ဒီဇင်ဘာ ၅၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ရှိ မယ်လဒုက္ခသည်စခန်း၌ လူငယ်များအကြား နည်းလမ်းမျိုးစုံဖြင့် မူးယစ်ဆေးသုံးစွဲမှု များ လာသည့်အတွက် စစ်ဆေးအရေးယူမှု ပြုလုပ်သွားမည်ဟု စခန်းအတွင်းရေးမှူး စောဆန်းဒေးက ပြောသည်။
အဆိုပါ ဒုက္ခသည်စခန်းထဲတွင် ၁၀ ကျော်သက်အရွယ် လူငယ်များ မူးယစ်ဆေးသုံးစွဲမှု ရှိနေသလို လူငယ် အမျိုးသမီးများလည်း သုံးစွဲမှုတိုးလာနေသည်ဟု စခန်းတာဝန်ရှိသူက ပြောသည်။
ထို့ကြောင့် လာမည့်အပတ်မှစ၍ ရပ်ကွက်အတွင်း သွားလာသည့် လူငယ်များကို စတင်စစ်ဆေးသွားမည်ဖြစ်ပြီး ဆီးစစ်ချက်ပေါ်ပါက ဒဏ်ငွေပေး ဆောင်ရမည်ဖြစ်သလို WY မူးယစ်ဆေးအဆင့် ရောင်းဝယ်သုံးစွဲသူများကို တွေ့ရှိ ပါက ထိုင်းအာဏာပိုင်ထံ လွှဲ ပြောင်း ပေးသွားမည်ဟု စခန်းတာဝန်ရှိသူက စောဆန်းဒေးက ယခုလို ပြောသည်။
“လာမယ့် ၂၀၂၅ခုနှစ်မှာတော့ မူးယစ်ဆေးတိုက်ဖျက်ရေးနဲ့ပါတ်သက်ပြီး ထိုင်းအာဏာပိုင်ဘက်ကတော့ ပိုမို တင်းကြပ် လုပ်ဆောင်သွားမယ်။ အခုက ဒုက္ခသည်စခန်းတာဝန်ယူထားတဲ့ သူဖြစ်စေ ရပ်ကွက်ထဲဆင်းပြီး အချိန် မတော် သွားလာတာ ထူးခြားတာတွေ့ရင် စစ်ဆေးသွားမယ်။ ကျနော်တော်တို့မှာ ဒီလိုဆီးစစ်တဲ့ဟာတွေကလဲ လုံလောက်မှုမရှိတော့ တဖြည်းဖြည်း လုပ်ဆောင်သွားမယ်” ဟု ၎င်းက ကေအိုင်စီသို့ ဒီဇင်ဘာ ၅ ရက်နေ့တွင် ပြောသည်။
အဆိုပါ မူးယစ်ဆေးတိုက်ဖျက်ရေးအစီစဉ်ကို ဒုက္ခသည်စခန်းတာဝန်ယူထားသည့် ထိုင်းအာဏာပိုင် “ပလာ” ၏ လမ်းညွန်ချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်သလို ဆေးဘက်ဆိုင်ရာ ဆီးစစ်စဉ် မူးယစ်ဆေးသုံးစွဲထားကြောင်း တွေ့ရှိပါက တစ်ဦးကို ဘတ်ငွေ ၁,၀၀၀ ဒဏ်ရိုက် မည်ဖြစ်ပြီး သုံးကြိမ်တိုင် စစ်ဆေးတွေ့ရှိသူကို စခန်း၌ နေထိုင်ခွင့် မပေးတော့ဘဲ ထွက်ခွာရမည်ဟု သတ်မှတ်ထားသည်။
ထို့အပြင် စခန်းတွင် ကျောင်းနေအရွယ်ကလေးအပါအဝင် လူငယ် အများစုသည် tramadol ဆေးလုံး၊ ချောင်းဆိုး ဆေးရည်နှင့် ကိုကာကိုလာ အချိုရည်ကို တွဲစပ်ထားပြီး မူးယစ်စေသည့် ဆေးရည်များကို သုံးစွဲကြကာ လူငယ်များ ပညာရေးဘက်တွင် ထိခိုက်မှုများလည်းရှိကြောင်း စခန်းတာဝန်ရှိသူက ပြောသည်။
“လူငယ်တွေက ဒီလို မူးယစ်ဆေးသုံးစွဲတာများတော့ ဦးနှောက်ပုံမှန် သိပ့်အလုပ်မလုပ်တာတွေက များလာတယ်။ ပြီးတော့ အများအားဖြင့် အသက်မပြည့်သေးတဲ့ လူငယ်တွေများတယ်။ မူးယစ်ဆေး ဖြတ်တဲ့နေရာဖြစ်တဲ့ DARE မှာလည်း နေရာလုံလောက်မှုမရှိဘူး။ ဒီလိုမူးယစ်ဆေးသုံးစွဲမှုများလာတော့ စခန်းထဲမှာ ပစ္စည်းခိုးမှုတွေလည်း များလာတယ်” ဟု စောဆန်းဒေးက ဖြည့်စွက်ပြောသည်။
ထို့အပြင် ဒုက္ခသည်စခန်းထဲရှိ မူးယစ်ဆေးဖြတ်ဌာန DARE ၌ လာမည့် ၂၀၂၅ ခုနှစ် ဇန်ဝါရီတွင် မူးယစ်ဆေး ဖြတ် ရန် စာရင်းပေးထားသူ လူငယ် ၇၀ ဦး ကျော်ရှိပြီးဟု စခန်းတာဝန်ရှိသူများထံမှ သိရသည်။
မယ်လဒုက္ခသည်စခန်းထဲတွင် ရပ်ကွက် ၂၁ ခုရှိကာ လူဦး ၃၀,၀၀၀ ကျော်နေထိုင်ပြီး ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း ၉ ခုထဲတွင် အကြီးဆုံး ဒုက္ခသည်စခန်းတစ်ခုဖြစ်ကြောင်း သိရသည်။