Home သတင်း ဖားအံတွင် ပြည်နယ်နေ့အထိမ်းအမှတ် အပျော်တမ်းစက်ဘီးစီးပြိုင်ပွဲ ကျင်းပမည်

ဖားအံတွင် ပြည်နယ်နေ့အထိမ်းအမှတ် အပျော်တမ်းစက်ဘီးစီးပြိုင်ပွဲ ကျင်းပမည်

398
Photo: ZKB Bike Team

အောက်တိုဘာ ၁၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

လာမည့် (၇၀) နှစ်မြောက် ကရင်ပြည်နယ်‌နေ့ အထိမ်းအမှတ် အ‌ပျော်တမ်း ဖိတ်‌ခေါ် စက်ဘီးပြိုင်ပွဲ တစ်ရပ်ကို လာမည့် နိုဝင်ဘာလ ၂ ရက်နေ့တွင် ဖားအံမြို့၌ ကျင်းပသွားမည်ဟု စီစဥ်ဆောင်ရွက်သူများထံမှ သိရသည်။

အဆိုပါ ပြိုင်ပွဲကို စစ်အုပ်စု ပြည်နယ်အားကစားနှင့် ကာယပညာ ဦးစီးဋ္ဌာန နှင့် ဖားအံ Rider Club တို့မှ ပူး‌ပေါင်းကျင်းပမည့် ပွဲဖြစ်သည်။ ကရင်ပြည်နယ် အပါအဝင် အနယ်နယ်အရပ်ရပ်မှ စက်ဘီးအား ကစားသမားများ၊ စက်ဘီးစီး ဝါသနာရှင်များ ပါဝင်ယှဥ်နိုင်ပြိုင်နိုင်ကြောင်း ပွဲဖြစ်မြောက်ရေးအတွက် ပါဝင်ဆောင်ရွက်သူ လူငယ်တစ်ဦးက ပြောသည်။

၎င်းက “ ဒီပြိုင်ပွဲကို ကျင်းပတဲ့ အဓိကရည်ရွယ်ချက်က စက်ဘီးသမားတွေ ပေါ်ထွန်းလာအောင်လို့ လုပ်ဖြစ်တာပါ။ ကရင်ပြည်နယ်အပြင် အနယ်အရပ်ရပ်က စက်ဘီးသမားတွေကိုရော ဖိတ်ခေါ် ထားတယ်။ စက်ဘီးဝါသနာရှင်တွေ ဘယ်သူဖြစ်ဖြစ် အကုန်ပါဝင်လို့ရတယ်။ Road Bike ဆိုပေမယ့် သတ်မှတ်ထားတာ မရှိဘူး။” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ဖိတ်ခေါ်စက်ဘီးပြိုင်ပွဲကို အမျိုးအစား အတန်း ၃ တန်း ဟူ၍ သုံးမျိုးခွဲ၍ ပြုလုပ်မည်ဖြစ်သည်။ ပြိုင်ပွဲတွင် ပထမဆုအတွက် ဆုကြေးငွေကျပ် ၇ သိန်း၊ ဒုတိယဆု ၅ သိန်း နှင့် တတိယဆု ၄သိန်း အပြင် နှစ်သိမ့်ဆုအသီးသီးလည်း ချီးမြှင့်သွားမည်ဟု ဆိုသည်။

Photo: ZKB Bike Team

နိုဝင်ဘာလ ၂ ရက်‌နေ့ ကရင်ပြည်နယ် ဖားအံမြို့တွင် ကျင်းပပြုလုပ်မည့် ၎င်းပြိုင်ပွဲတွင် အမျိုးသား အသက် ၄ဝ ‌နှစ်အောက်နှင့် ၄ဝ နှစ်အထက်ပြိုင်ပွဲနှင့် အမျိုးသမီး အလွတ်တန်းပြိုင်ပွဲများ စသည်ဖြင့် အဆင့် ၃ ဆင့် သတ်မှတ်ကာ အမျိုးသားများက မိုင် (၈၀)၊ အမျိုးသမီးများက မိုင် (၅၀) ထည့်သွင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

၎င်းစက်ဘီးပြိုင်ပွဲကို နိုင်ဝင်ဘာလ ၂ ရက်‌နေ့ နံနက် ၆ နာရီအချိန်ခန့်တွင် ပြိုင်ပွဲ အခမ်းအနားစတင်မည်ဖြစ်သည်။ ပြည်နယ်ကွင်းရှိ သီရိကွင်းမုခ်ဦးတွင် စတင်တာလွှတ်ခြင်းနှင့်ပန်းဝင်နေရာအဖြစ် ထားရှိကာ သတ်မှတ်ထားသည့်မြို့တွင်း လမ်း‌ကြောင်းများတွင် စီးနင်းယှဉ်ပြိုင်ရမည်ဟု ကျင်းပ‌ရေးတာဝန်ရှိသူထံမှ သိရသည်။

‌ဖားအံတွင် ကရင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် စက်ဘီးဝါသနာရှင်များ၊ စက်ဘီး အားကစားသမားများအတွက် ဒေသတွင်း အပျော်တမ်း စက်ဘီးစီးပြိုင်ပွဲကို ၂၀၂၃ ခုနှစ်တွင် စတင်ကျင်းပလာခဲ့ခြင်းဖြစ်သည်။ ယခုနှစ် သည် တတိယအကြိမ်မြောက် ကျင်းပခြင်းလည်း ဖြစ်သည်။