Home ဆောင်းပါး သောင်ရင်းမြစ်ရဲ့ ဟိုဘက်ကမ်း ဒီဘက်ကမ်းက နှစ်နိုင်ငံပြည်သူတွေ သိပါတယ်

သောင်ရင်းမြစ်ရဲ့ ဟိုဘက်ကမ်း ဒီဘက်ကမ်းက နှစ်နိုင်ငံပြည်သူတွေ သိပါတယ်

418

သောင်ရင်းမြစ်ရဲ့ ဟိုဘက်ကမ်း ဒီဘက်ကမ်းက နှစ်နိုင်ငံပြည်သူတွေ သိပါတယ်

မောင်ကျော်စွာ

(၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၀ ရက်)

အောင်မြင်မှုမှာ ဖခင်တစ်ထောင်ရှိတတ်ပေမယ့် ဆုံးရှုံးမှုနဲ့ အရှက်တကွဲ အကျိုးနည်းဖြစ်ရမှုမှာတော့ မိဘမဲ့ဖြစ် နေပါတယ်။ ထိုင်းမြန်မာနယ်စပ်တစ်ကြော မြန်မာပြည်ဘက်အခြမ်းဖက်က (ကျားဖြန့်)အွန်လိုင်းလိမ်ညာလောင်းက စားမှုတွေဟာ မိုးပေါ်ကနေ သူ့အလိုလိုကျလာတာ မဟုတ်ပါဘူး။ မြဝတီပတ်ဝန်းကျင်က ဒေသခံပြည်သူများက အနူး အညွတ်ဖိတ်ခေါ်လို့ ရောက်ရှိလာကြတာလည်း မဟုတ်ပါဘူး။

ဒီလောင်းကစားလုပ်ငန်းတွေကို ပင့်ဖိတ်ခေါ်ယူခဲ့ကြသူတွေ၊ ဒီလောင်းကစားကို အခြေခံပြုပြီး ကြီးကြီးမားမား ကျယ်ကျယ်ပြန့်ပြန့် အကျိုးစီးပွားဖြစ်ထွန်းခဲ့ကြသူတွေက ခေါင်းရှောင်နေကြပါတယ်။ သူတို့ကပဲ မဖိတ်ခေါ်ခဲ့သယောင် ယောင်၊ သူတို့က ဘာမှမသိသယောင်ယောင် ဝေ့လည်ကြောင်ပတ်တွေပြောပြီး ထမင်းရည်ပူလာ လျှာလွှဲ လုပ်နေကြပါ တယ်။

ဒီလုပ်ငန်းတွေကို အရေးယူကိုင်တွယ်ဖို့ အကြောင်းပြချက်နဲ့ ဖေဖေါ်ဝါရီလ ၅ရက်နေ့ နံနက်ပိုင်းက စတင်ပြီး ထိုင်းအစိုးရက ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကနေ မြန်မာနိုင်ငံ၊ မြဝတီမြို့ဘက်ကို လျှပ်စစ်မီးပေးဝေမှု၊ အင်တာနက်လိုင်း များနဲ့ လောင်စာဆီ တင်ပို့မှုတွေကို ရပ်ဆိုင်းဖြတ်ပစ်လိုက်ပါတယ်။

(ကျားဖြန့်) အွန်လိုင်းလိမ်လည်မှုဟာ သာမန် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုခင်းသက်သက်ပဲ မဟုတ်ပါဘူး။ ပြည် တွင်းစစ်ပြဿနာ၊ ကြီးမားတဲ့ အကျင့်ပျက်လာဘ်စားမှုနဲ့ နိုင်ငံဖြတ်ကျော်ရာဇဝတ်ဂိုဏ်းတို့ ထဲထဲဝင်ဝင် လိမ်ယှက် ဆက်စပ်နေတဲ့ အင်မတန်ကြီးမားတဲ့ ပြဿနာကြီးတစ်ခုဖြစ်ပါတယ်။ လွယ်လွယ်နဲ့ကိုင်တွယ်လို့ရနိုင်မယ် မထင်ပါဘူး။

ဒါ့ကြောင့် ထိုင်းနိုင်ငံဘက်ကနေ ထိုင်းအစိုးရဘက်ကနေ လျှပ်စစ်မီး၊ အင်တာနက်၊ စက်သုံးဆီ ဖြတ်တောက် ပြလိုက်ရုံနဲ့ ဘယ်လိုမှ အမြစ်ပြတ်သွားနိုင်မှာ မဟုတ်ဘူးဆိုတာကို သောင်ရင်းမြစ် ဟိုဘက်ကမ်း ဒီဘက်ကမ်းမှာ နေထိုင်ကြတဲ့ နှစ်နိုင်ငံပြည်သူတွေက သိနေပါတယ်။ ဘယ်လိုကိုင်တွယ်မလဲဆိုတာကို အကဲခတ်စောင့်ကြည့်နေကြပါ တယ်။ ကျားဖြန့်ဂိုဏ်းက ဖမ်းဆီးထားတဲ့ လူ ၆၁ဦးကို လွှဲပြောင်းပေးတာလည်း တွေ့လိုက်ကြပါတယ်။

