့ (ဂိုရှယ်စစ်တမ်း)က အထောက်အထားပြလေ့ရှိသည်။ ဂိုရှယ်စစ်တမ်းကို ဖော်ထုတ်ခဲ့သည့် ပုဂ္ဂိုလ်နှစ်ဦးမှာ ဝန်ကြီးချုပ် ဦးနုနဲ့ သခင်သိန်းဖေတို့ ဖြစ်သည်။ ဝန်ကြီးချုပ် ဦးနု ရေးသော “တာတေစနေသား”စာအုပ်တွင် ဦးကျော်ငြိမ်းက ဦးနုအား ဂိုရှယ်စစ်တမ်းကိုပြပြီး ကွန်မြူနစ်တွေသူပုန်ထမှာ အမှန်ဖြစ်ကြောင်း ကွန်မြူနစ်ခေါင်းဆောင်တွေ ရန်ကုန်မှာစုနေတုန်း ဖမ်းပြီးထောင်ထဲထည့်ထားရန် ပြောခဲ့သည်။ ၎င်း ဂိုရှယ်စစ်တမ်းမှာ ဦးကျော်ငြိမ်းဆီမှာစတင်၍ ဦးကျော်ငြိမ်းဆီမှာပဲ အဆုံးသတ်ခဲ့သည်။
ဗမာပြည်ကွန်မြူနစ်ပါတီ၏ နောက်ဆုံးတိုက်ပွဲလမ်းစဉ်သည် အင်္ဂလိပ်နယ်ချဲ့ဖြစ်ကြောင်း ပြည်တွင်းစစ်လမ်း စဉ်မဟုတ်ခဲ့ကြောင်း အတိအလင်း ငြင်းဆိုခဲ့ပါသည်။ အုပ်စိုးသူက လက်နက်ကိုင်အကြမ်းဖက်လာလို့ လက်နက်ကိုင် နည်းကို ရွေးခဲ့ရတာဖြစ်တယ်လို့ ဆိုပါသည်။
နု-အက်တလီစာချုပ်အရ ကိုလိုနီခေတ် ဗြိတိသျှအစိုးရက ဗမာနိုင်ငံကိုယ်စား ချုပ်ဆိုထားသည့် နိုင်ငံတကာ သဘောတူစာချုပ်မှန်သမျှ ဆက်လက် တာဝန်ယူရပါသည်။ စာချုပ်ပေါင်း ၇ဝကျော်ရှိပါသည်။ စီးပွားရေးနှင့်ပတ်သက် ပြီး ဗြိတိသျှအစိုးရရဲ့ စီးပွားရေးလုပ်ငန်းများကို မြန်မာအစိုးရက အရေးယူဆောင်ရွက်မယ်ဆိုရင် ဗြိတိသျှအစိုးရနှင့် တိုင်ပင်ပြီး လျော်ကြေးပေးရာ ကိုလိုနီခေတ်တစ်လျှောက် မြန်မာနိုင်ငံနှင့်ပတ်သက်တဲ့ ကြွေးမြီအားလုံးကို မြန်မာနိုင်ငံ ပြန်ဆပ်ရန်၊ အိန္ဒိယအင်ပါယာမှ မြန်မာနိုင်ငံမခွဲထုတ်ခင် အိန္ဒိယ ပါကစ္စတန် အမှုထမ်းများအတွက် ပင်စင်လစာ ၆ ကုဋေ ၉သန်းကို ဗမာအစိုးရမှတာဝန်ယူရန်၊ မြန်မာအစိုးရက ဗြိတိသျှဓနသဟာယ စစ်မစ်ရှင်အဖွဲ့များ စစ်သင်္ဘော စစ်လေ ယာဉ်များ မြန်မာနိုင်ငံတွင် ဆိုက်ကပ် ခိုလှုံခွင့်ပြုရန် သဘောတူခဲ့ရသည်။
နု-အက်တလီစာချုပ်ကို ဗမာပြည်ကွန်မြူနစ်ပါတီက နိုင်ငံရေးအားဖြင့် လွတ်လပ်သော်လည်း စီးပွားရေး၊ စစ်ရေးတွေမှာ ကိုလိုနီနှောင်ကြိုးတုပ်ခံနေရခြင်း၊ တိုင်းပြည်စီးပွားရေးတွေမှာလည်း ခေတ်နောက်ကျနေခြင်း၊ ကုန် ထုတ်လုပ်ငန်း၊ စက်မှုလုပ်ငန်းအားလုံးနီးပါး နယ်ချဲ့သမားနှင့် လူမျိုးခြားပိုင်ဖြစ်နေခြင်းတို့ကြောင့် (ကိုလိုနီတစ်ပိုင်း၊ ပဒေသရာဇ်တစ်ပိုင်း) နိုင်ငံဖြစ်နေပြီး လုံးဝ လွတ်လပ်ရေးအတွက် ကိုလိုနီနှောင်ကြိုးမှန်သမျှ ဖြတ်တောက်ပစ်ရန် သဘောထားရှိပါသည်။
