Home ဆောင်းပါး အပေါ်ယံ အခက်အလက်သဖွယ်မျှသာဖြစ်တဲ့ “ပြည်သူ့စစ်မှုထမ်းဥပဒေ”ကိုပဲ ကွက်ပြီး ဆန့်ကျင်တိုက်ဖျက်လို့ မဖြစ်နိုင်ပါ

အပေါ်ယံ အခက်အလက်သဖွယ်မျှသာဖြစ်တဲ့ “ပြည်သူ့စစ်မှုထမ်းဥပဒေ”ကိုပဲ ကွက်ပြီး ဆန့်ကျင်တိုက်ဖျက်လို့ မဖြစ်နိုင်ပါ

658
Photo: Crd.

အပေါ်ယံ အခက်အလက်သဖွယ်မျှသာဖြစ်တဲ့ “ပြည်သူ့စစ်မှုထမ်းဥပဒေ”ကိုပဲ ကွက်ပြီး
ဆန့်ကျင်တိုက်ဖျက်လို့ မဖြစ်နိုင်ပါ

မောင်ကျော်စွာ

(၂၀၂၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၁ရက်)

“နာဂစ်မုန်တိုင်းကြီး” မဝင်ရောက်မီနဲ့ ဝင်ရောက်သွားပြီး နောက်ပိုင်းကာလတွေမှာပါ လုံလောက်တဲ့ အသိပေး မှု၊ ကြိုတင်ကာကွယ်မှု၊ ရှာဖွေကယ်ဆယ် နေရာချထားမှုတွေ စနစ်တကျ မလုပ်ခဲ့ဘဲ “ဘယ်သူသေသေ ငတေမာပြီး ရော” ဆိုတဲ့ စိတ်ဓာတ်နဲ့ “၂၀၀၈ အခြေခံဥပဒေ” ကို ခြေမြန်လက်မြန် အသက်သွင်း အတည်ပြုခဲ့တာ ဘယ်သူတွေလဲ (နအဖ) စစ်အုပ်စုပဲ မဟုတ်ပါလား။

အခုလည်း ပြည်သူတွေကို မျိုးဆက်သစ်လူငယ်တွေကို သေတွင်းတွန်းပို့ဖို့ဆိုတဲ့ အကြံယုတ်နဲ့ “ပြည်သူ့စစ်မှု ထမ်းဥပဒေ” ဆိုတာကို (စကစ)စစ်အုပ်စုက ခြေမြန်လက်မြန် အသက်သွင်းလာပြန်ပါတယ်။ လတ်တလောကာလမှာ တော့ ပြည်သူတွေအကြားမှာ၊ လူငယ်တွေအကြားမှာ ဒီအကြမ်းဖက်စစ်သားဆွဲမယ့်ဥပဒေ – မိမိအလိုဆန္ဒမပါဘဲ အဓမ္မ စစ်မှုထမ်းစေမယ့် ဥပဒေဆိုတာကို ဦးတည်ချက်အမျိုးမျိုး နည်းလမ်းအဖုံဖုံနဲ့ ခါးခါးသီးသီး တုန့်ပြန်နေကြပါတယ်။

အထင်ရှားဆုံးနဲ့ အမြင်သာဆုံး တုန့်ပြန်ချက်ကတော့ ပြည်သူတွေက (စကစ)စစ်အုပ်စုကို ပိုမိုနာကျည်းမုန်း တီးသွားတဲ့အချက်ပါပဲ။ ဒါက ပထမဆုံး တွေ့ရမြင်ရတဲ့ အချက်ပါ။