အဲဒီနောက် ရယ်စရာကောင်းတဲ့ ဖြစ်ရပ်တစ်ခု မြဝတီမြို့မှာ ဖေဖေါ်ဝါရီလ ၈ရက်နေ့ မနက်ပိုင်းက ပေါ်ပေါက် လာပါတယ်။ အရေအတွက်အားဖြင့် ဆယ်ဂဏန်းလောက်မျှသာရှိသော လူစုကလေးတစ်စုက မြန်မာနိုင်ငံတော်အလံ တွေကိုင်ပြီး ဆန္ဒပြကြသတဲ့။ သူတို့က “ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းတွေ မသုံးဖို့၊ ထိုင်း – မြန်မာချစ်ကြည်ရေးတံတား အမှတ် ၁နဲ့ ၂ကို ပိတ်ပေးဖို့၊ ထိုင်း-မြန်မာနယ်စပ်က တရားမဝင်ဂိတ်တွေ ပိတ်ပေးဖို့” ကြွေးကြော်သံတွေသဖွယ် လှည့် လည်အော်ဟစ်ခဲ့ကြပါသတဲ့။ မြဝတီမြိုခံလူထုနဲ့ မဲဆောက်မြို့ဖက်ခြမ်းက လူတွေကတော့ ဒီဆန္ဒပြပွဲမှာ ဦးဆောင်ပါ ဝင်နေတဲ့သူတွေကိုကြည့်ပြီး နောက်ကွယ်က စေခိုင်းကြိုးကိုင်သူဟာ ဘယ်သူဖြစ်တယ်ဆိုတာကို အပ်ကျ မတ်ကျသိ ကြပါတယ်။

ဒီလိုမျိုး ဆန္ဒပြပွဲဆိုတာတွေဟာ (စကစ)စစ်အုပ်စုရဲ့ အမိန့်ညွှန်ကြားချက်နဲ့ ပေါ်ပေါက်လာတာတွေပဲဖြစ်ပါ တယ်။ တကယ့်သွေးရိုးသားရိုး လူထုဆန္ဒပြပွဲဆိုရင် ဒီလိုကြွေးကြော်သံတွေ ဘယ်တင်လိမ့်မလဲ။

“ကျားဖြန့် အွန်လိုင်းလောင်းကစား – အလိုမရှိ၊ မြန်မာအစိုးရက ကျားဖြန့်လုပ်ငန်းမှာ ပါဝင်သူတွေကို ထိထိ ရောက်ရောက် အရေးယူရေး – ဒို့အရေး၊ ထိုင်းအစိုးရဘက်ကလည်း ပါဝင်ပတ်သက်သူတွေကို ပြတ်ပြတ်သားသား အရေးယူပေးရေး – ဒို့အရေး၊ ဒေသခံအဖွဲ့အစည်းဖြစ်တဲ့ (DKBA – KNA) က ခြေမ မကောင်း ခြေမ၊ လက်မ မကောင်း လက်မ ကျောသားရင်သား မခွဲခြားဘဲ ပြင်းပြင်းထန်ထန် အရေးယူပေး – ဒို့အရေး” လို့ တောင်းဆိုကြမှာပေါ့။

မြဝတီဒေသခံလူထုဟာ နယ်စပ်စည်းရိုးနားကပ်နေရတဲ့ လူထုဆိုတော့ အမြင်ကျယ်ပြီး ပါးနပ်ပါတယ်။ ဒီလို တောင်းဆိုလို့ မဖြစ်ဘူးဆိုတာ သူတို့အသွေးအသားထဲကနေ သိပါတယ်။ ဘယ်ဓားတွေဟာ သူတို့ ကုပ်ပေါ်ဝဲနေသလဲ၊ ဘယ်ဓားတွေဟာ သူတို့လည်ပင်းနဲ့ ပိုနီးသလဲဆိုတာ သူတို့ဘဝဖြတ်သန်းမှု အတွေ့အကြုံတွေအရ သူတို့ကောင်း ကောင်း သိကြပါတယ်။ ဒါကြောင့် ဖဲသုံးချပ်ဝိုင်းလောက်တောင် လူမများတဲ့ ဆန္ဒပြပွဲကို ရယ်စရာလို့ပဲ သဘောထား ကြပါတယ်။ ဓာတ်ပုံရိုက်ပြီး ဆိုရှယ်မီဒီယာပေါ်မှာ ဖြန့်ပြီး ဟာသလုပ်နေကြပါတယ်။ ပြီးတော့ ဒီဆန္ဒပြပွဲထဲ ဝင်ပါမိလို့ အတင်းအကြပ် စစ်သားဆွဲနေတဲ့အထဲ ပါသွားမယ့်အရေးကိုလည်း စိုးရိမ်နေကြရသေးတယ် မဟုတ်ပါလား။