ဆိုရှယ်လစ်ပါတီကတော့ တင်းပြည့် ကျပ်ပြည့် လွတ်လပ်ရေးလို့ ရှုမြင်ပြီး ကွန်မြူနစ်ပါတီနှင့် ဆိုရှယ်လစ် ပါတီတို့ အမြင်ခြင်း ပဋိပက္ခတွေ ရှိခဲ့ပါသည်။
၁၉၄၈ ခုနှစ် မတ်လဆန်းပိုင်းမှာ ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားအစည်းအရုံး ဥက္ကဋ္ဌ လယ်ယာစိုက် ပျိုးရေးဝန်ကြီး သခင်တင် သာယာဝတီဘက်သို့ ခရီးထွက်ရင်း မင်းလှဗိုလ်တဲမှာ မကျင်စိန်ဆိုသူအမျိုးသမီးကို အဓမ္မပြု ကျင့်ကြောင်း အမျိုးသမီးဓာတ်ပုံနှင့် အဖြစ်အပျက်ပါသတင်းကို ဝန်ကြီးချုပ်ဦးနုနှင့် သတင်းစာတိုက်များဖြစ်သော အိုးဝေ၊ ပြည်သူ့ဟစ်တိုင်၊ စီးပွားရေးသတင်း၊ ကွန်မြူနစ်နေ့စဉ်သတင်းစာများသို့ ပေးပို့ရာ အဆိုပါသတင်းကို သတင်း စာတိုက်များက ဖော်ပြကြသည်။
ဆိုရှယ်လစ်ပါတီထိပ်သီး ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းမှ အမိန့်ပေးသဖြင့် အိုးဝေ၊ ပြည်သူ့ဟစ်တိုင်၊ စီးပွား ရေးသတင်းစာတိုက်များကို အကြမ်းဖက် ဝင်ရောက်ဖျက်ဆီးခဲ့ကြသည်။ ကွန်မြူနစ်နေ့စဉ် ထုတ်ဝေတဲ့ ကွန်မြူနစ်ပါ တီဌာနချုပ်ရှိရာ ဗားကရာလမ်းကိုတော့ ခြေဦးလှည့်ခဲ့ခြင်းမရှိပါ။ ကွန်မြူနစ်ပါတီဝင်များကလည်း လက်နက်အပြည့် အစုံနဲ့ စောင့်ကြိုနေခဲ့ပါသည်။
ကွန်မြူနစ်ပါတီဌာနချုပ်အနီး သစ်ပင်ပေါ် တက် သတင်းစောင့်ယူကြတဲ့ သတင်းစာဆရာတချို့ ၃နာရီကျော် ကြာသည်အထိ ဆိုရှယ်လစ်ပါတီဝင်များကို မတွေ့ခဲ့ရပါ။ ၎င်းအထဲတွင် သတင်းစာဆရာ ကြေးမုံဦးသောင်းလည်း ပါခဲ့ ပါသည်။ မတ်လ ၁၂ရက်နေ့ညမှာပဲ ဝန်ကြီးချုပ်သခင်နုက မင်းမဲ့တိုင်းပြည်ကဲ့သို့ တရားလက်လွတ်ပြုခြင်းကို လက်မခံ နိုင်ကြောင်း အသံလွှင့် ကြေညာခဲ့ပြီး ဖမ်းဆီးခံရသူများကို အာမခံပြန်လွတ်ခဲ့ပါသည်။
