Home တွေ့ဆုံမေးမြန်းခန်း ကရင်အမျိုးသား ရဲတပ်ဖွဲ့-KNPF ကျုံဒိုးမြို့နယ်၊ ရဲမှူးကြီး စောထူးလွဲနှင့် တွေ့ဆုံမေးမြန်းခြင်း

ကရင်အမျိုးသား ရဲတပ်ဖွဲ့-KNPF ကျုံဒိုးမြို့နယ်၊ ရဲမှူးကြီး စောထူးလွဲနှင့် တွေ့ဆုံမေးမြန်းခြင်း

252

“ဖမ်းဆီးရတဲ့ အမှုအများဆုံးကတော့ မူးယစ်ဆေးဝါး အမှုတွေပါ”

ကရင်အမျိုးသား ရဲတပ်ဖွဲ့-KNPF ကျုံဒိုးမြို့နယ်၊ ရဲမှူးကြီး စောထူးလွဲနှင့် တွေ့ဆုံမေးမြန်းခြင်း

ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကျုံဒိုးမြို့နယ်တွင် ရပ်ရွာလုံခြုံရေး၊ နယ်မြေ အေးချမ်းသာယာရေးနှင့် ကေအဲန်ယူ ဥပဒေ စိုးမိုးရေး စသည်တို့ကို အကောင်အထည်ဖော်လုပ်ဆောင်နေသည့် ကရင်အမျိုးသားရဲတပ်ဖွဲ့-KNPF ကျုံဒိုးမြို့နယ်၊ ရဲမှူးကြီး စောထူးလွဲနှင့် ကေအိုင်စီက တွေ့ဆုံမေးမြန်းထားသည် များကို ဖော်ပြလိုက်ပါသည်။

မေး။ ။ ကျုံဒိုး မြို့နယ်ထဲမှာ KNPF က အဓိက ဘာတွေ လုပ်ဆောင်ပေးနေပါသလဲ၊ ပထမဦးဆုံး အနေနဲ့ ရှင်းပြ ပေးပါအုံး။

ဖြေ။ ။ ကျနော်တို့ KNPF အလုပ်က အဓိက ပြည်သူလူထုကို ကာကွယ်ရမယ့် အလုပ်ကိုလုပ်ရတာဖြစ်တယ်။ အဓိက ဒေသအတွင်း ခိုးဆိုးလုယက်မှုတွေ မရှိဘို့၊ ပြီးတော့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး မရှိဘို့၊ ကျနော်တို့က ပြည်သူလုထုကို ကာကွယ်ပေးရမယ့် တာဝန် ရှိတယ်။ ပြီးတော့ တချို့ကတော့ KNPF က KNU လို့ပဲ သိတယ်။ ဒီအနီးနား ကျေးရွာ တချို့ကတော့ KNPF က ပြည်သူလူထုကို ကာကွယ်ရမယ် ဒေသအတွင်း သူခိုး၊ ဒုစရိုက် သမားတွေ၊ ရပ်ရွာအတွင်း အနိုင်ကျင့်ရမ်းကားမှုတွေ မရှိဖို့အတွက် ကာကွယ်လုပ်ဆောင်ပေး နေတဲ့ အဖွဲ့ဆိုပြီး သိထားသူတွေ နည်းနည်းပါးပါးရှိလာပြီလို့ ပြောလို့ရတယ်။

KNPF ဆိုတာက ဘာလဲဆိုတာ အရင်တုန်းကတော့ မသိပေမယ့် အခုတော့ သုံးပုံ နှစ်ပုံတော့ သိလာပြီး။ အဓိက တော့ ကျနော်တို့ ဒေသအတွင်း စည်းရုံးရေးဆင်းရတာတွေ ရှိတယ်။ ကျနော်တို့ စည်းရုံးရေးဆင်းတဲ့အချိန်မှာ ကေအဲန်ယူ၊ ကျုံဒိုးမြို့နယ် ဥက္ကဌ၊ အတွင်းရေးမှူး ပြီးတော့ မြို့နယ်တရားသူကြီး နောက်ပြီး လူငယ်တွေ ပါရ တယ်။ ကျနော်တို့က တစ်နှစ်ကို သုံးကြိမ်လောက် ဆင်းရတယ်။

