Home သတင်း ကွမ်းရွက်ဈေးထိုးကျနေ၍ ညောင်တုန်း ကွမ်းခြံစိုက်သူများ အခက်ကြုံ

ကွမ်းရွက်ဈေးထိုးကျနေ၍ ညောင်တုန်း ကွမ်းခြံစိုက်သူများ အခက်ကြုံ

861

မေလ ၂၉ ရက်၊ ၂၀၂၅ခုနှစ်။ ကေအိုင်စီ

ရန်ကုန်မြို့ကို ပို့ဆောင်ရသည့် ကွမ်းရွက်စျေးကွက်ပျက်ပြီး စျေးအဆမတန် ထိုးကျနေသောကြောင့် ဧရာဝတီ တိုင်း ညောင်တုန်းမြို့နယ်က ကွမ်းစိုက်တောင်သူအများအပြား အခက်အခဲကြုံလာရသည်ဟု ကွမ်းစိုက် လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများက ပြောသည်။

ယခင်နှစ်များက ကွမ်းကို ရန်ကုန်ကနေတဆင့် အခြားဒေသများကို ပို့ဆောင်နိုင်ပေမဲ့ ယခုနှစ်အတွင်း လမ်းခရီး အခက်အခဲနှင့် ဒေသတွင်း စစ်ရေးအခြေအနေများကြောင့် ကွမ်းရွက်ဖြန့်ဝေကုန်ကူးနိုင်ခြင်းမရှိတော့ဘဲ ကွမ်းစျေးထိုးကျလာသောကြောင့် ကွမ်းခြံစိုက်ဒေသခံများအတွက် အခက်ကြုံလာရခြင်းဖြစ်သည်။

ညောင်တုန်းဒေသခံ ကွမ်းခြံပိုင်ရှင်တစ်ဦးက “အရင်နှစ်တွေကကွမ်းကို ရန်ကုန်ကနေမှ တခြားနယ်တွေပို့ရတယ်။ အခုက ပို့မရတော့ ကွမ်းတွေ ဈေးအေးကုန်တယ်။ အဓိက ရခိုင်ဘက်ပေါ့ လုံးဝပို့မရတော့ဘူး။ မနှစ်က မိုးတွင်း တုန်းကတော့ ရေတွေကြီး ခြံတွေ မြှုပ်တော့ဈေးကောင်းတယ်။ နွေလည်းပေါက်လာရော ကွမ်းဈေးတွေက ထိုးကျ တော့တာပဲ။ အာဏာသိမ်းပြီးထဲက ကွမ်းဈေးကွက်ကမတည်ငြိမ်ခဲ့ပေမယ့်ဒီနှစ်မှာပိုဆိုးတယ်။” ဟု ကေအိုင်စီ သို့ ပြောသည်။

ယခင်နှစ်က ကွမ်းရွက်တစ်ပိဿာစျေးလျှင် ကျပ်ငွေ ၂၀,၀၀၀မှ ၅၀,၀၀၀ အထိ စျေးပေါက်ခဲ့ပြီး လက်ရှိ ကွမ်းရွက်တစ်ပိဿာလျှင် ကျပ်ငွေ ၇,၀၀၀ ကျပ်သာ ကျန်ရှိတော့သည်။ ယခင်လများက တစ်ပိဿာ ၂၀၀၀ ကျပ်မှ ၃၀၀၀ ကျပ်သာ ရှိသည်ဟု ၎င်းညောင်တုန်း ဒေသခံက ဆက်ပြောသည်။

လက်ရှိ စိုက်သော ကွမ်းအမျိုးအစားတွင် ဗမာမျိုး(နယ်ခံ) နှင့် ထိုင်ဝမ်းမျိုးဟူ၍ နှစ်မျိုးနှစ်စားကွဲသသလို များသော အားဖြင့် နယ်ခံဗမာကွမ်းမျိုးက စျေးပိုရပြီး ကွမ်းအရွက်ဝိုင်း နှင့် အရွက်ချွန်းဟူ၍လည်း ထပ်ကွဲကာ အရွက်ချွန်း အမျိုးက စျေးပိုရသည်ဟု ကွမ်းစိုက်သူများက ရှင်းပြသည်။

ကွမ်းရွက်စိုက်ပျိုးရန် ကွမ်းခြံတစ်ခြံ ရင်းနှီးငွေမှာ အနည်းဆုံး ကျပ်ငွေသိန်း ၃၀ ခန့် ရှိနိုင်ပြီး စိုက်ပျိုး စရိတ်အပြင် မြေဩဇာခ၊ ရေတင်ခ အပြင် ကွမ်းရွက်ပင်တွေကို ပြုစုရန် လူငှားရမ်းခပါ ကုန်ကျသေးသည်။

