Home သတင်း NCA ၁၀ နှစ်ပြည့် ဆွေးနွေးပွဲမှ ရရှိသည့် နိုင်ငံရေး၊ စီးပွားရေး အကြံပြုချက် (၁၀၁) ချက်ကို ဆက်လက်အကောင်အထည်ဖော်မည် ဟုဆို

NCA ၁၀ နှစ်ပြည့် ဆွေးနွေးပွဲမှ ရရှိသည့် နိုင်ငံရေး၊ စီးပွားရေး အကြံပြုချက် (၁၀၁) ချက်ကို ဆက်လက်အကောင်အထည်ဖော်မည် ဟုဆို

548
Photo: Social Media

အောက်တိုဘာ ၁၈ ရက်၊ ၂၀၂၅ ခုနှစ် – ကေအိုင်စီ

နေပြည်တော်တွင် စစ်အုပ်စု ဦးစီးပြုလုပ်နေသော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် – NCA ဆယ်နှစ်ပြည့် အလုပ်ရုံဆွေးနွေးပွဲများမှတဆင့် နိုင်ငံရေး၊ စီးပွားရေး တို့အတွက် ရေတို ရေရှည် ဆောင်ရွက်မည့် အကြံပြုချက် (၁၀၁) ချက် ရရှိခဲ့ပြီး ထိုအချက်များအား ဆက်လက်အကောင်အထည်ဖော်သွားမည်ဟု သိရသည်။

အောက်တိုဘာ ၁၅ ရက်မှ ၁၇ ရက်နေ့အထိ နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းတွင် ကျင်းပခဲ့သည့် NCA ဆယ်နှစ်ပြည့် အခမ်းအနား၏ “ငြိမ်းချမ်းသော မြန်မာ့အနာဂတ် တည် ဆောက်ခြင်း” အလုပ်ရုံဆွေးနွေးပွဲမှ နိုင်ငံရေးကဏ္ဍအတွက် ၄၈ ချက်နှင့် စီးပွားရေးကဏ္ဍအတွက် ၅၃ ချက်တို့ အကြံပြုချက်များ ရရှိခဲ့ခြင်းဖြစ်သည်။

ဆွေးနွေးပွဲကို အခန်းကဏ္ဍနှစ်ပိုင်းခွဲ၍ ဆွေးနွေးကြခြင်းဖြစ်ပြီး ယခုအချက်များသည် အဖွဲ့လူဦးရေ (၃၅၀) ၏ ဆွေးနွေးချက်များအပေါ် တူညီချက်များမှ ထုတ်နှုတ်ထားခဲ့ရာ ရရှိခဲ့သည့် အကြံပြုချက် များကိုလည်း ဆက်ပြီး ညှိနှိုင်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဟု ဆိုသည်။

ယမန်နေ့ ပြုလုပ်ခဲ့သည့် ဆွေးနွေးမှုများအပြီး သတင်းစာရှင်းလင်းပွဲ၌ အမျိုးသား စည်းလုံးညီ ညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) ၏အဖွဲ့ဝင် ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“အကြံပြုချက်တွေကို ပြန်ကြည့်ပြီးတော့ ဒီကာလမှာ ရေတိုရေရှည် ဘယ်လို အကောင်အထည် ဖော်မလဲဆိုတာ ဆက်လက်ညှိနှိုင်းပြီးတော့ ဆောင်ရွက်သွားကြရမှာပါ။ ဆောင်ရွက်တဲ့အခါ ကျနော်တို့ အစိုးရဘက်က လုပ်ရမယ့် အလုပ်ရှိသလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ နောက်ပြည်သူတွေ လုပ်ရမယ့် လုပ်ငန်းစဉ်တွေလည်း ရှိပါတယ်။ ဒါတွေက ဆက်လက် အကောင်အထည် ဖော်သွား ရမှာပဲလို့ ပြောချင်ပါတယ်” ဟု ၎င်းက ဖြေကြားခဲ့သည်။

Photo: Social Media

အဆိုပါ နိုင်ငံရေးကဏ္ဍ အကြံပြုချက် ၄၈ ချက်ထဲတွင် အစိုးရသစ် ပေါ်ပေါက်ပြီးနောက် ရက် ၁၀၀ အတွင်း ဆောင်ရွက်သင့်သည့် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ၊ အပေါင်း လက္ခဏာဆောင်သည့် ငြိမ်းချမ်းရေးရှိစေရန် အရပ်သားခေါင်းဆောင် ပါဝင်လာစေမှုများနှင့် အမျိုးသား ပညာရေး သင်ရိုးညွှန်းတမ်းတွင် ငြိမ်းချမ်းရေးဆိုင်ရာ ဆက်စပ်မှုရှိရေး အကြံပြုချက်များ ပါဝင်ကြောင်း သိရသည်။

အလားတူ စီးပွားရေးကဏ္ဍဆိုင်ရာ အကြံပြုချက် ၅၃ ချက်မှ အချို့တွင် မြန်မာနိုင်ငံ၏ ရေရှည် ငြိမ်း ချမ်းရေးအတွက် ကမ္ဘာ့စီးပွားရေး အပြောင်းအလဲနှင့် အသစ်ပေါ်ထွက်လာသည့် အခွင့်အလမ်းများကို ထိထိရောက်ရောက် အသုံးချနိုင်ရန် အကြံပြုထားသည်။

ထို့အပြင် ပိတ်ထားရသည့် နယ်စပ်ကုန်သွယ်ရေးစခန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ပုံမှန် အခြေအနေသို့ ပြန်လည်ရောက်ရှိလာစေရန်အတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသခံအစိုးရ အဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများအကြား ပူးပေါင်းဆောင်ရွက်မှုများ လိုအပ်ကြောင်းလည်း ပါရှိသည်။

ထို့အတူ ပဋိပက္ခကြောင့် နေရာပြောင်းရွှေ့ရသူများ၊ နယ်မြေမတည်ငြိမ်လျက်ရှိသည့် ဒေသများတွင် ဘဝအောင်မြင်ရေးအတွက် အလုပ်လုပ်နေသူများနှင့် လက်နက်ကိုင်ဆောင်ထားသော်လည်း ပဋိပက္ခမှ မရုန်းထွက်နိုင်သေးသည့် လူငယ်များအတွက်လည်း လုံခြုံစိတ်ချစွာ အနာဂတ်တည်ဆောက်နိုင်ရေး အတွက် ထောက်ပံ့ကူညီရေး အစီအစဉ်များ ပါဝင်သည်ဟု ဆိုသည်။

ယမန်နေ့ အခမ်းအနားတွင် NSPNC မှ ဗိုလ်မှူးကြီး ဝဏ္ဏအောင်၊ EAO အစုအဖွဲ့မှ ဗိုလ်မှူးကြီး စောကျော်ညွန့်၊ နိုင်အောင်မငေး၊ နိုင်ငံရေးပါတီအစုအဖွဲ့မှ ဒေါက်တာ အေးမောင်၊ ဒေါက်တာ အမ်ခွန်လှ၊ ပါဝင်သင့် ပါဝင်ထိုက်သူများအစုအဖွဲ့မှ ဒေါက်တာ ဇော်ဦး၊ နန့်ခင်အေးဦး တို့ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။