ဒုတိယအချက်ကတော့ “၂၀၀၈ အခြေခံဥပဒေနဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ အပါအဝင်” အတင်းအဓမ္မ ဖိနှိပ်ချုပ် ချယ်ထားတဲ့ အခြားသော တည်ဆဲဥပဒေမှန်သမျှကို “တစ်ခုမကောင်း တစ်ခုပြင် သို့မဟုတ် တစ်ခုပယ်ဖျက်” ဆိုတဲ့ ဆန်စင်ရာ ကျည်ပွေ့လိုက်တဲ့ သမရိုးကျ နည်းလမ်းမျိုးနဲ့ ရင်ဆိုင်သွားဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘဲ ဒီနေ့ကာလရဲ့ အကြမ်းဖက်ဖိနှိပ်မှု မထင်ရင်မထင်သလို နိုင်ထက်စီးနင်းဗိုလ်ကျနေမှုများနဲ့ သွေးခွဲသပ်လျှို လိမ်ညာလှည့်စားမှုများရဲ့ မူလအကြောင်းရင်း ဇစ်မြစ်ဖြစ်တဲ့ “စစ် ၃စစ်”(စစ်အုပ်စု၊ စစ်အာဏာရှင်စနစ်၊ စစ်အစိုးရ)ကို အပြတ်သားဆုံး အကုန်အ စင် ဖျက်သိမ်းပစ်ကြရမယ် ဆိုတဲ့အချက်ပါပဲ။

နာဂစ်မုန်တိုင်းဒဏ် အလူးအလဲခံလိုက်ရတဲ့ ပြည်သူတွေရဲ့ဘဝကို စာနာထောက်ထားငဲ့ညှာခြင်း အလျဉ်းမရှိ ဘဲ (နအဖ)စစ်အုပ်စုက ခြေမြန်လက်မြန် အတည်ပြုခဲ့တဲ့ “၂၀၀၈ အခြေခံဥပဒေ”ကို ဒီချုပ်ပါတီ အပါအဝင် နိုင်ငံရေး ပါတီအချို့ လူပုဂ္ဂိုလ်အချို့က အကောင်းမြင်လွန်းသောစိတ်နဲ့ ပြုလို့ပြင်လို့ရလိမ့်မယ်လို့ ထင်မှတ်ခဲ့ကြပါတယ်။ ထင် မှတ်ယုံတင်မက လက်တွေ့အရလည်း “၂၀၀၈ အခြေခံဥပဒေဘောင်” ထဲဝင်ပြီး ပြုပြင်ဖို့ စစ်အုပ်စုက ခွင့်ပြုပေးထားတဲ့ “ပေးထားချက်” ဆိုတဲ့ “ဘောင်”ထဲကနေ ကြိုးစားကြည့်ခဲ့ကြပါတယ်။

အဲဒီထင်မှတ်မှားမှုနဲ့ စစ်အုပ်စုကပေးထားတဲ့ ဘောင်ထဲ၊ ပေးထားချက်ထဲကနေ ကြိုးစားပမ်းစားပြင်ဆင်မှုကို (၁-၂-၂၀၂၁)ရက်နေ့မှာ “မဲမသမာမှု” ဆိုတဲ့ လုပ်ကြံစွပ်စွဲအကြောင်းပြချက်နဲ့ (စကစ)စစ်အုပ်စုက အာဏာသိမ်းပိုက်ပြီး ဒင်းတို့ရဲ့ ဘီလူးရုပ်ကို အထင်အရှားပြသခဲ့ပြီးပြီ မဟုတ်ပါလော။

“စစ်အုပ်စု” ဆိုတာ အပေါ်ယံအသွင်အပြင်အရ သဏ္ဌာန်မျိုးစုံ ယူထားနိုင်ပါတယ်။ သို့သော်လည်း သူတို့မှာ ဘယ်လိုမှ ကြာကြာဖုံးကွယ်ထားလို့မရတဲ့ အချက် ၂ခု ရှိပါတယ်။ အဲဒီ ၂ခုကတော့ “လိမ်ညာလှည့်စားမှုနဲ့ အကြမ်းဖက် ဖိနှိပ်မှု”ပါပဲ။ ဒီ ၂ခုကို စစ်အုပ်စုက သူတို့ကြုံတွေ့ရတဲ့ အခြေအနေနဲ့ အနေအထားအပေါ် မူတည်ပြီး တစ်ခုစီ သီးခြားစီ သော်လည်းကောင်း ၂ခုလုံးကို တစ်ပြိုင်နက် တစ်ပေါင်းတည်းသော်လည်းကောင်း၊ တစ်လှည့်စီသော်လည်းကောင်း အသုံးပြုတတ်ပါတယ်။

