ဒီဇင်ဘာလ ၆၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ၊ သထုံခရိုင်၊ တပ်မဟာ(၁) သထုံမြို့နယ်၊ ရွှေရောင်ပြ ကျေးရွာများတွင် စစ်ကောင်စီ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများကြောင့် ကျောင်းများထဲ၌ စာမသင်ရဲ ဖြစ်နေသည်ဟု ကျောင်းဆရာမများက ပြောသည်။
၂၀၂၁ ခုနှစ်မှစ၍ နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တော်-KNLA၊ တော်လှန်ရေးပူးပေါင်းတပ်နှင့် စစ်ကောင်စီ တပ်တို့အကြား ပစ်ခတ်မှုဖြစ်ပွားကာ စစ်ကောင်စီကကျေးရွာများဘက်သို့ လက်နက်ကြီး မကြာခဏ ပစ်ခတ်မှုများပြုလုပ်နေသည့်အတွက် ဒေသခံပြည်သူများတိမ်းရှောင်နေရပြီး စာသင်ကျောင်းအများအပြား ဆက်မဖွင့်နိုင် ဖြစ်ခဲ့သည်။
ထို့ကြောင့် သထုံမြို့နယ် ရွှေရောင်ပြကျေးရွာအုပ်ထဲရှိ ကျေးရွာအချို့မှ ကလေးများ ပညာဆက်လက်သင်ယူနိုင် ရေးအတွက် လူနေအိမ်နှင့် ဘုန်းကြီးကျောင်းများ၌ ယနေ့အချိန်ထိ ပြောင်းရွှေ့ စာသင်ပေးနေရသည်ဟု ဆရာမ တစ်ဦးက ယခုလိုပြောသည်။
“တိုက်ပွဲဖြစ်တာမရှိလဲ လက်နက်ကြီးတွေနဲ့ အဝေးက လိုက်လျောက်ပစ်နေတယ်။ အရင်က ည ၁၀ နာရီနဲ့ ၁၁ နာရီ ကျမှ ပစ်တာများတယ်။ အခုရက်ပိုင်းက နေခင်းပိုင်းလည်း ပစ်နေတာဘဲ။ အခုချိန်ကလေးတွေ ပညာသင်ယူ နိုင် ဖို့က အရမ်းခက်ခဲတယ်။ နေရာတိုင်းလိုလိုမှာဘဲ။ အရင်ကလိုကျောင်းခန်းထဲ အေးအေးဆေးဆေး စာမသင် နိုင်ဘူး။ အိမ်တွေမှာ စာသင်နေရတာ” ဟု ၎င်းက ပြောသည်။

လူနေအိမ်တွင် ပြောင်းရွှေ့စာသင်ကြားရာတွင် အတန်းလိုက် အဖွဲ့ခွဲကာ လူနေအိမ်တစ်လုံးလျင် အဖွဲ့တစ်ဖွဲ့ ခွဲ၍ စာသင်ပေးနေရသည်ဟု အဆိုပါကျောင်းဆရာမက ဆက်ပြောသည်။
ထို့အပြင်ပြီးခဲ့သည့် အောက်တိုဘာလတွင်ရွှေရောင်ပြကျေးရွာများထဲတွင် စာသင်ကျောင်း ၃ ကျောင်း ပြန်လည် ဖွင့်လှစ် ခဲ့သော်လည်း ကျောင်းဆရာ၊ ဆရာမများနှင့် ကလေးများ အကြောက်တရားများနှင့်သာ စာသင်နေရသည် ဟု သိရသည်။
စစ်တပ်အာဏာသိမ်းပြီး ၄ နှစ်အတွင်း သထုံမြို့နယ်ထဲရှိ ကျေးရွာတစ်ချို့မှာ စစ်ရှောင်နေရသည့်အတွက် စီးပွားရေးကြပ်တည်းလာပြီး ကလေးပညာရေးအတွက် ကျောင်းဆက်မထားနိုင်သူ များလာသည့်အပြင် အခြား ဒေသသို့ မိသားစုအလိုက် ပြောင်းရွှေ့အလုပ်လုပ်ကိုင်သူ များလာသည်ဟု ဒေသခံထံမှ သိရသည်။
ရွှေရောင်ပြကျေးရွာအုပ်စု ထဲတွင် စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် လူနေအိမ်နှင့် ဘာသာ ရေးအဆောက်အအုံများ ထိခိုက်ပျက်စီးသလို ဒေသခံများ လက်နက်ကြီးစ ထိမှန်ဒဏ်ရာရ သေဆုံးသူများလည်း ရှိနေပြီး ထိုအထဲတွင် အမျိုးသမီးများ ထိခိုက်သေဆုံးမှု အများဆုံးဖြစ်သည်ဟု ကေအဲန်ယူ၊ သထုံခရိုင် ထုတ်ပြန် ချက်များအရ သိရသည်။



















