Home ဆောင်းပါး ဘုံရန်သူ ကျေနပ်ဝမ်းသာစေမယ့် နည်းလမ်းနဲ့တော့ မဖြေရှင်းကြပါနဲ့

ဘုံရန်သူ ကျေနပ်ဝမ်းသာစေမယ့် နည်းလမ်းနဲ့တော့ မဖြေရှင်းကြပါနဲ့

144
Photo: Crd.

ဘုံရန်သူ ကျေနပ်ဝမ်းသာစေမယ့် နည်းလမ်းနဲ့တော့ မဖြေရှင်းကြပါနဲ့

မောင်ကျော်စွာ

(မတ်လ ၁၀ ရက်၊ ၂၀၂၅ခုနှစ်)

ရာဂဏန်းအင်အားရှိတဲ့ KIA တပ်သားတွေ (၇-၃-၂၀၂၅) ရက်နေ့ ညနေပိုင်းမှာ ကွတ်ခိုင်မြို့ထဲသို့ ကောင်းခါး လမ်းဘက်ကနေ ဝင်ရောက်လာတာကို TNLA က ဝင်မလာဖို့တားဆီးရာကနေ အငြင်းပွားမှုတွေ၊ ခိုက်ရန်ဖြစ်ပွားမှုတွေ ပေါ်ပေါက်ခဲ့တယ်လို့ မီဒီယာတွေကနေတစ်ဆင့် ကြားသိရပါတယ်။

ဒီအရင်ကလည်း နှစ်ဖက် အောက်ခြေက တပ်သား ၂ယောက် အပြန်အလှန် သဲကြီးမဲကြီး လက်သီးချင်းယှဉ် ပြိုင်ထိုးနေကြတဲ့ဗွီဒီယိုကို ဆိုရှယ်မီဒီယာပေါ်မှာ ဖြန့်လာ၊ ပြန့်လာလို့ မထိတ်သာမလန့်သာ ကြည့်လိုက်ရဖူး ပါသေး တယ်။ လူ ၂ယောက် လက်သီးထိုးတာ ဘာလို့ မထိတ်သာ မလန့်သာဖြစ်ရမှာလဲလို့ မေးစရာရှိပါတယ်။ အရပ်ထဲက သာမန်ရန်ပွဲ၊ လက်သီးထိုးပွဲ၊ ကြိုးဝိုင်းထဲ လက်ဝှေ့ပွဲတွေဆိုရင်တော့ မထိတ်သာ မလန့်သာဖြစ်စရာ ဘာအကြောင်းမှ မရှိပါဘူး။ ဒါပေမယ့် အခု ရန်ပွဲတစ်ခု လက်ဝှေ့ပွဲတစ်ခုသဖွယ် ထိုးကြိတ်နေကြတာက လူမျိုးစုတော်လှန်ရေးအဖွဲ့အ စည်း ၂ခုရဲ့ အောက်ခြေတပ်က တပ်ဖွဲ့ဝင် တပ်သား ၂ယောက်ဖြစ်ပါတယ်။ ဘေးမှာ ကြိုးဝိုင်းသဖွယ်ဝိုင်းထားပြီး အားပေးနေကြတာကလည်း ယူနီဖောင်းဝတ်ပြီး မောင်းပြန်သေနတ်ကိုယ်စီ လွယ်ထားကြတဲ့ နှစ်ဖက်တပ်ဖွဲ့ဝင်တွေ၊ အားလုံးက တက်ကြွသွေးဆူတဲ့ လူငယ်လူရွယ်တွေ ဖြစ်ပါတယ်။

အဲဒီအနေအထားဟာ လောင်စာပုံပေါ်မှာ ဓာတ်ဆီတွေ ဖြန်းထားကာစ အနေအထားမျိုးပါ။ အကယ်၍ မီးပွင့် မီးပွားလေးတစ်ခုသာ အဲဒီလောင်စာပုံပေါ် ရုတ်တရက်ကျလိုက်ရင်ဆိုတဲ့ အတွေးမျိုးနဲ့ သေနတ်ကိုယ်စီကိုင်ထားသူ တွေထဲက တစ်ဦးတစ်ယောက်ကများ သေနတ်ပစ်ဖောက်လိုက်ရင်ဆိုတဲ့ စိုးရိမ်အတွေးနဲ့ မထိတ်သာမလန့်သာ ဖြစ်ရ တာပါ။