(၁-၂-၂၀၂၁)ရက်နေ့ အာဏာသိမ်းပိုက်တဲ့နေ့ကစပြီး “အကြမ်းဖက်ဖိနှိပ်မှု”ကို ပင်တိုင်ထားပြီး သူတို့ရင်ဆိုင် နေရတဲ့ အခြေအနေ၊ အကြောင်းကိစ္စတစ်ခုချင်းစီရဲ့ သီးခြားအနေအထားကိုလိုက်ပြီး “လိမ်ညာလှည့်စားမှု”ကို အကွက် ကျကျ လှည့်ပတ်ကျင့်သုံးနေတာကို တိုင်းပြည်အနှံ့အပြားမှာ နေ့စဉ်နဲ့အမျှ မြင်တွေ့ကြားသိနေကြရတယ် မဟုတ်ပါ လား။

“ပြည်သူ့စစ်မှုထမ်းခြင်းမှတဆင့် စစ်ပွဲတွေကိုဟန့်တားနိုင်စွမ်းရှိပြီး ကိုယ့်နိုင်ငံရဲ့ငြိမ်းချမ်းရေးကိုပါ ဖော်ဆောင် ရာရောက်တယ်”ဆိုတဲ့ (စကစ)စစ်အုပ်စုက ပြောဆို မှိုင်းတိုက်လိမ်ညာ နှပ်ကြောင်းပေးနေတာတွေကို ဘယ်သူတွေ ယုံကြည်နေကြပါသေးသလဲ။

(စကစ)စစ်အုပ်စုက ပြောနေပါတယ်။ “ဒေသကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု” တည်ဆောက်မယ်တဲ့။ “လွတ်လပ်ပြီး တရားမျှတဲ့၊ သိက္ခာရှိတဲ့ ရွေးကောက်ပွဲ ကျင်းပပေးမယ်”တဲ့ ဒီစကားတွေ ဘယ်သူတွေက ယုံကြည်နေ ကြပါသေးသလဲ။

အဖိနှိပ်ခံပြည်သူတွေဘက် အစဉ်တစိုက် ရပ်တည်ပြီး တော်လှန်တိုက်ပွဲဝင်နေတဲ့ ပါတီအဖွဲ့အစည်းတွေ၊ ပြည် သူတွေက လေးစားကြည်ညိုတဲ့ ပုဂ္ဂိုလ်တွေပါဝင်တဲ့ ပြည်သူတွေရဲ့ မဲဆန္ဒနဲ့ တိုက်ရိုက်မဲပေးရွေးချယ်ထားတဲ့ အစိုးရ ခေါင်းဆောင်တွေ စသဖြင့် နိုင်ငံရေးပါတီ အဖွဲ့အစည်းအသီးသီး တိုင်းချစ်ပြည်ချစ်ပုဂ္ဂိုလ် အသီးသီးပါဝင်တဲ့ အမျိုးသား ညီညွတ်ရေးတပ်ပေါင်းစုမျိုးကသာ “ပြည်ပကျူးကျော်စော်ကားမှုကိုဖြစ်စေ၊ သဘာဝဘေးအန္တရာယ်ကိုဖြစ်စေ” တိုင်း ပြည်နဲ့လူထုက တညီတညွတ်တည်း၊ တစိတ်တည်းတဝမ်းတည်း ရင်ဆိုင်ကျော်ဖြတ်နိုင်တာပါ။

