Home သတင်း လေးကေ့ကော် လမ်းပိုင်းတွင် အရပ်သားကားတစ်စီး ပစ်ခံရ၍ ၁ ဦးသေ၊ ၃ ဦးဒဏ်ရာ

လေးကေ့ကော် လမ်းပိုင်းတွင် အရပ်သားကားတစ်စီး ပစ်ခံရ၍ ၁ ဦးသေ၊ ၃ ဦးဒဏ်ရာ

507
Photo: CJ

အောက်တိုဘာ ၁၈ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်လမ်းပိုင်းတွင် ယမန်နေ့ အောက်တို ဘာလ ၁၇ ရက်၊ နေ့လယ် ၁ နာရီကျော်ခန့်အချိန်က ဖြတ်သန်းသွားလာနေသော အရပ်သားကားတစ်စီး ပစ်ခတ်ခံရ၍ လူ ၁ ဦး သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်အုပ်စု ပူးပေါင်းတပ်နှင့် KNLA မဟာမိတ်တပ်များ စစ်ရေးတင်းမာနေသည့် လေးကေကော်–ပဟိကလော်လမ်းမှ ဖလူးရွာဘက်သို့ ကားဖြတ်မောင်းနေစဉ် စစ်အုပ်စုတပ်က ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ကားပေါ်ပါသူ လူ ၃ ဦးကိုလည်း ဒဏ်ရာများဖြင့် စစ်အုပ်စုက ဖမ်းဆီးသွားကြောင်း စစ်ရေး နယ်မြေသတင်းအရင်းအမြစ်များက ပြောသည်။

“အဲ့နေ့ မနက်ကတည်းက လေးကေကော်ဘက်၊ မင်းလက်ပံအင်ကြင်းမြိုင်ဘက် တိုက်ပွဲဖြစ်နေတာ။ ကျောက်ခက်က ကောင်းထက်ဖုန်းဆိုင်က ဆိုင်ရှင် ကိုကောင်းထက်ကားကို လေးကေကော်-ပဟိ ကလော်လမ်းကနေ ဖလူးလေးရွာဘက် ဖြတ်မောင်းတဲ့အခါ စစ်အုပ်စုက စက်လက်နဲ့ ပစ်ခတ်တာ။ ယာဉ်မောင်းသေတယ်။ ကားပေါ်ပါသူ ၃ ယောက် ထိခိုက်ဒဏ်ရာရှိသွားတယ်။ မသေသေးဘူး၊ ဖမ်းခေါ်သွားတယ်” ဟု ရှေ့တန်းတော်လှန်ရေး သတင်းအရင်းအမြစ်က ပြောသည်။

Photo: CJ

အလားတူ အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းက အင်ကြင်းမြိုင်ရွာဘက်တွင် နှစ်ဖက်တိုက်ပွဲဖြစ်စဉ် ကျေးရွာသားသဲစက်လုပ်ငန်းရှင်အမျိုးသမီးနှင့် သူမအဖော်ဖြစ်သူ လူငယ်တစ်ဦးအား စစ်တပ် တပ်စွဲထားသည့် အင်ကြင်းမြိုင်ရွာ ဘုန်းကြီးကျောင်းကုန်းဘက်မှ ပစ်ခတ်သဖြင့် ကျည်ထိမှန်သေဆုံးခဲ့သေးကြောင်း သိရသည်။

“တိုက်ပွဲက ပြင်းနေတယ်။ BGF ရော စစ်တပ်ရော အင်အားရာချီပြီး စစ်ကြောင်းထိုးနေတာ။ မင်း လက်ပံဘက်ရော၊ လေးကေကော်-ကျောက်ဂူဘက်ရော နေရာစုံက ဝင်တိုးနေတာ။ မစ်ဇိုင်းတွေ ၂၇၅ ကနေ တောက်လျှောက် ပစ်ထုတ်နေတာ။ စစ်တပ်ကကုန်းတွေကနေ ချောင်းဘက်ကို လှမ်းလှမ်းပစ်လို့ ထိုင်းဘက်အိမ်တွေ စနိုက်ပါ ကျည်နဲ့ စက်လတ်ကျည်တွေ မှန်ကုန်တာရှိတယ်။ လူတော့ မထိဘူး” ဟု မင်းလက်ပံ စစ်ရှောင်ရွာသားက ပြောသည်။

အောက်တိုဘာ ၁၈ ရက်အထိ လေးကေကော်မြို့သစ်၊ အင်ကြင်းမြိုင်နှင့် မင်းလက်ပံ ကျေးရွာများအနီးတွင် ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း စစ်ရှောင်ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။