လက်ရှိ မြေဩဇာစျေးနှုန်းမှာလည်း တစ်ပြည်နှုန်းအရ ကျပ်ငွေ ၁၂,၀၀၀ ပေးဝယ်ရပြီး ဒေသတွင်း လုပ်သား ရှားပါးလာမှုကြောင့် လူငှားရမ်းခ မှာလည်း တစ်ရက်လုပ်ခ ကျပ်ငွေ ၇၀၀၀ ကနေ ၉၀၀၀ အထိ လုပ်အား ခကြေးငွေ အပြိုင်ပေး၍ ငှားရမ်းနေကြရသည်ဟုလည်း ဒေသခံများက ဆိုသည်။

ယခုလို ကွမ်းဈေးမကောင်းသည့်အပြင် အရင်းအနှီး နှင့် အလုပ်သမားစရိတ်ကလည်း မြင့်လာသောကြောင့် အချို့ ကွမ်းခြံစိုက်သူများ ကွမ်းရွက်မခူးကြတော့ဘဲ ပစ်ထားလိုက်ကြသလို အချို့မှာလည်း မီးဖိုချောင် စရိတ် ကာမိစေရန် ခူးရောင်းကြသူများလည်း ရှိကြောင်း ကွမ်းစိုက်သူများက ပြောသည်။

“သူများရဲ့ကွမ်းခြံကို၂ နှစ်စာ ၁၀ သိန်း နဲ့ ငှားလုပ်ထားတာ။ တစ်နှစ်စာ ၅သိန်းပဲ ပေးရသေးတယ်။ ကွမ်းဈေးက မကောင်း တော့အရှုံးပြတာ ပေါ့။ အဲ့ဒါကြောင့် တစ်နှစ်ပဲလုပ်ပြီး ပြန်အပ်တော့မယ်။ အမျိုးသားကလည်း နိုင်ငံခြားမှာပဲ အလုပ်သွားလုပ် နေပြီး။ ကွမ်းခြံကိုဆက်မလုပ်နိုင်တော့ဘူး။ ကွမ်းသာခူးတာ စရိတ်လောက်ပဲ ရတော့ အဆင်မပြေဘူးလေ။ အိမ်က ကလေးတွေကိုတောင်မုန့်မဝယ်ကျွေးနိုင်ဘူး” ဟု ကွမ်းခြံအငှားစိုက်သူ ဒေသခံ အမျိုးသမီးတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ယခင်နှစ်များက မိုးရာသီကာလများတွင် ကွမ်းခြံစိုက်ပျိုးသူများသော်လည်း ယခုနှစ်တွင်မူ အရင်းအနှီး ကုန်ကျ စရိတ်ကြီးလာသလို ကွမ်းစျေးလည်းမရှိသောကြောင့် ကွမ်းခြံစိုက်သူ နည်းလာသည်ဟု ဒေသခံများက ဆိုသည်။

၎င်းအပြင် ဒေသခံများအနေဖြင့် စားဝတ်နေရေးအပြင် ကျေးရွာအတွင်း လူမှုရေး၊ ဘာသာရေးကိုဖြေရှင်းနေရ သလို လက်ရှိ စစ်ကောင်စီ၏ စစ်မှုထမ်းခေါ်ယူမှုအတွက် ငွေကြေးကောက်ခံမှုကိုပါ ရင်ဆိုင်လာရသည်။ ၎င်းအ တွက် ကွမ်းရွက်ရောင်းရငွေများမှ ဖြေရှင်းနေရ၍ ကွမ်းခြံသမားများအတွက် ပိုမို ကြပ်တည်းလာကြောင်း ကွမ်းစိုက်သူ များက ဆိုသည်။

ဧရာဝတီတိုင်းအတွင်းရှိ ညောင်တုန်းမြို့နယ်အပြင် အခြားသော မြို့နယ်များတွင်လည်း ကွမ်းရွက် စိုက်၍ အသက်မွေးဝမ်းကျောင်းကြသည်။ အများစုမှာ စပါး နှင့် ပဲ၊ ငရုပ်စသည့် သီးနှံများကို စီးပွားဖြစ် စိုက်ပျိုးကြပြီး အဆိုပါ သီးနှံ မစိုက်ပျိုးမီ ကြားကာလမှာ စားဝတ်နေရေးဖြေရှင်းရန် ကွမ်းကို အများစု စိုက်ပျိုးကြကြောင်းသိရ သည်။