အခုတော့ အဲဒီပဋိပက္ခဖြစ်စဉ်ဟာ အကင်းသေ မသွားဘဲ (၇-၃-၂၀၂၅) ရက်နေ့ ညနေပိုင်းမှာတော့ ကွတ်ခိုင် မြို့မှာ အတိုင်းအတာတစ်ခုထိ မြင့်တက်သွားပုံ ပေါ်ပါတယ်။ အတင်းအကြပ် ဖမ်းချုပ်ပြန်ပို့တာတွေ၊ ဆက်ဆံရေးရုံး တွေ ပိတ်ပစ်တာတွေအထိ ပဋိပက္ခဇာတ်ရှိန် မြင့်တက်လာပါတယ်။ ဒီပဋိပက္ခဟာ ဒီအရှိန်ထက် ရှေ့ဆက်မတက်စေဘဲ ၂ဖက် အေးချမ်းပြေလည်စွာ ဖြေရှင်းပြီးစီးသွားစေချင်ပါတယ်။

ဆိုရှယ်မီဒီယာပေါ်မှာတော့ ဓာတ်ဆီလောင်း ယပ်ခတ်ပေးတဲ့ တို့မီးရှို့မီးလုပ်တဲ့ ထိုးဆွ ရန်တိုက်မှုတွေ ပလူပျံ သလို ပေါ်ထွက်လာနေပါတယ်။ ဘယ်သူဘက်က မှန်တယ်။ ဘယ်သူဘက်က မှားတယ်။ ဘယ်သူဘက်က လွန်တယ်။ ဘယ်သူဘက်က မလွန်ဘူး စသဖြင့် သူတို့ကိုယ်သူတို့ တရားသူကြီးလုပ်ပြီး စီရင်ချက်တွေ မျိုးစုံချနေပါတယ်။

ဒါ့အပြင် သက်ဆိုင်ရာ အဖွဲ့အစည်း ၂ခုလုံးရဲ့ ဖြတ်သန်းမှုသမိုင်းကြောင်းထဲက တစ်ဝက်မှန်တစ်ဝက်မှား အချက်အလက်တွေ၊ သန်ရာသန်ရာ တစ်ဖက်သတ် ပုံကြီးချဲ့ထင်ရာဆွဲ ရေးထားတာတွေနဲ့ အတိတ်က အနာဟောင်း၊ ဒဏ်ရာဟောင်း၊ ခံစားချက်ဟောင်းတွေကို ပြန်ဖော် ပြန်ဆွပေးနေပါတယ်။

လူမှုဘဝမှာ ဘယ်လိုပဋိပက္ခကိုမဆို ကျနော်တို့ ရှောင်လို့ မလွတ်နိုင်ပါဘူး။ ပဋိပက္ခရဲ့အမျိုးအစားနဲ့ အခြေအ နေပေါ်မူတည်ပြီး သင့်တော်ကောင်းမွန်တဲ့နည်းနဲ့ တန်းတူရည်တူ အေးအေးချမ်းချမ်းနည်းနဲ့ ဖြေရှင်းစေလိုတာပါ။ ဖြစ် ပေါ်လာတဲ့ ပဋိပက္ခတိုင်း ပြဿနာတိုင်းကို မှန်ကန်တဲ့ ဖြေရှင်းနည်းနဲ့ ကိုင်တွယ်ဖြေရှင်းတာမျိုးပဲ ဖြစ်စေချင်တာပါ။ ကြက်ခေါင်းဆိတ်မခံကြဘဲ မလိုအပ်ဘဲ လက်ပါခြေပါ သေနတ်ပါတဲ့အထိ ပြင်းထန်တဲ့ ဖြေရှင်းမှုမျိုးတော့ မလိုလားပါ ဘူး။ အားမပေးချင်ပါဘူး။