ကျနော်တို့နဲ့ အနီးနားဝန်းကျင် ရွာတွေကိုတော့ တော်တာ်များများဆင်းနိုင်ခဲ့ပြီး နည်းနည်းဝေးတဲ့ရွာတွေပဲ မဆင်း နိုင်သေးတာ။ ဝေးတဲ့နေရာတွေ ဆိုတာက ရန်သူနဲ့ နီးတဲ့နေရာတွေ ဖြစ်လို့ သွားလို့မရဘူး။ အဲဒါကြောင့် ပါပဲ။ နောက်ပြီး အဲမှာရှိတဲ့ တချို့က KNPF ကို သိတော့ သိတယ်။ ဒါပေမယ့် လုပ်ဆောင်ချက်တွေက ဘာတွေလဲ ဆိုတာကို မသိသေးတာမျိုးလည်း ရှိတယ်။

မေး။ ။ ကျုံဒိုးမြို့နယ်မှာ KNPF အဓိက ကိုင်တွယ်ဖြေရှင်းရတဲ့ အမှုတွေက ဘာတွေ အများဆုံး ဖြစ်မလဲ။

ဖြေ။ ။ ဖမ်းဆီးကိုင်တွယ်ရတဲ့ အမှုအများဆုံးကတော့ နံပါတ် (၁)က မူးယစ်ဆေးဝါးအမှု တွေပါ။ ဒုတိယ နံပါတ် (၂) အများဆုံးအမှုကတော့ လင်ခိုးမှု၊ မယားခိုးမှု ဖြစ်တယ်။ နံပါတ် (၃) အမှုကတော့ အချင်းချင်း သတ်ဖြတ်မှု တွေ ဖြစ်ပါတယ်။ အဲဒီ (၃)ခုက အဓိက တာဝန်ယူ ဖမ်းဆီး အရေးယူရတာ များတယ်။ ကျုံဒိုးမြို့နယ်မှာ ပျှမ်းမျှကြည့် လိုက်မယ်ဆိုရင် တစ်ခြားမြို့နယ်ထက် မူးယစ်ဆေးအမှု ဖမ်းရတာများတယ်။ ကျနော်ဒီမြို့နယ်ထဲကို ပြန်ပြီး တာဝန်ယူတဲ့ မနှစ်က ၉ လ ပိုင်းက စပြီး ၄ လပိုင်းအထိ ဆိုရင်ခရိုင်အထိ ကျနော်တင်ရတဲ့ အမှုပေါင်း ၃၆ မှု ရှိတယ်။

မေး။ ။ အမှုတွေထဲမှာမူးယစ်ဆေးဝါးကအများဆုံး‌ဖြစ်တယ်ဆိုတော့ ဘယ်အရွယ်တွေသုံးစွဲ၊ ရောင်းချနေလဲ နောက်ပြီး ကျုံဒိုးမြို့နယ်မှာ မူးယစ်ဆေးအမှုများရတဲ့အကြောင်းရင်းက ဘာဖြစ်မလဲ။

ဖြေ။ ။ အများစုကတော့ လူငယ်နဲ့ လူလတ်ပိုင်းတွေက အများဆုံး သုံးစွဲရောင်းချတာ တွေ့နေရတယ်။ နောက် ပြီး အမျိုးသမီးတွေလည်း ရှိတယ်။ ဒါပေမယ့် အမျိုးသားထက်တော့ နည်းတယ်။ ကျုံဒိုးမြို့နယ်မှာ များရတဲ့ အကြောင်းရင်းက အဖွဲ့အစည်းတွေက အရမ်းများတယ် တစ်ခြားမြို့နယ်ထက်၊ အဲဒါကြောင့် မူးယစ် ဆေးဝါး ပျံ့နှံ့ မှုက တစ်ခြားမြို့နယ်ထက်များတယ်လို့ ပြောလို့ ရတယ်။ ပြီးတော့ ကျုံဒိုးက တခြားမြို့တွေကိုသွားလာရ လွယ်ပြီး မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ် အစပ်မှာလည်း ရှိတယ်။