ဗမာပြည် ကွန်မြူနစ်ပါတီ အတွင်းရေးမှူး သခင်သန်းထွန်းက ဗန္ဓုလပန်းခြံ ဖက်ဆစ်ဆန့်ကျင်ရေး တရားပွဲမှာ ဗမာပြည်သမိုင်းမှာ ကျန်ရစ်မယ့် မိန့်ခွန်းဖြစ်တဲ့ “ဗားကရာချောက်ကို ဆိုရှယ်လစ်အရိုးတွေနဲ့ ဖို့ပစ်မယ်”။ “အေးအေး ဆေးဆေးနေချင်တဲ့ သခင်နုကို ကြံတောသင်္ချိုင်းသွားနေပါ”ဆိုတဲ့ စကားတွေဟာ ဘာအဖြစ်အပျက်နဲ့ ဆက်စပ်ပြောဆို ခဲ့တာကို မှန်မှန်ကန်ကန် ကြည့်တတ်ဖို့လိုသည်။
ငြင်းမရနိုင်လောက်တဲ့ အခိုင်အမာ အဖြစ်အပျက်တစ်ခုကတော့ မတ်လ ၂၇ရက်နေ့ ဖက်ဆစ်တော်လှန်ရေး အခမ်းအနားအပြီး ညသန်းခေါင်ကျော်အချိန် ဖဆပလအစိုးရက ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်း အစီအစဉ်နဲ့ ဗမာ ပြည်ကွန်မြူနစ်ပါတီဌာနချုပ်မှာ လူနေရာ လက်နက်အပြည့်အစုံနဲ့ သူပုန်ထရန်ရှိနေကြောင်း ကွန်မြူနစ်ဖမ်းပွဲကြီး လုပ် ဆောင်ခဲ့တာကြောင့် မတ်လ ၂၈ရက်နေ့မှာ ဗမာပြည် ပြည်တွင်းစစ်ကြီး စတင်ခဲ့တာဖြစ်တယ်ဆိုတာ သမိုင်းအမှန်ဖြစ် ပါသည်။ ဒီအကြံအစည်ဟာ ဦးကျော်ငြိမ်းရဲ့ရင်ထဲမှာ အစောကြီးရှိနေပြီးသားဆိုတာ ဦးနုရေးတဲ့ တာတေစနေသား စာအုပ်မှာ တွေ့နိုင်သည်။
သနက(၁)မှ ဗိုလ်သက်ထွန်း၏ ကြိုတင် သတင်းပေးမှုကြောင့် ကွန်မြူနစ်ခေါင်းဆောင်များ ရှောင်တိမ်းလွတ် မြောက်ခဲ့သော်လည်း ကွန်မြူနစ်ပါတီဝင်တစ်ဝက်ကျော်နှင့် မျိုးချစ်ပုဂ္ဂိုလ်တွေပါ လူ ၄၀၀၀ကျော် အဖမ်းခံခဲ့ရသည်။
မှတ်ချက် – ၁၉၆၃ ခုနှစ် ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲကာလမှာ သခင်ဗသိန်းတင်ကို ဗိုလ်နေဝင်းက ဦးကျော်ငြိမ်း သည် ကွန်မြူနစ်ပါတီဌာနချုပ်မှာ တပ်ရင်းတစ်ရင်း လူ၊ လက်နက်အပြည့်အစုံ ပုန်ကန်ရန်အသင့်ဖြစ်နေကြောင်းပြော လို့ လက်ဦးမှုရှိရှိ တစ်ပြည်လုံး ဖမ်းဆီးရတဲ့အကြောင်းပြောတော့ “ကိုကျော်ငြိမ်းရာ အဲဒီအပေါင်ဆိုင် ကွန်မြူနစ်ပါတီ ရှိရာတိုက်ဟာ ဘယ်လိုလုပ်ပြီး တပ်ရင်းတစ်ရင်း နေလို့ရမှာလဲ။”ဟု ဖော်ထုတ်ဝန်ခံသွားခဲ့သည်။
၁၉၄၉ခုနှစ်၊ ဇန်နဝါရီလ ၃၁ရက်နေ့က ဖြစ်ပွားခဲ့သည့် ဖဆပလအစိုးရနှင့် KNU/KNDO ပြည်တွင်းစစ်သည် လည်း ဗမာပြည်အုပ်စိုးသူအဆက်ဆက် ဗမာသမိုင်းပညာရှင်များ၊ ကျောင်းသုံးသမိုင်းစာမျက်နှာများမှာ KNU/ KNDO တို့ အမျိုးသားစိတ်ဓာတ် အစွန်းထွက်ခြင်း နယ်ချဲ့မြှောက်ပေးခြင်းကြောင့် ၁၉၄၉ခုနှစ်၊ ဇန်နဝါရီလ (၃၁)ရက်နေ့ ပြည် တွင်းစစ်ဖန်တီးသူဟာ KNU/KNDO ဖြစ်ကြောင်း ဆိုခဲ့ကြသည်။
