Home သတင်း LGBT အရေးလှုပ်ရှားသူ စာရေးဆရာမ စောဟန်နွေဦး(ခ) နော်ဟဲနေထူးကွယ်လွန်

LGBT အရေးလှုပ်ရှားသူ စာရေးဆရာမ စောဟန်နွေဦး(ခ) နော်ဟဲနေထူးကွယ်လွန်

1142
Photo: Saw Han Nway Oo FB

မတ် ၁၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ နိုင်ငံရေးတတ်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပြီး LGBT အရေးလှုပ်ရှားသူတစ်ဦး အဖြစ်လူသိများသည့် စာရေးဆရာမ စောဟန်နွေဦး(ခ) နော်ဟဲနေထူးသည် ယမန်နေ့ (မတ် ၉) ညပိုင်းတွင် မဲဆောက်မြို့ တစ်နေရာ၌ ကွယ်လွန်သွားသည်ဟု သူမနှင့် နီးစပ်သူများက ပြောသည်။

သူမသည် အဆုတ်ရောဂါ၊ ငှက်ဖျားရောဂါနှင့် လေဖြန်းဝေဒနာကိုလည်း ခံစားနေရပြီး မတ် ၉ ရက်နေ့ ည ၉ နာရီကျော်ချိန်တွင် ကွယ်လွန်သွားခြင်းဖြစ်သည်ဟု သူမနှင့် နီးစပ်သူ လုပ်ဖော်ကိုင်ဖက်များထံမှ သိရသည်။

“ဆေးရုံတက်နေတာတော့ ကြာပြီးလို့သိထားတယ်။ ရှေ့တစ်ခေါက်ကတောင် သက်သာလို့ဆိုပြီး သူ့အကောင့်မှာ စာလေးတင်ထားတာတွေ့လို့တောင် ဝမ်းသာနေတာ။ အခုလိုရုတ်တရက်ဆုံးသွားတော့ ရင်ထဲမကောင်းဘူး”ဟု နီးစပ်သူတစ်ဦးက ကေအိုင်စီသို့ ပြောဆိုသည်။

အဆိုပါ စာရေးဆရာမ စောဟန်နွေဦး(ခ)နော်ဟဲနေထူးသည် ပြီးခဲ့သည့်၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ဒုတိယ အပတ်မှ စ၍ ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် ဆေးကုသမှုစတင်ခံယူနေရပြီး ချင်းမိုင်မှတဆင့် မဲဆောက်မြို့မယ်တော် ဆေးခန်း သို့ ရွှေ့ပြောင်းပြီး ဆေးကုသမှုခံယူနေစဉ် ယခုလို ကွယ်လွန်သွားခြင်းဖြစ်သည်။

စောဟန်နွေဦး(ခ) နော်ဟဲနေထူးသည် နွေဦးတော်လှန်ရေးနှင့်် ပတ်သက်၍ တစ်ပိုင်တစ်နိုင်လုပ်ဆောင်ပေးမှုများ လည်းရှိသလို၊ တော်လှန်ရေးအသိုင်းအဝိုင်း၏ ပန်းချီ၊ ဓါတ်ပုံပြပွဲများတွင်လည်း ပါဝင်လေ့ရှိသည်။ သူမသည် LGBT အရေးလှုပ် ရှားသူတစ်ဦးအဖြစ်လည်း ထိုအသိုင်းအဝိုင်း၌ လူသိများပြီး LGBT တစ်ဦးအဖြစ် ၎င်းခံယူထားမှုအပေါ် ပွင့်ပွင့်လင်းလင်းချပြခဲ့သူတစ်ဦးဖြစ်သည်ဟု သိရသည်။

သူမသည် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့ ဇာတိဖြစ်ကာ၊ ဘွဲ့ရပြီးနောက် ပြည်တွင်းလူမှုအဖွဲ့အစည်း (CSO) များတွင် အလုပ်ဝင်လုပ်ခဲ့သည်။ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ပြီး မြန်မာပြည်မြောက်ပိုင်းရှိ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ထံတွင် ၂ လကြာ စစ်သင်တန်းတက်ရောက်ပြီးနောက် မန္တလေးမြို့၌ ပြန်နေထိုင်စဉ် ၂၀၂၁ ခုနှစ် စက်တင်ဘတွင် စစ်ကောင်စီ ဖမ်းဆီးခြင်းခံခဲ့ရပြီး နှစ်လအကြာထောင်မှ ပြန်လွတ်မြောက်လာခဲ့သည်။

ထို့နောက် လွတ်မြောက်နယ်မြေသို့ ရောက်ရှိလာပြီး ယခုလို တက်ကြွလှုပ်ရှားသူတစ်ဦးအဖြစ် လုပ်ဆောင်ခဲ့သည်။ သူမ၏ နာမည်အရင်းမှာ စောဒယ်နီယယ်လင်းအောင်ဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၂၈ နှစ်ရှိပြီးဖြစ်ကြောင်း သိရသည်။ သူမ၏ ဈာပနအခမ်းအနားကို ယနေ့ မတ်လ ၁၀ရက်၊ နေ့လည် ၁နာရီကျော်အချိန်တွင် မယ်တော်ဆေးခန်း၌ ပြုလုပ်သွားမည်ဟု သိရသည်။