မေး။ ။ အဖွဲ့အစည်းများတယ်ဆိုတော့ အမှုတွေဖြစ်ပြီး သွားရောက် ဖမ်းဆီးရတဲ့အခါမှာ ကြုံတွေ့ နေရတဲ့ အခက်အခဲတွေကိုလည်း ရှင်းပြပေးပါ။

ဖြေ။ ။ အဖွဲ့အစည်းတွေများတဲ့အတွက် အဓိက မူးယစ်ဆေးနဲ့ ပတ်သက်တဲ့အမှုတွေ ဖမ်းဆီးကိုင်တွယ်ရတဲ့ အခါမှာ အခက်အခဲတွေတော့ အများကြီး တွေ့နေရတယ်။ ဒါပေမယ့် ကျနော်တို့က တော့ပြောတယ် ကျနော်တို့ရဲ့ ဥပဒေ အတိုင်းပဲ လုပ်ဆောင်တာ ဖြစ်တယ်။ ဒီ ဥပဒေစည်းကမ်းချက်တွေကို လက်မခံရင် အပေါ်မှာအချင်းချင်း သွားပြောပါ။ ကျနော်တို့ကတော့ ဖမ်းရမယ့်တာဝန်အတိုင်း ဖမ်းရတယ် အဲလိုတွေပြောရတာတွေရှိတယ်။ ကျနော် တို့ကို လာစိန်ခေါ် လာပြီးကန့်ကွက်ရင်လည်း ကျနော်တို့က ပြီးတာမဟုတ်ဘူး။ အချင်းချင်းပွတ်တိုက်မှု ဖြစ်ရင် အဆင်မပြေဘူး။ အပေါ်ကို သွားပြီးတော့ပဲ ဖြေရှင်းခိုင်းတယ်။

တစ်ခါတစ်လေ ပြဿနာတွေဖြစ်လာတော့ အပေါ်မှာ တင်ပြရတာတွေ ဖြေရှင်းရတာတွေရှိ တယ်။ နောက် တစ်ခုက အခုနောက်ပိုင်းမှာ ကျနော်တို့ စည်းရုံးရေးဆင်းတဲ့အခါမှာ ဖြစ်ဖြစ် အရင်ကထက်ဆိုရင်း နယ်မြေ နည်းနည်း ကျဉ်းလာတယ်လို့ ပြောနိုင်တယ်။ နယ်မြေကျဉ်းလာတယ် ဆိုတာက ရန်သူ့နယ်မြေ များလာတာကို ပြောတာ မဟုတ်ဘူး။ တကယ်လို့ ကျနော်တို့စည်းရုံးရေး ဆင်းလာရင် ရန်သူကသိရင် ဒရုန်းနဲ့ လာချတာတို့ လေယာဉ်နဲ့ လာချတာတွေ အဲလိုတွေ ပြန်စိုးရိမ်ရ ပြန်တယ်။ အဲဒါကို ဆိုလိုတာ ဖြစ်တယ်။

မေး။ ။ နောက်တစ်ခုက လင်ခိုးမှု၊ မယားခိုးမှု များလာတယ်ဆိုတော့ ဘာကြောင့် များလာရလဲ ဘယ်လို တွေ့ရှိနေရလဲ ပြောပြပေးပါ။