အခုနေအခါမှာ (စကစ)စစ်အုပ်စုကတစ်ဖက် စစ်မှန်တဲ့ ပါတီစုံဒီမိုကရေစီစနစ်၊ စစ်မှန်တဲ့ဖက်ဒရယ် ပြည်ထောင်စုကို လိုလားကြသူများကတစ်ဖက် ထိပ်တိုက်ရင်ဆိုင်ဖြစ်ပွားနေတဲ့ ပဋိပက္ခဟာ ယနေ့ မြန်မာပြည်မှာ ပေါ်ပေါက်ဖြစ်ပွားနေတဲ့ ပဋိပက္ခပေါင်းစုံ၊ ပြဿနာပေါင်းစုံအနက် အဓိကအကျဆုံး၊ အချက်အချာအကျဆုံး ပဋိပက္ခ ဖြစ်ပါတယ်။ ဒီအချက်ကနေ ဘယ်သူမှ ဘယ်အင်အားစုမှ ဝေဝါးသွားလို့ လမ်းချော်သွားလို့ မဖြစ်ပါဘူး။

ဒါ့အပြင် “စစ် ၃စစ်နဲ့ ၂၀၀၈ အခြေခံဥပဒေ”ကို အင်အားစုအားလုံးရဲ့ “ဘုံရန်သူ”အဖြစ် တိတိကျကျ သတ်မှတ် ထားကြတယ် မဟုတ်ပါလား။

အဲဒီ အဓိကပဋိပက္ခ (သို့မဟုတ်) အရင်းခံပြဿနာကြီးကို “စစ်မှန်တဲ့ ပါတီစုံဒီမိုကရေစီစနစ်၊ စစ်မှန်တဲ့ ဖက်ဒ ရယ်ပြည်ထောင်စုကို လိုလားကြသူများ”က “လက်နက်ကိုင်တော်လှန်ရေးနည်းလမ်း”ကို ဖြေရှင်းရမယ့် “အဓိက တိုက် ပွဲနည်းနာသဏ္ဌာန်” အဖြစ် သတ်မှတ်ထားရှိပြီး လက်တွေ့ဖြေရှင်းနေကြတယ် မဟုတ်ပါလား။

ဒါ့ကြောင့် ဘုံရန်သူ (စစ် ၃စစ်နဲ့ ၂၀၀၈ အခြေခံဥပဒေ) ကို ဦးတည်ဆန့်ကျင်တော်လှန်နေကြတဲ့ “စစ်မှန်တဲ့ ပါတီစုံဒီမိုကရေစီစနစ်၊ စစ်မှန်တဲ့ဖက်ဒရယ် ပြည်ထောင်စုကို လိုလားကြသူများ” ဆိုတဲ့ အင်အားစုများအတွင်းက ပါတီ အဖွဲ့အစည်းတစ်ဖွဲ့နဲ့တစ်ဖွဲ့အကြားပြဿနာ၊ ပါတီအဖွဲ့အစည်းတစ်ခုအတွင်းက အမြင်နှစ်ရပ်၊ သဘောထားနှစ်ရပ်၊ လမ်းစဉ်လုပ်ငန်းစဉ်နှစ်ရပ်၊ နည်းပရိယာယ်နှစ်ရပ်ပြဿနာတွေကို ငြိမ်းချမ်းသောနည်း၊ ညှိနှိုင်းဆွေးနွေးသောနည်း၊ Win – Win နည်းလမ်းနဲ့ ကြီးတဲ့အမှုငယ်စေ၊ ငယ်တဲ့အမှုပပျောက်စေ၊ သံသယလည်းရှင်း အပြန်အလှန်နားလည်မှုနဲ့ ညီညွတ်ရေးလည်းရတဲ့နည်းလမ်းမျိုးနဲ့သာ အဖြေရှာသင့်ပါတယ်။ အဲဒီလိုနည်းလမ်းနဲ့သာ တာဝန်ရှိသူတွေက အဖြေရှာ ကြပါလို့ အလေးအနက် တိုက်တွန်းချင်တာပါ။

ခြေလွန်လက်လွန်နည်းတွေ၊ လက်နက်ပါသောနည်း၊ သွေးထွက်သံယိုနည်းတွေနဲ့ နင်လား/ငါလား ဖြေရှင်းကြ မယ်ရင်တော့ ပြည်တွင်းပြည်ပမှာ အကြပ်အတည်းပေါင်းစုံ ဆိုက်နေတဲ့ ကျနော်တို့ရဲ့ “ဘုံရန်သူ” ကျေနပ်ဝမ်းသာနေပါ လိမ့်မယ်။