၁၉၄၁ခုနှစ်၊ ဩဂုတ်လ ၁၄ရက် အမေရိကန် သမ္မတဖရန်ကလင်ဒီရုစဗဲ့နဲ့ အင်္ဂလန်ဝန်ကြီးချုပ် ဝစ္စတန် ချာချီတို့ ချုပ်ဆိုခဲ့သည့် အတ္တလန်တိတ်စာချုပ် (Atlantic Charter) တွင်
(၁) ဒုတိယကမ္ဘာစစ်ကြီးပြီးလျှင် ကိုလိုနီနိုင်ငံများ လွတ်လပ်စေရမည်။
(၂) လွတ်လပ်သည့်နိုင်ငံများ လူမျိုးပေါင်းစုံနေထိုင်ပါက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိစေရမည်။
ဟူ၍ ပါရှိခြင်းကြောင့် ကမ္ဘာ့အဖိနှိပ်ခံလူသားများ အမျိုးသားရေးလှုပ်ရှားမှု (National Liberation Movement) များ ပေါ်လာချိန် ၁၉၄၇ခုနှစ်၊ ဖေဖော်ဝါရီလ ၅ရက်နေ့ ရန်ကုန်အလုံရပ်ကွက် ဗင်တန်ခန်းမ (Vinton Memorial Hall) တွင် ကရင်အမျိုးသားတို့၏ တစ်ခုတည်းသော နိုင်ငံရေးဦးဆောင်အဖွဲ့ KNU ကို ဖွဲ့စည်းခဲ့သည်။ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ရက်နေ့ ဗြိတိသျှအစိုးရနှင့် မြန်မာကိုယ်စားလှယ်တို့ ချုပ်ဆိုခဲ့သော အောင်ဆန်း-အက်တလီ စာချုပ်တွင်
(၁) အင်္ဂလိပ်အစိုးရနှင့်တွေ့ဆုံရာတွင် ၁၉၄၆ခုနှစ်၊ စက်တင်ဘာလ ၂၆ရက်နေ့ ဖွဲ့စည်းခဲ့သော ဘုရင်ခံအမှုဆောင် ဝန်ကြီးအဖွဲ့တွင် ကရင်ကိုယ်စားလှယ် အလုပ်သမားနှင့် စက်မှုဝန်ကြီး မန်းဘခိုင်နှင့် ပြန်ကြားရေးဝန်ကြီး စောဘဦးကြီး တို့ရှိသော်လည်း ကရင်ကိုယ်စားလှယ်တစ်ဦးမှ မပါဝင်ခြင်း။
(၂) တိုင်းပြုပြည်ပြုလွှတ်တော်တွင် ကရင်ကိုယ်စားလှယ် နည်းခြင်း
(၃) ကရင်လက်နက်ကိုင်အဖွဲ့ ဆက်လက်မထားခြင်း (ကန္ဒီစာချုပ်အရ လွတ်လပ်လပ်ရေးရရှိပြီး တပ်မတော် ဖွဲ့စည်းရာတွင် ကရင်တပ်ရင်း ၃ရင်း ခွင့်ပြုခဲ့ခြင်း)
(၄) ကရင်ပြည်နယ်ကိစ္စ ဘာမှဖော်ပြမထားခြင်း
စသည်တို့ကြောင့် အောင်ဆန်း-အက်တလီစာချုပ်ကို KNU က လက်ခံနိုင်ခြင်းမရှိကြောင်း လွှတ်တော်ကိုယ်စားလှယ် ရွေးကောက်ပွဲကို သပိတ်မှောက်ရာ အင်္ဂလိပ်အစိုးရထံသို့လည်းကောင်း၊ ဖဆပလအစိုးရထံသို့လည်းကောင်း ကြေးနန်း ဖြင့် အကြောင်းကြားခဲ့သည်။