ဖြေ။ ။ အဲဒီလင်ခိုးမှုမယားခိုးမှုမှာက အဓိကကျူးလွန်တာက အမျိုးသားတွေပဲ။ ဘာဖြစ်လဲဆိုရင် အမျိုးသား တွေက ဒီမူးယစ်ဆေးတွေကို သုံးစွဲတာများလာတဲ့ အခါကျတော့ ဆေးသုံးပြီး အမျိုးသမီးတွေကို အလိုမတူဘဲ ကျူးလွန်တာတွေ ဖြစ်လာတယ်။ ဒါပေမယ့် အဲဒါကကျတော့လည်း လူငယ်ထက် လူလတ်၊ လူကြီး အမျိုးသားတွေ က ပိုပြီး ကျူးလွန်နေတာကို တွေ့ရတယ်။ နောက်ပြီးမူးယစ်ဆေးဝါးသုံးစွဲပြီး သူ့မိန်းမကို သွားခိုးယူ ကိုယ့်မိန်းမကို သွားခိုးယူ အဲလိုတွေ ဖြစ်လာတယ်။ နောက်ပြီး အဲလိုတွေ ကျူးလွန်တော့ တစ်ယောက်နဲ့ တစ်ယောက်ပြန်ပြီး သတ်ဖြတ်တာတွေ ရှိတယ်။

အဲဒီလို လင်ခိုးမှု၊ မယားခိုးမှု၊ မုဒိမ်းမှုတွေက ကျနော်တို့က တိုက်ရိုက်သွားဖမ်းပြီး စစ်ချက်ယူပြီး ခရိုင်ကို တိုက်ရိုက် ပို့တယ်။ အပေါ်မှာက ဒါကို အပြစ်ပေးပြီး ထောင်ချလိုက်တယ်။ နောက်ပြီး အဲဒီအမှုတွေ များလာ တဲ့အခါမှာ နည်းလာအောင် နည်းလမ်းရှာပြီး လုပ်ဆောင်တာတွေ ရှိတယ်။ ဘာလဲဆိုတော့ အဓိက မြို့နယ်တာဝန်ရှိ သူတွေနဲ့ တိုင်ပင်ပြီး ဒေသမှာရှိတဲ့ BGF တို့ DKBA နဲ့ PC တို့ကို စာပို့တယ် သူတို့ကို ပူးပေါင်းပါဝင် ခိုင်းတယ်။ တကယ်လို့ သူတို့နေတဲ့ရွာတွေမှာ ဒီအမှုတွေဖြစ်ရင် သူတို့ဖြေရှင်းနိုင်ရင် သူတို့ဖြေရှင်းတယ်။ မဖြေရှင်းနိုင်ရင် လူသတ်မှုတို့၊ မုဒိမ်းမှု၊ လင်ခိုးမှု၊ မယားခိုးမှု တို့ဆိုရင် ကျနော်တို့ သွားမဖမ်းလည်း ကျနော်တို့က အသိပေးပြီး သူတို့ဖမ်းပြီးတော့ ကျနော်တို့ဆီကို လာပို့တာ ရှိတယ်။

မေး။ ။ KNPF ကို လူထုတွေသိလာဖို့ လူထုတွေနဲ့ ရင်းနှီးမှုရှိဖို့က ဘယ်လိုလုပ်ဆောင်သင့်သလဲလို့ ထင်လဲ။

ဖြေ။ ။ KNPF လူသိများလာဖို့က ကျနော့်အထင်တော့ နယ်မြေကွင်းဆင်းမှု ပိုများအောင် လုပ်ရမယ်။ နောက်ပြီး ကျနော်တို့ KNPF အင်အား ပိုပြီး တိုးချဲ့ရမယ်။ ရဲတပ်ဖွဲ့ဝင်အင်အားများမှ ပြည်သူတွေနဲ့ နီးနီးကပ်ကပ် လုပ်ဆောင် ပြီး ထိထိရောက်ရောက် ရှိလာမယ်။ ပိုသိလာမယ်လို့ ကျနော် ထင်တယ်။ နောက်ပြီး KNPF တပ်ဖွဲ့နဲ့ တွဲလုပ်ဖို့က လူငယ်တွေ လာပူးပေါင်းတာ နည်းတယ်။ ဘာလို့လဲဆိုရင် KNPF က မူးယစ်ဆေးဝါးသုံးတဲ့ လူတွေ ရောင်းတဲ့လူ တွေကို လိုက်ဖမ်းတာကြောင့်ပါ။ နောက်ပြီး KNPF တွေက ယူနီဖောင်အမည်းရောင်ဝတ်ပြီး သေနတ်တွေ ကိုင်ပြီး ရွာထဲဆင်းရင် တွေ့ရင်သူတို့ ကြောက်နေတယ်။