ပဋိပက္ခနဲ့ပြဿနာတွေကတော့ များမြောင်ရှုပ်ထွေးလှပါတယ်။ တပ်ဖွဲ့ကိုယ်စီ၊ လက်နက်ကိုယ်စီလည်း ရှိထား ကြသူတွေ မဟုတ်ပါလား။ မိတ်ဆွေတို့ရဲဘော်တို့ရဲ့ ဖြေရှင်းနည်းဟာ တော်လှန်ရေးအတွက် ဘယ်လို အတိုင်းအတာနဲ့ အကျိုးရှိသလဲ ဒါမှမဟုတ် “ဘုံရန်သူ” အတွက် အကျိုုးဖြစ်ထွန်းသွားနိုင်သလား ဒါကို အမြဲမပြတ် ယှဉ်တွဲ ချိန်ဆကြည့် ကြဖို့ လိုအပ်ပါတယ်။

တရားသောစစ်ဖြစ်စေ၊ မတရားသောစစ်ဖြစ်စေ၊ တော်လှန်သောစစ်ဖြစ်စေ၊ ဖောက်ပြန်သောစစ်ဖြစ်စေ ဘယ်လိုစစ်ကိုမဆို ပြည်သူတွေဟာ စစ်မက်ဘေးကနေ လွတ်ရာကို ပြေးကြရှောင်ကြရပါတယ်။ စစ်ဘေးစစ်ဒဏ်ကို ရင်ဆိုင်ရင်း သူတို့ရဲ့ကုန်ထုတ်လုပ်မှုကို လုပ်ကြရပါတယ်။ သူတို့သားသမီးတွေရဲ့ စားဝတ်နေရေး၊ ပညာရေးနဲ့ ကျန်းမာ ရေးကို ကြည့်ရှုစောင့်ရှောက်ကြရပါတယ်။

ဒါ့ကြောင့် စစ်အတွင်းက ပြည်သူတွေရဲ့နေ့စဉ်ဘဝကို ပါတီတိုင်း၊ အဖွဲ့အစည်းတိုင်းက ကျယ်ကျယ်ဝန်းဝန်း မြော်မြင်ရှေ့ရှုပြီး လေးလေးနက်နက် စာနာထောက်ထားကြဖို့ သိပ်ကို လိုအပ်ပါတယ်။

ကျနော်တို့ချင်းဖြေရှင်းကြတဲ့ ဖြေရှင်းနည်းတွေက ဘုံရန်သူအတွက်ပဲ အကျိုးရှိမယ်၊ စစ်အတွင်းက ပြည်သူ တွေရဲ့နေ့စဉ်ဘဝအပေါ်မှာ ‘ဘူးလေးရာဖရုံဆင့်’ ဆိုသလို၊ ‘ဒုက္ခိတ ပျားတုတ်’ ဆိုတာလို မကောင်းတဲ့ အကျိုးဆက် တွေ သက်ရောက်သွားမယ်ဆိုရင်တော့ ဘာများကောင်းနိုင်စရာရှိမှာအုံးမှာလဲ။

ဒါကြောင့် ပါတီအဖွဲ့အစည်း တစ်ခုနဲ့တစ်ခုအကြားက ဘယ်လိုပဋိပက္ခနဲ့ ဘယ်လိုပြဿနာကိုပဲဖြစ်ပါစေ၊ သို့တည်းမဟုတ် ပါတီတစ်ခုထဲအတွင်းက၊ အဖွဲ့အစည်းတစ်ခုထဲအတွင်းက ဘယ်လိုပဋိပက္ခနဲ့ ဘယ်လိုပြဿနာမျိုးကို ပဲဖြစ်ပါစေ မိတ်ဆွေချင်း ဆွေးနွေးဖြေရှင်းတဲ့နည်း၊ မိတ်ဆွေများက ဝိုင်းဝန်းဖေးမကူညီတဲ့ ဖြေရှင်းနည်းမျိုးတွေနဲ့ မီးဘေးရှောင် မလောင်ခင်တား ဆိုတာလို အချိန်မီဖြေရှင်းကြဖို့ တော်လှန်ရေးအကျိုးမျှော်၍ တောင်းပန် တိုက်တွန်း လိုက်ပါတယ်။