ပြီးတော့ လက်တွေ့မကျတဲ့ တောင်းဆိုချက်တွေဖြစ်တဲ့ တံတားတွေ၊ ဂိတ်တွေ ဘာလို့ ပိတ်ခိုင်းမှာလဲ။ ထိုင်း နိုင်ငံထုတ်ကုန်ပစ္စည်းတွေ မသုံးဖို့ ဘာကြောင့် ပိတ်ပင်ခိုင်းရမှာလဲ။ ထိုင်းနိုင်ငံထုတ် ကုန်ပစ္စည်းတွေမသုံးဘဲ သပိတ် မှောက်ကြမယ်ဆိုရင် မြဝတီဒေသခံလူထုဟာ မိမွေးတိုင်းဖမွေးတိုင်း နေကြရဖို့ပဲ ရှိပါလိမ့်မယ်။ နေစရာအိမ်၊ စီးစရာ ယာဉ်၊ စားစရာနဲ့ သောက်စရာမှန်သမျှ အားလုံးဟာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကနေ မှာယူတင်သွင်းနေကြရတာချည်းပဲ မဟုတ်ပါလား။

ဒီတော့ ဒီလိုဆန္ဒပြပွဲတွေဟာ (စကစ)စစ်အုပ်စုရဲ့ အမိန့်ညွှန်ကြားချက်အောက်မှာ ကြေးစားလူမိုက်တချို့ လက်သီးလက်မောင်းတမ်းကြတဲ့ လုပ်ပွဲတွေမျှသာဖြစ်တယ်ဆိုတာကို သောင်ရင်းမြစ် ဟိုဘက်ကမ်း ဒီဘက်ကမ်းပေါ် က နှစ်နိုင်ငံပြည်သူတွေက နောကျေအောင် သိကြပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၃ရက်နေ့က အစိုးရအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ (စကစ)စစ်ကောင်စီ ဥက္ကဋ္ဌ မင်းအောင်လှိုင်က
– “တရားမဝင် အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှု (ကျားဖြန့်)ကို အကြောင်းပြု၍ နိုင်ငံတော်တွင် အခက် အခဲများ ဖြစ်ပေါ်ခဲ့ပြီး ထိထိရောက်ရောက် အရေးယူမှုများကို ဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတကာ၌လည်း ၎င်းကိစ္စနှင့် ပတ်သက်၍ အာရုံစိုက်မှုရှိလာကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတကာနှင့်ပူးပေါင်း၍ ၎င်းဒုစရိုက်မှုနှိမ်နင်းရေး ကို တက်ကြွကျယ်ပြန့်စွာ ဆောင်ရွက်နေကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်၊ သက်ဆိုင်ရာနယ်မြေများအ လိုက် တာဝန်ရှိသူအဆင့်ဆင့်အနေဖြင့် မိမိတို့ဒေသများအတွင်း တရားမဝင် အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ် လည်မှုလုပ်ငန်းများ၊ အခြားဒုစရိုက်လုပ်ငန်းများ မရှိစေရေးနှင့် မဖြစ်ပေါ်စေရေး ဖော်ထုတ်အရေးယူခြင်းများဖြင့် တင်းတင်းကြပ်ကြပ်၊ ပြတ်ပြတ်သားသား ကိုင်တွယ်ဆောင်ရွက်သွားကြရန် မဖြစ်မနေလိုအပ်ကြောင်း၊ ၎င်းအမှုများအ ပြင် မူးယစ်ဆေးဝါးကိစ္စများနှင့် အခြားဒုစရိုက်မှုများ၌ ပါဝင်ဆောင်ရွက်နေသူများ၊ သက်ဆိုင်ရာနယ်မြေအလိုက် တာဝန်ရှိသူများ ပတ်သက်နေမှုရှိပါက အားလုံးကို ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်”လို့ လေတစ်လုံး မိုးတစ်လုံး ပြောထားတာ ရှိပါတယ်။

ဒါကြောင့် တပ်ဘက်၊ အရပ်ဘက်က ဘယ်သူတွေက ဓားစာခံဖြစ်လာမလဲ။ ဘယ်သူတွေက ထိုးကျွေးတာခံ သွားရမလဲ။ ဆက်လက် စောင့်စား ကြည့်ရှုကြပါစို့။