ဘာလို့ကြောက်လဲဆိုတော့ သူတို့တွေက မူးယစ်ဆေးဝါးသုံးနေတာကြောင့် စည်းရုံးရေးဆင်းတဲ့အထဲမှာ သူတို့ ဝင်မပါ ရဲဘူး။ အဲဒါကြောင့် ကျနော်တို့က စည်းရုံးရေးဆင်းတဲ့အခါမှာ သူတို့ မိဘတွေကို အရင်နားလည်အောင် ပြောပြရတယ် ပြီးမှသူတို့ ကလေးတွေကိုပြန်ပြီး ရှင်းပြခိုင်းရတာတွေ ရှိတယ်။ စည်းရုံးရေး ဆင်းတယ်ဆိုတာက သူတို့ကိုလာဖမ်းတာ မဟုတ်ဘူး။ KNPF အင်အားကောင်းလာဖို့ လူထုတွေပိုပြီး သိလာဖို့ စည်းရုံးရေးဆင်း တာပါ ဆိုပြီး ပြောရတာတွေရှိတယ်။

အခုဆိုစစ်ရှောင်တွေက များလာတယ်။ ကျနော်တို့ နယ်ထဲမှာ ရောက်လာတဲ့ စစ်ရှောင်တွေကို ကျနော်သွားတွေ့ တာရှိတယ်။ တစ်အုပ်စုပြီး တစ်အုပ်စု တွေ့ပြီးရှင်းပြတယ်။ အခြေအနေကောင်းလာရင် သူတို့ရှိတဲ့ရွာကို ကျနော် တို့ KNPF က ကွင်းဆင်းမယ်။ တကယ်လို့ KNPF ကို စိတ်ဝင်စားရင် ဝင်လာဖို့ စုပေးဖို့ပေါ့။ ရဲတပ်ဖွဲ့ဝင် အင်အား များလာမှ ဒုစရိုက်မှုတွေ နည်းလာမယ်။ သူတို့တွေ ပူးပေါင်းပါဝင်ဖို့ ကတိပေးတာရှိတယ်။ သူတို့ စစ်ရှောင် နေအချိန်မှာ ကျနော်တို့သွားရောက် တွေ့ဆုံစကားပြောတော့ သူတို့လဲ အားရှိသွား ပါတယ်။

မေး။ ။ နောက်ဆုံးဘာများ ဖြည့်စွက် ပြောချင်ပါသလဲ။

ဖြေ။ ။ ရဲဆိုတာက ရပ်ရွာအတွက်အလွန်ကို အရေးကြီးပါတယ်။ ရဲတပ်ဖွဲဟာ ဥပဒေစိုးမိုးရေးကို ကိုင်တွယ် နေလုပ်ဆောင်နေရ တာကြောင့်ပါ။ ကျနော်တို့ရဲ့ ကရင့်တပ်မတော်လည်းပြောပါတယ်၊ ကျနော်တို့ KNPF ရဲတပ်ဖွဲ့ မရှိရင် သူတို့လည်း အင်အားမရှိသလို ကျနော်တို့ ကရင့်တပ်မတော် အင်အားကြီးမှ ကျနော်တို့လည်း အင်အားရှိမယ်။ အပြန်အလှန်ပေါ့။ အခုက အင်အားအရမ်းမကြီး သေးဘူး။ တပ်ဖွဲ့ဝင်အင်အား နည်းတဲ့အတွက် ကွင်းဆင်း လုပ် ဆောင် တဲ့အခါမှာ နှောင့်နှေးမှု ဖြစ်နေတယ်။ KNPF အင်အားကြီးလာဖို့က တစ်ဖြည်းဖြည်း လုပ်ရမှာ ဖြစ်ပါ တယ်။