အင်္ဂလိပ်အစိုးရနှင့် ဖဆပလအစိုးရတို့က ကရင်ပြည်နယ်ကိစ္စကို လွှတ်တော်တွင် ဆက်လက်တင်ပြရန် ပြန် ကြားခဲ့ရာ KNU က လက်မခံနိုင်သဖြင့် ၁၉၄၇ခုနှစ်၊ ဧပြီလ ၄ရက်နေ့တွင် စောဘဦးကြီး ဝန်ကြီးရာထူးမှ နုတ်ထွက်ပြီး ၁၉၄၇ခုနှစ်၊ ဧပြီလ ၁ဝရက်နေ့ KNU အရေးပေါ်ညီလာခံတွင် လွှတ်တော်ကိုယ်စားလှယ်ရွေးကောက်ပွဲကို သပိတ် မှောက်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ၁၉၄၈ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ရက်နေ့တွင် တစ်ပြည်လုံး တစ်ချိန်တည်း အင်အား ၄၅၄,၂ဝဝ (လေးသိန်းငါးသောင်း လေးထောင့်နှစ်ရာ)ဖြင့် အောက်ပါကြွေးကြော်သံပါ ဆိုင်းဘုတ်များကိုကိုင်ဆောင်ပြီး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့သည်။
ကြွေးကြော်သံများမှာ
(၁) ကရင်ပြည်ချက်ချင်းပေး
(၂) ကရင်တကျပ် ဗမာတကျပ် ချက်ချင်းပြ
(၃) လူမျိုးရေးအဓိကရုဏ်း အလိုမရှိ
(၄) ပြည်တွင်းစစ် အလိုမရှိ စသည်တို့ဖြစ်သည်။
တစ်ပြည်လုံးပြင်းထန်လာသည့် လူထုဆန္ဒပွဲကြောင့် ဖဆပလသည် KNU ခေါင်းဆောင်များကို ခေါ်ယူတွေ့ဆုံ ပြီး ဦးနုက ကရင်ပြည်နယ်ကိစ္စကို လွှတ်တော်ထဲတွင် တင်ပြရန်ပြောခဲ့ရာ KNU ဥက္ကဋ္ဌကြီး စောဘဦးကြီးက “ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေတွင် ဗမာအများစုဖြစ်နေခြင်းကြောင့် ကရင်ပြည်နယ် မရနိုင်ကြောင်း”ပြောရာ ဦးနုက “ခင်ဗျားတို့ ကရင်ပြည်နယ်လိုချင်ရင် လွှတ်တော်အတွင်းနည်းနှင့် တိုက်ယူသည်နည်း နှစ်နည်းပဲရှိကြောင်း”ပြောပြီး အစည်းအဝေး ရပ်ဆိုင်းခဲ့သည်။ ထိုအချိန်တွင် မဟာလူမျိုးကြီးဝါဒ အာဘော်သတင်းစာများဖြစ်သော ရန်ကုန်၊ ဟံသာ ဝတီ၊ မြန်မာ့အလင်း သတင်းစာများကလည်း လူမျိုးရေးမုန်းတီးမှုများကို ဖန်တီးရေးသားခဲ့ကြသည်။
အခြေအနေအရပ်ရပ်ကို ထိန်းသိမ်းရန် ဖဆပလ အစိုးရနှင့် KNU ကိုယ်စားလှယ်များ ပါဝင်သော ၈ဦး ကော်မ တီမှ ထိန်းသိမ်းနေသည့်ကြားက ၁၉၄၈ခုနှစ်၊ ဒီဇင်ဘာလ ၂၄ရက် ခရစ်စမတ်အကြိုည၌ တနင်္သာရီတိုင်း ပုလောမြို့အနီး ဘုရားဝတ်ပြုပွဲတွင် စစ်ဝန်ထမ်း(Levy) တပ်များ ဘုရားကျောင်းဝန်းအတွင်းသို့ သေနတ်များဖြင့် ဝင်ရောက်ပစ်ခတ်ရာ ကျား/မ စုစုပေါင်း လူ ၃ဝဝ သေဆုံးပြီး ခရစ်စမတ်တေးသံများလည်း သေနတ်သံများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။
