Home သတင်း အလုပ်ရှာပေးသူ ပွဲစားက LGBT တစ်ဦးကို မဟာချိုင်သွားလမ်းပေါ် ရိုက်နှက်ပစ်ထား

အလုပ်ရှာပေးသူ ပွဲစားက LGBT တစ်ဦးကို မဟာချိုင်သွားလမ်းပေါ် ရိုက်နှက်ပစ်ထား

642
Photo: Naw Chit FB

ဖေဖော်ဝါရီ ၁၀ ရက် ၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ မဟာချိုင်တွင် အလုပ်ရမည်ဟု ဆိုကာ အွန်လိုင်းမှ အလုပ်ရှာပေးသူ ပွဲစားနှင့် လိုက်သွားစဉ် လမ်းတစ် နေရာ၌ ဖမ်းဆီးခေါ်ဆောင်ရိုက်နှက်ခြင်းခံလိုက်ရသည်ဟု ကာယာကံရှင်နော်နော်ချစ်က ပြောသည်။

ထိုသို့ ရိုက်နှက်ခံရခြင်းမှာ မိုဘိုင်း LINE အက်ပလေကေးရှင်းမှတစ်ဆင့် အလုပ်ရှာပွဲစားက မဟာချိုင်၌ အလုပ်ရ မည်ဟုဆိုသည့်အတွက် လမ်းစရိတ် ဘတ် ၅၀၀ လွှဲပေးပြီး လိုက်သွားစဉ်ပွဲစားက လမ်းတစ် နေရာ၌ ကားပေါ်မှ ဆင်းခိုင်းပြီး ရိုက်နှက်ခဲ့ခြင်းဖြစ်သည်ဟု သူမက ယခုလို ပြောသည်။

“အဝတ်တွေတစ်ခါထဲယူလာပြီး အလုပ်လာလုပ်လို့ရပြီးပြောတော့သွားလိုက်တာမဟာချိုင်ကို။ သူ့ကိုပြောလိုက် သေးတယ် ငါ့မှာပိုက်ဆံမရှိဘူး ကားခ ၅၀၀ ဘတ်လွှဲပေးပါလား ပြောတော့ လွှဲလာပေးတယ်။ သွားတော့ကားပေါ် တက်စီး ခိုင်းတယ်။ သူ့ကားပေါ်မှာက စစချင်းသူ့သူငယ်ချင်း တစ်ယောက်ပဲရှိတယ်။ နောက်တော့လူ ၂ယောက် ပြန်ထပ်ခေါ်တယ်၊ အားလုံးပေါင် ၄ယောက်ပေါ့၊ လမ်းတစ်နေရာမှာ လူရှင်းတဲ့နေရာကိုခေါ်ပြီး ရိုက်တာ”ဟု ၎င်းက ပြောသည်။

အဆိုပါ ရိုက်နှက်ခဲ့သူ ၄ ဦးစလုံးသည် မြန်မာပြည်သားများဖြစ်ကာ ရန်ငြိုးရန်စ တစ်စုံတစ်ရာမရှိခဲ့သလို ရိုက်နှက် ခံရသည့်အပြင် ယူဆောင်လာသည့် ပတ်စ်ပို့နှင့် ဖုန်းကိုပါ ယူသွားသည်ဟု သူမက ဆက်ပြောသည်။

“ကားပေါ်တက်ကတည်းက သူနဲ့ပါလာတဲ့ သူတစ်ယောက်ကို ဖုန်းသိမ်းခိုင်းလိုက်တယ်။ ဖြစ်တာက ညအချိန် ၇ နာရီ ကနေ ၉ နာရီကြားမှာ ဘာအပြစ်ရှိလို့ ဒီလိုလုပ်တာလဲပြောတော့ ပါးစပ်ပိတ် အသံမထွက်နဲ့ ဆိုပြီးပြောပြီး လူပြတ်တဲ့ နေရာမှာ ကျမကိုခေါ်ဆင်းပြီး ရိုက်တာ။ ကျမကို သူတို့အသေသတ်ဖို့ ရည်ရွယ်တာဖြစ်မယ်။ သူတို့ ပြန်သွားတော့ လမ်းပေါ်ထွက်ပြီး အကူအညီတောင်းလိုက်တာ။ လူနာကားလာတဲ့အချိန် ကျမသတိလစ်သွားပြီး” ဟု နော်နော်ချစ်က ဖြည့်စွက် ပြောသည်။

ထိုပွဲစားနှင့် လူမှုကွန်ရက် LINE မှတစ်ဆင့် ချိတ်ဆက်ထားခြင်းဖြစ်ကာ ဖုန်းယူသွားသည့် အတွက် ဖုန်းထဲရှိ အထောက်အထား မကျန်တော့သလို ပိုက်ဆံလွှဲချိန်တွင် ပိုက်ဆံလွှဲလာသည့် ဘဏ်အကောင့်သာ အထောက် အထားကျန်ရှိသည်ဟု ၎င်းက ဆိုသည်။

ယခုလို ရိုက်နှက်ခံရမှုကြောင့် နံရိုးကျိုး၊ အတွင်း အပြင်ဒဏ်ရာများကို ဆေးရုံ၌ ဆေးကုသမှု ခံယူခဲ့ပြီး ယခု ဆေးရုံဆင်းလိုက်ပြီးဖြစ်သည်ဟု သိရသည်။

ထိုင်းသို့ ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် အလုပ်လိုအပ်ချိန်တွင် အွန်လိုင်းပေါ်ရှိ ပွဲစားများနှင့် ချိတ်ဆက် ရှာဖွေလေ့ရှိသည်။ ထိုသို့ အလုပ်ရှာဖွေပေးသူ အကျိုးဆောင်များသည် တရားဝင်လိုင်စင် ရှိသူများလည်း ရှိသလို အချို့က တရားဝင်လိုင်စင်မရှိသူများလည်းရှိကြောင်း သိရသည်။

ယခုလို ရိုက်နှက်ခံရသည့် နော်နော်ချစ်သည် LGBT တစ်ဦးဖြစ်ပြီး ယခင်က အွန်လိုင်းရှော့ပင်းလုပ်ငန်း လုပ်ကိုင် ခဲ့ဖူးပြီး အလုပ်လိုအပ်လာ၍ ယခုလို ပွဲစားနှင့် ချိတ်ဆက်ခြင်း ဖြစ်သည်ဟု သိရသည်။