အခုတော့ လူမျိုးပေါင်းစုပြည်သူများကို (၁၉၆၂ခုနှစ်ကစပြီး ရေတွက်ကြည့်ရင်ပဲ) နှစ်ပေါင်း ၆၀ကျော်ကြာ ရန်သူသဖွယ် သတ်ဖြတ်ဖိနှိပ် အကြမ်းဖက်ခဲ့တဲ့၊ အကြမ်းဖက်နေတဲ့ အကြိမ်ကြိမ် လိမ်ညာလှည့်စားနေတဲ့ စစ်အုပ်စုက ပြည်သူတွေကို ဘယ်လိုရှေ့ဆောင်နိုင်မှာလဲ၊ ဘယ်လိုမှ ရှေ့ဆောင်နိုင်မှာမဟုတ်သလို ရှေ့ဆောင်နိုင်စွမ်းလည်း မရှိပါ ဘူး။ ပြည်သူတွေကို ဖိနှိပ် ညှင်းပမ်း သတ်ဖြတ်နေတဲ့ စစ်အုပ်စုကို ဘယ်လိုစိတ်ဓာတ်နဲ့ ယုံကြည်ကြမှာလဲ။

အခုလည်း ကျနော်တို့တိုင်းပြည်ကို အရှေ့/အနောက်၊ ဝဲ/ယာ ဘယ်လိုပြည်ပတိုင်းပြည်မျိုးကမှ ကျူးကျော်နေ တာ မရှိပါဘူး။ ပြည်ပရန်စွယ်ကို ခုခံကာကွယ်ဖို့ဆိုရင် ပြည်သူတွေလေးစားတဲ့၊ ပြည်သူတွေထောက်ခံတဲ့ တိုင်းချစ် ပြည်ချစ် နိုင်ငံရေးပါတီ အဖွဲ့အစည်းပေါင်းစုံ ပါဝင်တဲ့ “အမျိုးသားညီညွတ်ရေးတပ်ဦး”မျိုးကသာ ဦးဆောင်နိုင်မှာဖြစ်ပါ တယ်။ အဲဒါမှလည်း သဘာဝလည်းကျပြီး ကျရောက်လာမယ့် ရန်စွယ်အန္တရာယ်ကို အမှန်တကယ် တိုက်ထုတ်နိုင်မှာ ဖြစ်ပါတယ်။

အခုတော့ စစ်အုပ်စုက ဒင်းတို့ရဲ့ အာဏာနဲ့အုပ်စိုးမှုကို ကြီးကြီးမားမား၊ ကျယ်ကျယ်ပြန့်ပြန့်၊ ပြင်းပြင်းထန်ထန် ထိခိုက်လာလို့ ပြည်သူတွေကို စစ်ထဲ အဓမ္မဆွဲသွင်းဖို့ ကြံစည်တာပဲဖြစ်ပါတယ်။ တနည်းအားဖြင့် ပြည်သူတွေအချင်း ချင်းကို ရန်တိုက်သတ်ဖြတ်ဖို့ လုပ်ဆောင်လာတာပါ။ ပြည်သူတွေကို ဓားစာခံသဖွယ်၊ ဒိုင်းသဖွယ်၊ မိုင်းရှင်းကိရိယာများ သဖွယ် အသုံးချဖို့ မိုက်မိုက်ကန်းကန်း လုပ်ဆောင်လာဖို့ပဲ ဖြစ်ပါတယ်။

အပေါ်ယံအခက်အလက်သဖွယ်မျှသာဖြစ်တဲ့ “ပြည်သူ့စစ်မှုထမ်းဥပဒေ”ကို သီးခြားကွက်ပြီး ဆန့်ကျင်တိုက် ဖျက်လို့ ဘယ်လိုမှ အကျိုးမထူးနိုင်ပါဘူး။ တိုက်ဖျက်လို့လည်း မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဒီ “ပြည်သူ့စစ်မှုထမ်းဥပဒေ” ဆိုတဲ့ အဓမ္မစစ်သားဆွဲမယ့် ပေါ်တာဥပဒေကိုသာမက အကြမ်းဖက်ဖိနှိပ်မှုနဲ့ လိမ်ညာလှည့်စားအုပ်စိုးမှုတို့ရဲ့ ပင်မအ ကြောင်းတရားနဲ့ အရင်းခံဇစ်မြစ်ဖြစ်တဲ့ “စစ် ၃စစ်”ကို အကုန်အစင် တိုက်ဖျက်သွားကြဖို့ အဖိနှိပ်ခံပြည်သူများကို အလေးအနက် တိုက်တွန်း ပန်ကြားအပ်ပါတယ်။