၁၉၄၉ခုနှစ်၊ ဇန်နဝါရီလ ၃၁ရက်နေ့ ညသန်းခေါင်ယံတွင်လည်း ရန်ကုန်အလုံရပ်ကွက်အတွင်းသို့ ဖဆပလတပ် က စိန်ပြောင်းစက်သေနတ်များဖြင့် ပစ်ခတ်ပြီး မီးတွေရှို့ရာ အလုံရပ်ကွက်တစ်ခုလုံး ပြာကျခဲ့သည်။ ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်စမစ်ဒွန်းက “မည်သူ့အမိန့်ဖြင့် ဆောင်ရွက်ကြောင်း” ဝန်ကြီးချုပ်ဦးနုအား မေးမြန်းပြီး ဝင်ရောက်ဖြေရှင်း ပေးရန် ပြောခဲ့သည်။
၁၉၄၉ခုနှစ်၊ ဇန်နဝါရီလ ၁ရက်နေ့တွင် ဖဆပလအစိုးရက စစ်ဦးစီးချုပ် ဗိုလ်ချုပ်စမစ်ဒွန်းကို အနားပေးပြီး ဗိုလ်နေဝင်းကို အစားထိုးခန့်ခဲ့သည်။ ဗိုလ်နေဝင်း တာဝန်ထမ်းဆောင်သည့်နေ့မှာပဲ KNDO ကို မတရားအသင်းကြေညာ ပြီး တပ်မတော်အတွင်းရှိ ကရင်အရာရှိနှင့် တပ်သားမှန်သမျှကို လက်နက်သိမ်းပြီး ခွင့်ရက်ရှည်ပေးခဲ့သည်။ တပ်မတော် အတွင်းရှိ ကရင်လက်နက်ကိုင်များလည်း လက်နက်အသိမ်းခံမလား၊ အစိုးရကို ပုန်ကန်ခြားနားမလား စဉ်းစားစရာ မေးခွန်း ၂ခုသာ ရှိတော့သည်။
၁၉၄၉ခုနှစ်၊ ဇန်နဝါရီလ ၃၁ရက်နေ့ နံနက် ၆နာရီအချိန်တွင် သမိုင်းရပ်ကွက် ခဝဲခြံအား မြန်မာ့တပ်မတော်မှ စိန်ပြောင်းစက်သေနတ်များဖြင့် တိုက်ခိုက်ပြန်ရာ မင်္ဂလာဒုံရှိ ဗိုလ်မှူးစောအောင်စိန် အမြောက်တပ် မင်္ဂလာဒုံအချက်ပြ ဆက်သွယ်ရေးတပ်မှ ကရင်တပ်မှူးတပ်သားများအားလုံး ပူးပေါင်းလိုက်ပြီး ခဝဲခြံရှိ ကရင်အရပ်သားများအား ကယ် တင်နိုင်ရန် ဖဆပလ၏ ဖိနှိပ်ကျူးကျော်စစ်ကို စတင်ခုခံရာမှ ၁၉၄၉ခုနှစ်၊ ဇန်နဝါရီလ ၃၁ရက်နေ့တွင် ကရင်ခုခံစစ် စတင် ပေါ်ပေါက်ခဲ့သည်။ ထိုနေ့ နံနက် ၈နာရီတွင် အင်းစိန်တစ်မြို့လုံးကို ကရင်တပ်များ သိမ်းပိုက်နိုင်ခဲ့သဖြင့် အင်းစိန် ကရင်လူထုများ ဘဝလုံခြုံမှုရသွားခဲ့သည်။
ကျမ်းကိုးစာရင်း
၁။ အမှောင်ကြားက ဗမာပြည် (ဝင်းတင့်ထွန်း)
၂။ တာတေစနေသား (ဦးနု)
၃။ ကရင်တော်လှန်ရေးသမိုင်း (ဖူးစကောလယ်တော)



















